ဆက်လက်စောင့်ကြည့်သွားရမည့် ရွေးကောက်ပွဲအနေအထား

ဆက်လက်စောင့်ကြည့်သွားရမည့် ရွေးကောက်ပွဲအနေအထား
Published 20 October 2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲမကျင်းပနိုင်သည့် နေရာများကို ကြေညာရာတွင် ပြည်ထောင်စုအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့၏ တင်ပြချက်များနှင့် သဘောထားမှတ်ချက်များအပေါ် သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က နေပြည်တော်တွင် အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၂ နာရီက စတင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲ ကျင်းပမှုအပေါ် အန္တရာယ်ဖြစ်စေနိုင်ခြင်းနှင့် ဘေးကင်းလုံခြုံမှုမရှိခြင်းဟူသည့် အချက်များအပေါ် အခြေခံကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ထားခဲ့သည့် နေရာများ၌သာ ရွေးကောက်ပွဲကျင်းပရန် အဓိကထား စီစဉ်သည်ဟူသော ပြောဆိုချက်များမှာ စွပ်စွဲချက်များသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များထဲတွင် ပါဝင်နေပြီး တိုက်ပွဲမရှိသည့် ရခိုင်ပြည်နယ်မှ အချို့မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့်အပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ပလက်ဝမြို့နယ်၌ ရွေးကောက်ပွဲကျင်းပရန် ကိစ္စနှင့်ပတ်သက်၍ ထပ်မံကြေညာရန် ရှိကြောင်း ဦးမြင့်နိုင်က ပြောကြားခဲ့သည်။ အမ်းမြို့နယ်နှင့်ပတ်သက်၍ ကြေညာထားမှုကိုလည်း ပြန်လည်သုံးသပ်ရန် ရှိသည်ဟု ၎င်းက ဆိုသည်။ ရွေးကောက်ပွဲ မကျင်းပနိုင်ဟု ကော်မရှင်က ကြေညာထားသည့် နေရာများတွင် နိုဝင်ဘာလ ၈ ရက်မတိုင်မီ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ပြန်ရှိလာမည်ဆိုပါက ကျင်းပမည့်စာရင်း၌ ပြန်လည်ထည့်သွင်းပေးသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်နှင့် ရှမ်းပြည်နယ်တွင်  မြို့နယ်လုံးကျွတ် ၁၅ မြို့နယ်နှင့် ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့မှ ရပ်ကွက် ကျေးရွာအုပ်စု ၅၀၀ ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲများသည် ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်၏ စမှတ်ဖြစ်ပြီး ရွေးကောက်ပွဲများမှတစ်ဆင့် ခိုင်မာသောဒီမိုကရေစီသို့ ရွေ့လျားကူးပြောင်းကြရမည်ဟု ဆိုကြသည်။ သို့သော် ရွေးကောက်ပွဲများကို လေ့လာကြည့်မည်ဆိုပါကလည်း လွတ်လပ်၍ တရားမျှတပြီး ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်သော ရွေးကောက်ပွဲများ ရှိသကဲ့သို့ အာဏာရှင်စနစ် တရားဝင်ဖြစ်ရေးအတွက် ကျင်းပသော ဟန်ပြရွေးကောက်ပွဲများ၊ မသမာမှုများနှင့် ပြည့်နှက်နေသော ရွေးကောက်ပွဲများလည်း အများအပြားရှိသည်ကို တွေ့နိုင်သည်။ အထူးသဖြင့် ဒီမိုကရေစီကူးပြောင်းစနိုင်ငံများတွင် ပို၍ အတွေ့ရများသည်။ ထို့ကြောင့် ရွေးကောက်ပွဲများ ရှိရုံဖြင့် ဒီမိုကရေစီစနစ် ထွန်းကားပြီဟု မဆိုနိုင်သေးဘဲ ရွေးကောက်ပွဲများကို ဒီမိုကရေစီ စံချိန်စံညွှန်းများဖြင့် တိုင်းတာ၍ အကဲဖြတ်ကြရခြင်းဖြစ်ပြီး ယင်းစံနှုန်းများကို အနီးစပ်ဆုံးပြည့်မီပြီး ရွေးကောက်ပွဲရလဒ်များကို သက်ဆိုင်ရာ အင်အားစုအားလုံးက အမှန်တကယ် လက်ခံလိုက်နာကျင့်သုံးမှသာ ဒီမိုကရေစီသို့ ကူးပြောင်းသွားနေပြီဟု ဆိုနိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့်လများအတွင်း ကမ္ဘာ့နိုင်ငံအများအပြား COVID-19 ရောဂါကြောင့် ပြဿနာများနှင့် ရုန်းကန်ခဲ့ကြရပြီး နိုင်ငံအချို့မှာမူ ယင်းရောဂါကို အကြောင်းပြု၍ နိုင်ငံရေးအခွင့်ကောင်းများ ရယူခဲ့ကြသည်။ ဥပမာအားဖြင့် ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် စင်ကာပူနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲမတိုင်မီ လူစုလူဝေးဖြင့် မဲဆွယ်ခြင်းကို အစိုးရက တားမြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးပါတီများသည် အင်တာနက်မှတစ်ဆင့်သာ မဲဆွယ်စည်းရုံးခဲ့ကြရပြီး အိမ်တိုင်ရာရောက် မဲဆွယ်မှုများကိုလည်း အကန့်အသတ်များစွာဖြင့် ဆောင်ရွက်ခဲ့ကြရသည်။ အာဏာရပါတီက COVID-19 ကန့်သတ်ချက်စည်းမျဉ်းများကို အသုံးချပြီး ၎င်းတို့၏ ရွေးကောက်ပွဲ အောင်နိုင်ရေးကို ထိခိုက်အောင် ပြုလုပ်ခဲ့သည်ဟု အတိုက်အခံပါတီက စွပ်စွဲခဲ့သည်။ မာလာဝီနိုင်ငံတွင်လည်း COVID-19 ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုပြီး ဇွန်လအတွင်း ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ရွေးကောက်ပွဲအကြိုကာလတွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ရုံမက အတိုက်အခံပါတီက အနိုင်ရသွားသောအခါတွင်လည်း လူစုလူ​ဝေးဖြင့် အောင်ပွဲခံခဲ့ကြသည်။ အီသီယိုးပီးယားနိုင်ငံတွင်မူ ယခုနှစ် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကို COVID-19 အကြောင်းပြ၍ ဝန်ကြီးချုပ် အဘီအာမက်က ရွှေ့ဆိုင်းခဲ့ရာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် ပေးထားသည့် ကတိကဝတ်ကို ဖောက်ဖျက်သည်ဟု ဝေဖန်ခံရသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ရောဂါဖြစ်ပွားနေချိန်၌ မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 အောက်တိုဘာ ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent