ခရိုအေးရှားနဲ့တွေ့ဆုံတိုင်း ရလဒ်ကောင်းယူခဲ့တဲ့ ပြင်သစ်

ခရိုအေးရှားနဲ့တွေ့ဆုံတိုင်း ရလဒ်ကောင်းယူခဲ့တဲ့ ပြင်သစ်
Published 15 October 2020

ခရိုအေးရှား ၁-၂ ပြင်သစ်

ပြင်သစ်အသင်းက ခရိုအေးရှားကို ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် နောက်ဆုံး(၃)ပွဲဆက် အနိုင်ကစားခဲ့တာပါ။ ပြင်သစ်နည်းပြ ဒေးရွှမ့်က ပေါ်တူဂီနဲ့ပွဲ Line-up ကို (၆)နေရာလောက် အပြောင်းအလဲလုပ်ခဲ့တာပါ။ ကွင်းလယ်မှာ ကွန်တေက ဒဏ်ရာပြဿနာရှိပေမယ့် ပေါ့ဘာ၊ ကာမာဗင်ဂါတို့ကို မသုံးဘဲ ရာဘီယူကို တိုလစ်ဆို၊ အန် ဇွန်ဇီနဲ့ တွဲပေးခဲ့တာဖြစ်တယ်။ အံ့အားသင့်စရာကောင်းတာက ညာနောက်ခံနေရာမှာ ပါဗာ၊ ဇူးမားတို့ကစားနိုင်ပေမယ့် ရီးယဲလ်နောက်ခံလူ ဖာလန်းမန်ဒီကို ပွဲထွက်စေခဲ့တာပါ။ ဒါပေမဲ့ မန်ဒီက ညာခြမ်းမှာ သိပ်ပြဿနာမရှိဘဲ အံ့ဝင်ခွင်ကျကစား နိုင်ခဲ့တာတွေ့ရတယ်။ 

ပွဲအစပိုင်းမှာ ပြင်သစ်တိုက်စစ်ပိုင်းက ဘာပေ၊ မာစီယဲလ်တို့ရဲ့တိုးအားကြောင့် အလုပ်ဖြစ်ခဲ့ပြီး အဖွင့်ဂိုးကို စောစောစီးစီးပဲ ရခဲ့ပါ တယ်။ (၈)မိနစ်မှာ မန်ဒီ ညာခြမ်းက ဖြတ်တင်ပေးတာကနေ ခရိုအေးရှားနောက်ခံလူရဲ့ တားဆီးမှုဟာ ဂရီးဇ်မန်းရှေ့ ဘောလုံးရောက်သွားခဲ့ပြီး သူ့ရဲ့ အပြင်းကန်ချက်က ခရိုအေးရှားဂိုးသမားအတွက် ကာကွယ်ချိန်တောင် မရလိုက်ပါဘူး။ မိနစ်ပိုင်းအကြာမှာ မာစီယဲလ် ဖန်တီးပေးတဲ့ဘောလုံးကို ဘာပေ အပိုင်ကန်ခွင့်ရပေမယ့် ဂိုးဘေးကပ်ထွက်သွားရလို့ သေချာပေါက်ဂိုးတစ်ဂိုး ဆုံးရှုံးခဲ့ရတယ်။ ပြင်သစ်ကွင်းလယ်မှာ အရည်အသွေးမြင့် Holding Midfielder မပါဝင်တာက အချိန်ကြာလာတာနဲ့ အမျှ အဓိကစကားပြောခဲ့တယ်။ ခရိုအေးရှားက မိုဒရစ်ရဲ့ဦးဆောင်မှုနဲ့အတူ လုပ်ရဲကိုင်ရဲပိုရှိလာခဲ့ပြီး အပြန်အလှန်ဖိအားပေးမှုတွေ လုပ်ဆောင်လာနိုင်ခဲ့တယ်။ 

ဒါပေမဲ့ ခရိုအေးရှားရဲ့ချေပဂိုးကတော့ ဒုတိယပိုင်းမှရရှိခဲ့ပြီး မိုဒရစ်နဲ့ ဘရေကာလိုတို့ရဲ့ပေါင်းစပ်ဖန်တီးမှုကနေ ဗလာဆစ်က (၆၄) မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်တယ်။ ဒေးရွှမ့်က ချေပဂိုးပေးလိုက်ရတော့မှ ပေါ့ဘာကို ထပ်ထည့်ပြီး ကွင်းလယ်ကို ပြင်ဆင်ခဲ့ပါတယ်။ ပြင်သစ်ရဲ့ အနိုင်ဂိုးကတော့ ပေါ့ဘာဆီကလာတဲ့ ဘောလုံးကို ဒစ်ဂ်နေးက ဂိုးရှေ့ဖြတ်ထိုးပေးခဲ့ပြီး ဘာပေက (၇၉)မိနစ်မှာ ပိတ်သွင်းယူခဲ့ပါတယ်။ ဘာပေအဖို့ ပြင်သစ်အသင်းအတွက်ကစားတဲ့ နိုင်ငံတကာပွဲ (၃၈)ပွဲမှာ (၁၆)ဂိုးမြောက်သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။ လူစားဝင်လာတဲ့ ခရိုအေးရှားတိုက်စစ်မှူး ခရမ်မာရစ် နာကျင်အချိန်ပိုမှာ အပိုင်ကန်ခွင့်ရခဲ့ပေမဲ့ ဂိုးသမားတည့်တည့်ကန်မိခဲ့လို့ ပြင်သစ်အသင်း ကံကောင်းခဲ့ရပါတယ်။ ပြင်သစ်အသင်းအနေနဲ့ Optaက အချက်အလက်စတင်ပြုစုတဲ့ ၂၀၀၆ ခုနှစ်ကတည်းက ဂိုးကန်သွင်းခွင့်(၅)ကြိမ်နဲ့ အောက်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့ပါတယ်။

Most Read

Most Recent