ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် အကြောက်တရား . . .

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် အကြောက်တရား . . .
Published 15 October 2020

ဒီမိုကရေစီအစိုးရဟုဆိုလျှင် ယင်းအစိုးရ၏ လက်အောက်၌ ပြည်သူများသည် အကြောက်တရားမရှိဘဲ နေနိုင်ကြသည်။ အကြောက်တရားကင်းခြင်းသည် အစိုးရအပေါ် တိုက်ခိုက်ဆန့်ကျင်၍ရသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အစိုးရအနေဖြင့် ဒီမိုကရေစီကျင့်စဉ်အတိုင်း စီမံလုပ်ဆောင်ခြင်းကြောင့် ပြည်သူများ ပေါ့ပါးလွတ်လပ်စွာ ရှင်သန်ရပ်တည်နေနိုင်ကြခြင်းကို ဆိုလိုခြင်းလည်းဖြစ်သည်။ တစ်နည်းအားဖြင့် တရားမျှတသောဥပဒေ၏ အောက်တွင် လုံလုံခြုံခြုံရှိနေနိုင်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရအာဏာပိုင်တို့အနေဖြင့် မိမိတို့လက်ထက်တွင် ပြည်သူများ အကြောက်တရားကင်းကင်း ရှိနေပါသည်ဟုဆိုလျှင် ပါးစပ်ပြောဖြင့် ပြော၍မရဘဲ လုပ်ရပ်များ စီမံအုပ်ချုပ်ပုံကောင်းဖြင့်သာ သက်သေပြနိုင်ရမည်ဖြစ်သည်။

ကောင်းမွန်စွာ ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ အကောင်းဆုံးသော ဖြေရှင်းဆောင်ရွက်ပုံ နည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းတို့သည် ပြည်သူတို့ သဘောကျနှစ်ခြိုက်သော အစိုးရတစ်ရပ်၏ လုပ်ဆောင်ပုံများပင်ဖြစ်သည်။ နိုင်ငံသားတို့အတွက် ကောင်းကျိုးရှိသော စီမံကိန်းများကိုသာ အကောင်အထည်ဖော်၍ မိမိတို့ချမှတ်ခဲ့သော လမ်းစဉ်များ၊ စီမံကိန်းများနှင့် ဆောင်ရွက်ချက်တို့အပေါ် တာဝန်ယူနိုင်သော အစိုးရတစ်ရပ်သည် နိုင်ငံသားများအတွက် ကောင်းမွန်သော သမိုင်းတစ်ခုကို ဖန်တီးပုံဖော်ပေးနိုင်ပေသည်။ အစိုးရတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှု၊ ထိရောက်မှု၊ တာဝန်ခံမှု၊ တာဝန်ယူနိုင်မှု လိုလိုလားလားတု့ံပြန်တတ်မှုနှင့် တရားဝင်မှုစသည့် ၀ိသေသများရှိသင့်ပြီး တရားဥပဒေနှင့်အညီ အုပ်ချုပ်ကာ နိုင်ငံသားများအားလုံးအပေါ် တစ်ပြေးညီထားရှိသည့် ဥပဒေများဖြင့် ကျင့်သုံးဆောင်ရွက်တတ်ရန် အရေးကြီးပေသည်။ သို့မှသာ ယင်းအစိုးရ လက်ထက်၌ ပြည်သူများ အကြောက်တရားကင်းကင်းဖြင့် နေနိုင်သည်ဟု ဆိုထိုက်ပေလိမ့်မည်။ ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ် ဖြစ်လာသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်းရှိခြင်းပင် ဖြစ်သည်။ မိမိ ယူထားရသည့် တာဝန်သည် စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်းဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း လုပ်ငန်းစဉ်များကို အချိန်မီလုပ်ဆောင်နိုင်ခြင်း ရှိ မရှိ အစရှိသည်တို့က အရေးကြီးသည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားဆိုင်ရာ ရှင်းလင်းသော သတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်းဆောင်ရွက်ရန် ရရှိနိုင်သော ဘတ်ဂျက်တို့ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်း တာဝန်များနှင့်ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်ရန်လည်း အရေးကြီးသည်။

ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက်မှန်သမျှသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက်မှားယွင်းခဲ့ပါက ချက်ချင်းပြန်လည်ပြင်ဆင်ရမည်မှာလည်း အစိုးရ၏ တာဝန်ဖြစ်သည်။ မည်သူမျှ တရားဥပဒေ၏ အထက်၌မရှိဘဲ အစိုးရအဖွဲ့ဝင်များအပါအဝင် နိုင်ငံသားအားလုံး ဥပဒေများကို လိုက်နာကြရသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရသည်။

သာမန်ပြည်သူတစ်ဦးအနေဖြင့် အစိုးရထံ ချဉ်းကပ်ကာ သူ၏ မကျေနပ်ချက်များကို တင်ပြနိုင်ပြီး အစိုးရက လိုအပ်သည့် တုံ့ပြန်မှုပြုလုပ်ပေးရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ဖြစ်စေ၊ အာဏာရှင်စနစ်ဖြစ်စေ အစိုးရအဖွဲ့များ၌ အကြီးမားဆုံးပြဿနာတစ်ရပ်ရှိသည်။ ယင်းမှာ အဂတိလိုက်စားမှုဖြစ်သည်။ ပြည်သူများက ၎င်းတို့ကို ကိုယ်စားပြုမည့်သူများအား ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်လိုက်ကြသော်လည်း ၎င်းတို့က ရွေးချယ်လိုက်သူများသည် ပြည်သူများ၏ ကောင်းကျိုးချမ်းသာအစား ပြည်သူ့အာဏာကို အလွဲသုံးစားပြု၍ မိမိတို့၏ ကိုယ်ကျိုးကိုသာ လုပ်ဆောင်ကြသောအခါ ဒီမိုကရေစီစနစ်များ ကျဆုံးရလေ့ရှိသည့် သာဓကများစွာရှိသည်။

မည်သည့်အစိုးရမျိုးမဆို ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုရမည်ဖြစ်ကာ မိမိတို့ တာဝန်ရယူထားစဉ်အတွင်း ပြည်သူများ အကြောက်တရားမှ ကင်းဝေးပါသည်ဆိုလျှင် အထက်ပါကိစ္စရပ်များအပေါ် မဖောက်မပြန်ကျင့်ကြံအားထုတ်လုပ်ဆောင်နိုင်ဖို့ လိုပါလိမ့်မည်။ သို့မဟုတ်ပါက ပြောသောစကားပေးသော ကတိများသည် အလိမ်အညာ မုသားစကားမျှသာ ဖြစ်​စေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

■ အောက်တိုဘာ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent