စံချိန်တင်သေဆုံးမှုများနှင့် မြန်မာနိုင်ငံ၏ COVID-19 လက်ရှိအနေအထား

စံချိန်တင်သေဆုံးမှုများနှင့် မြန်မာနိုင်ငံ၏ COVID-19 လက်ရှိအနေအထား
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ Quarantine ဝင်ရမည့်သူများအား တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက အောက်တိုဘာ ၃ ရက်တွင် သွားရောက်ခေါ်ဆောင်စဉ် (ဓာတ်ပုံ- သီဟအောင်)
ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ Quarantine ဝင်ရမည့်သူများအား တာဝန်ရှိသူများနှင့် လူမှုရေးအဖွဲ့အစည်းများက အောက်တိုဘာ ၃ ရက်တွင် သွားရောက်ခေါ်ဆောင်စဉ် (ဓာတ်ပုံ- သီဟအောင်)
Published 4 October 2020
အိသဥ္ဇာကျော်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာ ၃ ရက် ညပိုင်းထုတ်ပြန်ချက်တွင် COVID-19 ပိုးတွေ့လူနာသစ် ၉၇၈ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၁၈ ဦးရှိသည်ဟု ဖော်ပြထားသည်။

အောက်တိုဘာ ၁ ရက်မှစ၍ ဝန်ကြီးဌာနက Rapid Antigen Diagnostic Test Kit များဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူ့ဆေးရုံကြီးများတွင် COVID-19 ဓာတ်ခွဲနမူနာများကို တိုးမြှင့်စစ်ဆေးခဲ့ရာ အောက်တိုဘာ ၂ ရက် တစ်ရက်အတွင်း ဓာတ်ခွဲနမူနာ ၆၈၀၀ ကျော်အထိ စစ်ဆေးမှုပမာဏကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပမာဏတိုးမြှင့်လာမှုနှင့်အတူ ပိုးတွေ့လူနာအရေအတွက်မှာလည်း နေ့အလိုက် များပြားလာပြီး အောက်တိုဘာ ၂ ရက်က တစ်ရက်အတွင်း ပိုးတွေ့လူနာ ၁၁၄၂ ဦးတွေ့ရှိခဲ့ရာ  လူနာအများစုမှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် အောက်တိုဘာ ၂ ရက်အထိ ဓာတ်ခွဲစစ်ဆေးပြီးသူ သုံးသိန်းကျော်ရှိပြီး စောင့်ကြည့်လူနာ ၁၅၅၀၀ ကျော်ရှိနေသည်။ ပိုးတွေ့လူနာများအနက် ပြန်လည်သက်သာကောင်းမွန်သူ ၄၃၇၈ ဦးရှိပြီး သေဆုံးသူ ၃၅၃ ဦးအထိ ရှိလာပြီဖြစ်သည်။

“ အခုရန်ကုန်ရဲ့ Home Stay အစီအမံတွေကိုလည်း ကြပ်ကြပ်မတ်မတ်လုပ်မယ်ဆိုရင် နောက်ဆုံးတိုက်ပွဲကို အနိုင်တိုက်လိုက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လူအင်အား အလုံးအရင်းနဲ့ ပြင်ဆင်ထားပါတယ်။  ဒါတွေက နောက်ဆုံးအင်နဲ့အားနဲ့ အစွမ်းကုန် ဒါကိုဖြည့်ဆည်းပြီးတော့ Containment တိုက်ပွဲကို ကျွန်တော်တို့ တိုက်ဖို့အတွက် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ လိုအပ်တဲ့ လူအင်အားကိုလည်းပဲ ကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့လူအင်အား အစွမ်းကုန် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှာ ရှိတာရော သက်ဆိုင်ရာ ဆရာဝန်အသင်း၊ သူနာပြုအသင်း၊ HA အသင်း ဒါတွေအကုန်လုံးပေါင်းပြီးတော့ အခုချိန်မှာ ထည့်ဖို့ပြင်နေတာပါ။ ဆေးဝါးပစ္စည်း၊ နေရာထိုင်ခင်း၊ လူအင်အားကအစ ပြင်ဆင်နေတာပါ။ ဒါကို အခု သုံး၊ လေး၊ ငါးရက်မှာ အစွမ်းကုန် ခုခံကာကွယ် တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပါ။ တစ်ပြိုင်နက်တည်းမှာပဲ Community Base Facility Quarantine တွေကိုလည်း တစ်ပြိုင်နက်တည်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီတိုက်ပွဲ ဒီအချိန်ဟာ ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဒီကာလဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံး ကာလတစ်ခု ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပါမောက္ခဒေါက်တာ ဇော်ဝေစိုးက စက်တင်ဘာ ၂၈ ရက်က ပြောကြားထားသည်။

COVID-19 ရှိ မရှိ အမြန်စစ်ဆေးနိုင်သည့် Antigen Test Kit များကို ကနဦးအနေဖြင့် ပြည်သူ့ဆေးရုံကြီး ကိုးရုံတွင် စတင်စစ်ဆေးနေပြီး ၎င်းတို့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ အရှေ့ပိုင်းဆေးရုံကြီး၊ လှိုင်သာယာဆေးရုံကြီးနှင့် သန်လျင်ဆေးရုံကြီးတို့တွင် စစ်ဆေးပေးလျက်ရှိသည်။ ထပ်မံ၍ ဒုတိယအဆင့်အနေဖြင့် အခြားပြည်သူ့ဆေးရုံများတွင်လည်း စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လတ်တလော စစ်ဆေးမှုများတွင် အနံ့မရသူများကိုလည်း ထည့်သွင်းစစ်ဆေးနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်၏ ပြောကြားချက်အရ လက်ရှိ Test Kit များဖြင့် ဦးစားပေးစစ်ဆေးနေသူများမှာ ကျန်းမာရေးဝန်ထမ်းများ၊ COVID-19 သံသယလူနာများ၊ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်သူများ၊ အရေးပေါ်သားဖွားမည့်သူများ၊ Primary Contact များကို စစ်ဆေးနေသည်ဟု ဆိုသည်။

COVID-19 ကြောင့် သေဆုံးနှုန်း ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး သေဆုံးလူနာများအနက် ဆေးရုံသို့ သေဆုံးပြီးမှ ရောက်လာသူများလည်း ပါဝင်လာသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သောအချက်အလက်များအရ သိရသည်။ 

စက်တင်ဘာ ၆ ရက်အထိ COVID-19 ကြောင့် သေဆုံးသူ ရှစ်ဦးသာ ရှိခဲ့သော်လည်း ၂၇ ရက် တာကာလအတွင်း ယခုလို မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၆ ရက်တွင်သေဆုံးသူ ရှစ်ဦးရှိခဲ့ရာမှ အောက်တိုဘာ ၂ ရက် ညပိုင်းအထိ ထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅၃ ဦးရှိလာသဖြင့် ၂၇ ရက်အတွင်း သေဆုံးသူပေါင်း ၃၄၅ ဦး ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၂ ရက် ညပိုင်းအထိ သေဆုံးသူ စုစုပေါင်း ၃၅၃ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့်ဆိုပါက ၂ ဒသမ ၃ ရာခိုင်နှုန်းရှိသည်။ သြဂုတ် ၁၆ ရက်နောက်ပိုင်း COVID-19 ပိုးတွေ့လူနာများမှာ ပြည်တွင်း၌ ကူးစက်သူများဖြစ်ပြီး သြဂုတ်လတွင် ပိုးတွေ့ရှိသူဦးရေ ၁၀၀ အောက်သာ တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၆ ရက်မှစ၍ ပိုးတွေ့လူနာ နေ့စဉ် ရာနှင့်ချီမြင့်တက်လာခြင်း ဖြစ်သည်။ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်လာမှုနှင့်အတူ ပိုးတွေ့လူနာဦးရေမှာလည်း တစ်ရက်ပျမ်းမျှ ၁၀၀၀ ကျော်အထိ တွေ့ရှိ လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နေ့စဉ်ထုတ်ပြန်သော ပိုးတွေ့ရှိနှုန်း ကိန်းဂဏန်းများအရ သိရသည်။

စက်တင်ဘာ ၆ ရက်မှ အောက်တိုဘာ ၂ ရက် ညပိုင်းအထိ ၂၇ ရက်အတွင်း လူနာ ၃၄၀ ကျော်သေဆုံးခဲ့ပြီး ICu ၌ ကုသခံနေရသည့် လူနာများလည်း နေ့အလိုက် တိုးလာရာ COVID-19 ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲသွား၍ ရောဂါပြင်းထန်မှုအား ယခင်ထက် ပိုပြင်းကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသစ်ထပ်မံဖွဲ့စည်းထားသော နည်းပညာကူညီပံ့ပိုးအား ဖြည့်ပေးရေးအဖွဲ့ဝင်၊ ဆေးပညာဌာန (ငြိမ်း) မှ ဂုဏ်ထူးဆောင် ပါမောက္ခ၊ ပါမောက္ခဒေါက်တာညွန့်သိန်းက အတည်ပြုပြောကြားထားသည်။

“ မျိုးကွဲတာစပေါ်ကတည်းက ဒီမေးခွန်းနဲ့ပတ်သက်လို့ ငြင်းကြခုံကြရင်းနဲ့ပဲ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာတွေ တော်တော်များလာပါတယ်။ အခု D614 ကနေ G614 ကို ပြောင်းသွားတယ်။ ကျွန်တော်တို့ဆီမှာလည်း G614 တွေ တွေ့နေပြီ။ ဓာတ်ခွဲစမ်းသပ်မှု သုတေသနတွေ့ရှိချက်အရ G614 ရဲ့ ထူးခြားချက်က အားလုံးသိကြတာ သူသည် ကူးတာသိပ်မြန်တယ်။ ကူးတာမှ တချို့ ၁၀ ဆ၊ အဆ၂၀ ပိုမြန်မယ်။ ဒါ နံပါတ် (၁) သိပ်သေချာတယ်။ နံပါတ် (၂) က နဂို D614 ထက်စာရင် G614 က အသက်ရှူလမ်းကြောင်းမှာ တွယ်ကပ်မှု ပိုပြီးတော့များတယ်။ တွယ်ကပ်မှုများတယ်ဆိုတဲ့ဟာက တော်တော်နဲ့ ပြန်မထွက်တဲ့ သဘောပေါ့။ နောက်နံပါတ် (၃) က ဝင်သွားတဲ့ ပိုးကောင်ရေလည်း ပိုများတယ်” ဟု ပါမောက္ခဒေါက်တာညွန့်သိန်းက ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားစဉ်မှ သြဂုတ်လ ပထမပတ်အထိ သေဆုံးသူ ခြောက်ဦးခန့်သာ ရှိခဲ့ရာမှ ဒုတိယလှိုင်းစတင်သည့် သြဂုတ် ၁၆ ရက်နောက်ပိုင်းတွင်မူ သေဆုံးသူများ အပါအဝင် အထူးကြပ်မတ် ကုသရသူဦးရေမှာလည်း နေ့အလိုက် ဆက်တိုက် တိုးလာခဲ့ခြင်းဖြစ်သည်။

“ ဒါပေမဲ့ G614 ဖြစ်ခါစမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအနှံ့အပြားမှာ လူနာတွေက သိပ်မတက်လာဘူး။ ဘာလို့ မတက်လာလဲဆိုတော့ ပထမလှိုင်းတုန်းကအားလုံးက ဆင်ခြင်ထားတဲ့ အတွက်ကြောင့်မို့ ပြောကြစတမ်းဆို အသက်ကြီးတဲ့သူတွေ ခုနရောဂါအခံရှိတဲ့သူတွေ တော်တော်များများက အိမ်ထဲမှာပဲ နေနေတယ်။ နောက် Mask တပ်တာတို့၊ လက်ဆေးတာတို့၊ Social Distancing တို့ လိုက်နာနေတဲ့ အချိန်မှာဖြစ်တဲ့အတွက်ကြောင့် လူနာက မတက်လာဘူး။ ဒါပေမဲ့ လူတွေက အထင်မှားသွားတယ်။ D614 ကနေ G614 ပြောင်းသွားတဲ့အခါမှာ လူနာကျသွားပြီလို့ ထင်တယ်။ မပြင်းဘူးလို့ထင်တဲ့ ထင်မြင်ချက်။ ပိုးပြင်းတယ်မပြင်းဘူးဆိုတာ ဘယ်သူကမှ မပြောနိုင်သေးဘူး။ အခုတော့ ပြင်းတယ်ဆိုတာ လူတိုင်းသိသွားပြီ။ အဲဒီအချိန်မှာ မပြင်းတာတောင်မှ မပျော့ဘူးဆိုတဲ့ ထင်မြင်ချက်ကို မသိကြတော့ ပျော့သွားပါပြီ ဆိုပြီးတော့ လူတွေက အရမ်းပေါ့သွားကြတယ်။ ဘယ်နိုင်ငံမှာ မဆိုပါ။ ကျွန်တော်တို့ နိုင်ငံအပါအဝင် အားလပ်ရက်လေးရက်မှာ သွားလိုက်ကြတာဆိုတာ အများကြီးပဲ။ နိုင်ငံအနှံ့အပြားမှာ Mask မတပ်ကြတော့ဘူး။ လက်မဆေးကြတော့ဘူး။ ဆိုလိုတာကတော့ D614 ကနေ G614 ပြောင်းသွားတာက ကူးစက်တာများပေမဲ့ ရောဂါက ပျော့တယ်ဆိုတာ အဲဒီအချိန်တုန်းက ဖြေမယ်ဆိုရင်တော့ ပျော့တယ်ဆိုတာ သို့မဟုတ် ပြင်းတယ် ဆိုတာ ဘယ်သူမှ မသေချာသေးပါဘူး။ အခုတော့ပြောလို့ ရပါပြီ။ ပြင်းတယ်လို့ ပြောလို့ရပါပြီ” ဟု ပါမောက္ခဒေါက်တာ ညွန့်သိန်းက ဆက်လက်ပြောကြားသည်။

ယခင်ထက် ကူးစက်နှုန်း ပိုမိုမြန်ဆန်သည့် COVID-19 ဗိုင်းရပ်စ်ပိုးကြောင့် လက်ရှိရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းကို ခက်ခက်ခဲခဲ ထိန်းသိမ်းနေရသည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာလွင်က ပြောကြားထားသည်။

“ သြဂုတ် ၁၆ ရက်ကစပြီး ဒုတိယလှိုင်းအနေနဲ့ လူနာတွေ ပြန်ဖြစ်လာပါတယ်။ ပြန်ဖြစ်လာတဲ့အခါ အခုရန်ကုန်တိုင်းမှာဆိုလည်း တော်တော်လေးအဖြစ်များနေတာ ဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ ဒီနည်းဗျူဟာတွေကိုပဲ ဆက်လက်ထိန်းချုပ်နိုင်ဖို့အတွက် ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ Quarantine စင်တာမှာ ထားပါတယ်။ လက္ခဏာပေါ်လာရင် လူနာတွေကို ဆေးရုံမှာ ထားပြီး စစ်ဆေးပါတယ်။ ဓာတ်ခွဲစစ်ဆေးလို့တွေ့ရှိတယ်ဆိုရင် ဆေးရုံတင်ပြီးတော့မှ လူနာတွေကို ကုသပေးပါတယ်။ ထို့အတူ Contact Tracing လို့ခေါ်တဲ့ ထိတွေ့ထားတဲ့သူတွေကိုလည်း ရှာဖွေပြီးတော့မှ Quarantine စင်တာထဲမှာ ထားပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မတို့ရဲ့ COVID-19 ပိုးဟာ မျိုးရိုးဗီဇပြောင်းလဲမှု ရှိနေတယ်ဆိုတာကို ကျွန်မတို့ ကမ္ဘာ့နိုင်ငံများရဲ့အတွေ့အကြုံအရ သိရှိထားပါတယ်။ D614 ကနေ G614 ကို အသွင်ပြောင်းထားတာဖြစ်တဲ့အတွက် ကူးစက်ပြန့်ပွားနှုန်း ပိုမိုမြန်ဆန်တဲ့ ပိုးဖြစ်ပွားနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ပထမလှိုင်းတုန်းကတော့ ကျွန်မတို့အနေနဲ့ သိပ်ပြီး မသိသာတဲ့ လက္ခဏာတစ်ခုက အခုဆိုရင် အနံ့ပျောက်သွားတယ်။ အရသာပျောက်သွားတယ်ဆိုတဲ့ လက္ခဏာတွေက ပြည်သူလူထုကြားမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာတယ်။ ဒေသတွင်းပျံ့နှံ့မှု ရှိတဲ့အတွက် ပြည်သူတွေမှာလည်း ကူးစက်မှုတွေ မြန်ဆန်နေတယ်။ ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ပိုးကို အခုရင်ဆိုင်နေရတာဖြစ်ပါတယ်” ဟု ဒေါက်တာသန္တာလွင်က ပြောကြားသည်။

Fever Clinic များတွင် ရောဂါလက္ခဏာမပြင်းထန်သော အနံ့ပျောက်လူနာပြသမှု များပြားနေပြီး ၎င်းလူနာများထားရှိနိုင်ရန် COVID ကုသရေးဆေးရုံများအနီးရှိ ကျောင်းနှင် ့တက္ကသိုလ်များကို ပြင်ဆင်ထားရှိပြီး လက်ရှိမြို့နယ်များတွင် ဖွင့်လှစ်ထားသည့် Fever Clinic ဖျားနာကု ဆေးခန်းများတွင် လာရောက်ပြသသူ တစ်ရက်ပျမ်းမျှ လူနာ ၅၀ မှ ၁၅၀ ကြား ရှိနေရာ ရောဂါလက္ခဏာ မပြင်းထန်သော အနံ့ပျောက်လူနာများ၊  စောင့်ကြည့်လူနာ (PUI) များပြားလျက်ရှိသည်ဟု သိရသည်။

COVID-19 လူနာများထားရှိ ကုသပေးမည့် ခုတင် ၅၀၀ ဆံ့ အင်းလျားလိတ် ကိုဗစ်စင်တာကို YCC ခန်းမတွင် တည်ဆောက်ပြီးစီးမှုအား အောက်တိုဘာ ၂ ရက်၌ တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

“ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အိမ်မှာနေပါဆိုတဲ့ မေတ္တာရပ်ခံချက်တွေ၊ Stay at Home အမိန့်တွေချထားသလို ကျွန်မတို့ ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း နှာခေါင်းစည်းတပ်ပါ။ လိုအပ်တဲ့အကာအကွယ်တွေသုံးပါ။ လက်ဆေးပါ။ ခြောက်ပေ အကွာနေပါ။ ဒါတွေ လုပ်မယ်ဆိုရင် ဒီရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခုဒုတိယလှိုင်းမှာ ခက်ခက်ခဲခဲထိန်းသိမ်းနေရတယ်ဆိုပေမဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာဖို့ လိုအပ်ပါတယ်” ဟု ဒေါက်တာသန္တာလွင်က အသိပေးပြောကြားထားသည်။

လက်ရှိ COVID-19 ဒုတိယလှိုင်းတွင် ဆရာဝန်၊ သူနာပြုအစရှိသည့် ကျန်းမာရေး ဝန်ထမ်းများ ရောဂါကူးစက်ခံရမှု ပိုများလာပြီး ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများ၌ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၇၀ နီးပါးရှိနေပြီဖြစ်သည်။

လက်ရှိ COVID-19 ရောဂါ ကူးစက်ခံထားရသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို COVID-19 ကုသရေးဌာန (ဖောင်ကြီး) အပါအဝင် ကုသရေးဌာနအချို့တွင် ထားရှိကုသပေးလျက်ရှိပြီး ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို တစုတစည်းတည်း ထားရှိကုသနိုင်ရန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး (ရန်ကုန်) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နေရာအချို့တွင် ပြင်ဆင်နေရာ ပြီးစီးပါက ယင်းနေရာများတွင် ထားရှိကုသပေးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကူးစက်ခံရမှု အရှိန်မြင့်တက်စဉ်ကလည်း စစ်တွေဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြုများလည်း ပါဝင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်နေသည့် လက်ရှိကာလတွင်လည်း ဆရာဝန်နှင့် သူနာပြုအစရှိသည့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်နေဆဲဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက လက်ရှိလုပ်ဆောင်လျက်ရှိသော COVID-19 ဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကူးစက်ရောဂါဗေဒ အကြံပေးပညာရှင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းက “ မြန်မာနိုင်ငံရဲ့ COVID Management Policy ကတော့ နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ COVID နဲ့ ပတ်သက်ပြီးတော့ နံပါတ် (၁) ကတော့ COVID ရောဂါ ဖြစ်ပွားမှုကို တတ်နိုင်သလောက် အနည်းဆုံးဖြစ်ဖို့နဲ့ ဖြစ်ပွားတဲ့သူတွေမှာလည်း သေဆုံးနှုန်းမရှိအောင် ဆောင်ရွက်တာပါ။ နံပါတ် (၂) ကတော့ COVID ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်တာပါ။ ပြည်တွင်းမှာ ကူးစက်မှုမရှိအောင် နိုင်ငံတွင်းမှာ တခြားနေရာကို ကူးစက်မှုမရှိအောင်ပါ။ နံပါတ် (၃) အချက်ကတော့ COVID ရောဂါကြောင့် နိုင်ငံရဲ့ လူမှုရေးစီးပွားရေးအခြေအနေတွေကို ထိန်းသိမ်းပြီးတော့ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားနိုင်ဖို့ရယ် နောက်နိုင်ငံရဲ့ အဓိက ဝန်ဆောင်မှုလုပ်ငန်းတွေ မရပ်တန့်သွားအောင် ဒီလိုဦးတည်ချက်တွေနဲ့ ရေးဆွဲဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲ့ COVID-19 နဲ့ပတ်သက်ပြီးတော့ COVID Managemant Policy ဖြစ်ပါတယ်။ တခြားနိုင်ငံတွေရဲ့ Policy တွေကို တိုက်ရိုက်ကူးချပြီး ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအားလုံးက ကမ္ဘာ့ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ အခြေခံလိုက်နာရမယ့် ပြဋ္ဌာန်းချက်ရှိပါတယ်။ ဒါကတော့ နိုင်ငံတကာက လိုက်နာကျင့်သုံးရမယ့် ကျန်းမာရေးပြဋ္ဌာန်းချက်တွေပါ။ အဲဒီ ပြဋ္ဌာန်းချက်ကတော့ ဒီလိုကပ်ရောဂါတွေ ဖြစ်လာရင် ဒါကိုနိုင်ငံတိုင်းက ဒီအပေါ်မှာမူတည်ပြီး မူဝါဒတွေ ရေးဆွဲရမယ်။ ပြီးရင် နည်းဗျူဟာတွေကို ချမှတ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဓိက COVID ကပ်ရောဂါနဲ့ ပတ်သက်ပြီး အဓိက ဦးတည်တာကတော့ တစ်ယောက်နဲ့ တစ်ယောက် ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းတွေကို စနစ်တကျ ဆောင်ရွက်ရတာပါ” ဟု ဆိုသည်။

အနံ့ပျောက်လူနာ တစ်နေ့လျှင် ရာနှင့်ချီတွေ့နေရပြီး ထိုလူနာများကို Antigen Test Kit များဖြင့် စစ်ဆေးနေရာ ပြင်းထန်လူနာမဟုတ်သော အနံ့ပျောက်ပိုးတွေ့လူနာများကို ဆေးရုံများ၊ ကုသရေးဌာနများတွင် မထားဘဲ  သက်ဆိုင်ရာမြို့နယ်ရှိ အနံ့မရ လူနာများထားရှိရာစင်တာများတွင်ထားရှိ ကုသပေးနေပြီး ရောဂါလက္ခဏာ ပြင်းထန်သူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ နောက်ခံရောဂါအခံရှိသူများကိုမူ COVID-19 ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီ၊ တောင်ဥက္ကလာပဆေးရုံကြီးအပြင် အသစ်တိုးချဲ့ဖွင့်လှစ်ထားသည့် COVID-19 ကုသရေးဌာနများတွင် ထားရှိကုသပေးလျက်ရှိကြောင်း ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ဆိုသည်။

မကြာသေးမီက ကုသရေးဦးစီးဌာနအနေဖြင့် ဆေးရုံဆင်းလူနာများနှင့် ပတ်သက်သည့်အချက်အလက်များကို ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့ပြီး လတ်တလောအခြေအနေတွင် ရောဂါလက္ခဏာမရှိသော COVID-19 ပိုးတွေ့လူနာများကို ရောဂါပိုးတွေ့ရှိပြီး ဆေးရုံ၌ ၁၁ ရက်ထားရှိကုသပြီးပါက ဆေးရုံ ဆင်းခွင့်ပြုထားသည်ဟု သိရသည်။

“COVID ရောဂါရဲ့ သဘာဝက ရောဂါလက္ခဏာပျိုးတယ်။ ရောဂါရတယ်။ ရောဂါလက္ခဏာပြပေမဲ့လည်း ရောဂါလက္ခဏာ ဆက်လက်ပြင်းထန်တဲ့သူတွေရှိတယ်။ ဆက်လက် မပြင်းထန်တဲ့ သူတွေရှိတယ်။ ပြင်းထန်တဲ့သူတွေကလည်း အသည်းအသန်ကုရတာတွေရှိတယ်။ အသက်ရှူစက်တွေ တပ်ရတာတွေရှိတယ်။ အခန့်မသင့်ရင် ရာခိုင်နှုန်း အနည်းငယ်က သေဆုံးတတ်ပါတယ်။ နောက်ပိုင်း နောက်ပိုင်း တွေ့ရှိချက်တွေအရ ပိုးတွေ့တယ်ဆိုတာက တွေ့ပြီးရင် ၁၀ ရက်နောက်ပိုင်းမှာ ဒီလူနာသည် ပိုးဆက်လက် ရှိကောင်းရှိနေနိုင်ပေမဲ့လည်း သူ့ကိုလည်း အန္တရာယ်မပေးနိုင်တော့ဘူး။ တခြားသူတွေကိုလည်း ဆက်လက်ပြီးတော့ ကူးစက်နိုင်စွမ်းမရှိတော့ဘူးလို့ တွေ့ရှိထားပါတယ်။ ဒါကြောင့်မို့ လူနာကို ရောဂါမရှိတဲ့ လူနာကို ၁၁ ရက်မှာ ပြန်လွှတ်ခြင်းဖြစ်ပါတယ်” ဟု နည်းပညာကူညီပံ့ပိုးအားဖြည့်ပေးရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောပြသည်။

COVID-19 ဓာတ်ခွဲ အတည်ပြုလူနာများအနက် ရောဂါလက္ခဏာရှိသော လူနာများတွင် သာမန် သို့မဟုတ် အသင့်အတင့် ရောဂါလက္ခဏာရှိသည့် လူနာများ (ကိုယ်ခံအားကျဆင်းနေသော လူနာများမပါဝင်)၊ ရောဂါလက္ခဏာ ပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် တစ်ရက်ကြာရှိခြင်း (ကိုယ်ပူကျ ဆေးအကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြား ရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၁၁ ရက် ထားရှိကုသပေးလျက်ရှိသည်။

အလားတူ ပြင်းထန်သော  ရောဂါလက္ခဏာရှိသည့် လူနာများ သို့မဟုတ် အသည်းအသန်လူနာများ သို့မဟုတ် ကိုယ်ခံအား ကျဆင်းနေသူများတွင် ရောဂါလက္ခဏာ ပြသည့်ရက်မှစ၍ ၁၀ ရက်နှင့် ရောဂါလက္ခဏာ ပျောက်ကင်းပြီး နောက်လေးရက်ကြာရှိခြင်း (ကိုယ်ပူကျ ဆေးအကူအညီမပါဘဲ ဖျားနာခြင်းမရှိ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာနှင့် COVID-19 အခြား ရောဂါလက္ခဏာများ မရှိခြင်း) နှင့် လူနာအားအတွင်း လူနာအဖြစ် အနည်းဆုံး ၂၁ ရက်ထားရှိ ကုသပေးလျက်ရှိပြီး ရောဂါလက္ခဏာ မရှိသော လူနာများကိုမူ SARS-Cov-2 ရောဂါပိုး တွေ့ရှိပြီး ၁၁ ရက်ထားရှိပြီးပါက ဆေးရုံဆင်းခွင့်ပြုထားသည်ဟု ကုသရေးဦးစီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

လက်ရှိ ကြုံတွေ့နေရသည့် COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာမြင့်ဟန်က “COVID ရောဂါကို ထိန်းချုပ်ဖို့အတွက်က အားလုံးပါဝင်ရပါမယ်။ ပြည်သူတွေ ပါဝင်ရပါမယ်။ ဌာနဆိုင်ရာတွေ အသီးသီးပါဝင်ရပါမယ်။ အသင်းအဖွဲ့တွေရော လူမှုရေး အဖွဲ့အစည်းတွေရော အားလုံးပါဝင်မှ ရေရှည်တိုက်ပွဲဖြစ်တဲ့ COVID ထိန်းချုပ်ရေးကို ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း အခုဆိုရင် ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ ကျွန်တော်တို့တွေရဲ့ ကျင့်သုံးမှုက လိုက်လျောညီထွေရှိဖို့ပါ။ အားလုံးပြင်လွယ်ပြုလွယ် ပြောင်းလွယ်တဲ့ နည်းဗျူဟာများနဲ့ ကျွန်တော်တို့ ပြည်သူတွေ အားလုံးဝိုင်းဝန်းပြီးတော့ ကျော်လွှားရင် ကျွန်တော့်အနေနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြည်သူတွေကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု အကြံပြု ပြောကြားထားသည်။                 

Most Read

Most Recent