COVID-19 နှင့် သတိထားရတော့မည့် သုတေသန ရလဒ်များ

COVID-19 နှင့် သတိထားရတော့မည့် သုတေသန ရလဒ်များ
Published 2 October 2020

သုတေသနပြုသူများသည် လုံလောက်သည့် အကဲဖြတ်မှုများမပါဘဲ ထုတ်ဝေဖြန့်ချိရန် အလျင်စလို လုပ်ဆောင်ခဲ့ကြသဖြင့် COVID-19 ကပ်ရောဂါသည် အမှားများ ပါဝင်နိုင်ဖွယ်ရှိသည့် သိပ္ပံလေ့လာချက်များကို မြင့်တက်လာစေခဲ့သည်ဟု ဆေးပညာ ကျင့်ဝတ်ဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးက အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သည့်နှစ်အနှောင်းပိုင်းတွင် စတင်ထွက်ပေါ်လာပြီးနောက်ပိုင်း COVID-19 ကပ်ရောဂါနှင့် ပတ်သက်သည့် စာတမ်းပေါင်း ၄,၀၀၀ ကျော် ထွက်ပေါ်ခဲ့ပြီး  ယင်းတို့အနက် များစွာတို့မှာ အခြားပညာရှင်များ၏ စစ်ဆေးသုံးသပ်မှု အပြည့်အဝ လုပ်ဆောင်ရခြင်း မရှိသေးဘဲ အွန်လိုင်း၌ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ကွင်းစလန်းရှိ ဘွန်းတက္ကသိုလ် ကျန်းမာရေးသိပ္ပံနှင့် ဆေးပညာဌာနမှ ပါမောက္ခ ဖြစ်သည့် ကက်ထရီနာဘရမ်စတက်က ဆေးပညာကျင့်ဝတ်ဆိုင်ရာ ဂျာနယ်ဖြစ်သည့် Medical Ethics ၌ ရေးသားခဲ့ရာတွင် အလျင်စလို သို့မဟုတ် မပြည့်မစုံ ထုတ်ပြန်သည့် သုတေသနများသည် အသက်အန္တရာယ် ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။

“မရိုက်နှိပ်ရသေးတဲ့ ဒါမှမဟုတ် ဖြန့်ချိပြီးတဲ့ သုတေသနစာတမ်းတွေကနေ ထွက်ပေါ်လာတဲ့ ရလဒ်တွေကနေ အရေးပါတဲ့၊ အမြဲတမ်းဖြစ်သွားတဲ့၊ ပြန်လည်ပြောင်းလဲလို့ မရနိုင်တော့တဲ့ လူနာကို ထိခိုက်စေမှုတွေ ဖြစ်စေနိုင်ပါတယ်”ဟု ၎င်းက ရေးသားခဲ့သည်။ ဇူလိုင်လကုန်အထိ ထွက်ရှိခဲ့သည့် COVID-19 ကပ်ရောဂါနှင့် ပတ်သက်သည့် အကြို စာတမ်း ၁၄ ခုနှင့် ဖြန့်ချိပြီး စာတမ်း ၁၉ ခုတို့ သည် အခြားပညာရှင်များ၏ စစ်ဆေးသုံး သပ်မှု အပြည့်အဝ လုပ်ဆောင်ရခြင်း မရှိသေးဘဲ ထွက်ပေါ်လာခဲ့ပြီး ပြန်လည်ရုပ်သိမ်း ရခြင်း သို့မဟုတ် သက်ဆိုင်ရာ ဖြည့်စွက်ချက်များ ထပ်မံထည့်သွင်းရခြင်းတို့ ဖြစ်ပေါ် ခဲ့သည်။ ယင်းကဲ့သို့သော စာတမ်းအများစုသည် အာရှတိုက်မှ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး တရုတ် တစ်နိုင်ငံတည်းကပင် ပြန်လည်ရုပ်သိမ်းရသည့် စာတမ်း ၁၁ ခု ရှိခဲ့သည်။

ပြန်လည်ရုပ်သိမ်းရသည့် အထင်ရှားဆုံး စာတမ်းများအနက် တစ်ခုမှာ ဂုဏ်သိက္ခာ ကြီးမားသည့် Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပြီး အဆစ်အမြစ်ရောင်ရောဂါ ကုသရာတွင် သုံးသည့် Hydroxychloroquine ဆေးဝါးဖြင့် COVID-19 လူနာများအား ကုသရာ၌ ထိရောက်မှုအကြောင်း စာတမ်း ဖြစ်သည်။ မေလက ထွက်ရှိခဲ့သည့် ယင်းစာတမ်းတွင် ရလဒ်များက အဆိုပါဆေးဝါးသည် ဆေးရုံ တင်ထားရသည့် လူနာများအပေါ် ထိရောက်သည့် အာနိသင်မရှိကြောင်း ဖော်ပြခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က Hydroxychloroquine ဆေးဝါးကုထုံး စမ်းသပ်မှုများကို အလျင်အမြန် ရပ်ဆိုင်းခဲ့ရာ အသက်သေဆုံးမှုများ ပိုမိုမြင့်တက်ခဲ့ခြင်းကို ဖြစ်စေခဲ့ပုံရသည်။ ယင်းစာတမ်းနှင့်ပတ်သက်၍ နည်းစနစ်ပိုင်းအရနှင့် အချက်အလက်များအရ ခိုင်မာမှုအပေါ် စိတ်မချရဟု ပညာရှင်အဖွဲ့တစ်ဖွဲ့က ထောက်ပြခဲ့ပြီးနောက် အဆိုပါစာတမ်းကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

Lancet တွင် ဖော်ပြခဲ့သည့် နောက်ထပ်လေ့လာချက်တစ်ရပ်မှာ အလားအလာရှိသည့် ရုရှားကာကွယ်ဆေး အကြောင်းဖြစ်ပြီး ဘေးကင်းလုံခြုံသည့် အချက်အလက်များ ချို့တဲ့မှုအပေါ် အနောက်တိုင်းပညာရှင်များက သံသယဝင်ခဲ့သည်။ လွန်ခဲ့သည့်လတွင် ဥရောပအခြေစိုက် ပညာရှင်ပေါင်း ၃၀ ကျော် လက်မှတ်ရေးထိုးထားသည့် အိတ်ဖွင့် ပေးစာ၌ ထပ်ပွားထားသည့် အချက်အလက်များ ဖြစ်နိုင်ဖွယ်ရှိမှုကို ထောက်ပြလျက် ရုရှားတို့၏ တွေ့ရှိချက်များကို သံသယရှိကြောင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း လက်ရှိအထိ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြု ထောက်ခံသော COVID-19 ကာကွယ်ဆေး မရှိသေးကြောင်း အောက်တိုဘာ ၁ ရက်နေ့စွဲဖြင့် ပြည်သူများသို့ အသိပေးချက် ထုတ်ပြန်ခဲ့ပြီး အွန်လိုင်းစျေးကွက်တွင် ကြော်ငြာနေသော ကာကွယ်ဆေးများကို ဝယ်ယူ သုံးစွဲခြင်းမပြုရန် သတိပေးခဲ့သည်။

ကာကွယ်ဆေး အသစ်တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက် ကာကွယ်ဆေး၏ သက်ဆိုင်ရာ ရောဂါကို ကာကွယ်နိုင်သော အာနိသင်ရှိ မရှိ ၊ လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ မရှိ၊ ဘေးထွက်ဆိုးကျိုးမရှိဘဲ ဘေးအန္တ ရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ မရှိ၊ ကာကွယ်ဆေး ထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊ ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊ ဓာတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာ ကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ မရှိ စသည်တို့ကို သိရှိနိုင်ရန်နှင့် ပြီးပြည့်စုံရန် အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျ လက်တွေ့စမ်းသပ် သုတေသနပြုလုပ်သည့်အဆင့် သုံးဆင့် (3 Phase of Clinical Trial) နှင့် အသိအမှတ်ပြု လိုင်စင်ရရှိပြီး စျေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့်ရှုလေ့လာခြင်းများကို တစ် ဆင့်ပြီးတစ်ဆင့် အချိန်ယူ၍ စနစ်တကျ ဆောင်ရွက်ရကြောင်း သိရသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19  ကုသဆေး သို့မဟုတ် ကာကွယ်ဆေးတို့နှင့် ပတ်သက်သည့် သုတေသနရလဒ်များကို သတိထားစောင့်ကြည့်သွားရတော့မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ အောက်တိုဘာ ၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent