COVID-19 ဒုတိယလှိုင်း ပိုမိုခံစားလာရသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် Stay at Home အစီအစဉ်၊ စက်ရုံအလုပ်ရုံများ နှစ်ပတ်ယာယီပိတ်ထားရေးနှင့် COVID-19 ကာကွယ်ရေးအစီအမံများ

COVID-19 ဒုတိယလှိုင်း ပိုမိုခံစားလာရသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် Stay at Home အစီအစဉ်၊ စက်ရုံအလုပ်ရုံများ နှစ်ပတ်ယာယီပိတ်ထားရေးနှင့် COVID-19 ကာကွယ်ရေးအစီအမံများ
ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းလမ်းမကြီးတစ်ခုဖြစ်သည့် ဆူးလေစေတီတော်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် လူသွားလူလာ နည်းပါးလျက်ရှိသည်ကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းလမ်းမကြီးတစ်ခုဖြစ်သည့် ဆူးလေစေတီတော်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် လူသွားလူလာ နည်းပါးလျက်ရှိသည်ကို စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
Published 27 September 2020
နီလာ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်ခံရသူ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပြီး စက်တင်ဘာ ၂၆ ရက် ညပိုင်းအထိ ဓာတ်ခွဲအတည်ပြုလူနာ တစ်သောင်းနားကပ်လာသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၁၉၈ ဦးအထိ ရှိလာသည်။ အာဆီယံနိုင်ငံများအနက် COVID-19 ကြောင့် သေဆုံးသူအရေအတွက်တွင် မြန်မာနိုင်ငံက နံပါတ် (၃) အဆင့်ကို ရောက်ရှိလာသည်။

အခြားတစ်ဖက်တွင် COVID-19 ကြောင့် ကျန်းမာရေးကဏ္ဍအပြင် စီးပွားရေးလုပ်ငန်းများကိုလည်း ထိခိုက်လျက်ရှိရာ ယင်းသို့ ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအတွက် ဒုတိယအကြိမ် COVID-19 Fund မှ ပထမအကြိမ်အဖြစ် ထုတ်ချေးမည်ဖြစ်သည်။

ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေကျပ်ဘီလျံ ၂၀ ကျော် ထုတ်ချေးမည်

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဒုတိယအကြိမ် ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ တင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးမည်ဖြစ်သည်။

ပထမအကြိမ် COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေ ကျပ် ၁၀၁ ဘီလျံကျော်ထုတ်ချေးထားသည်။ လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက်စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေ ခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးပေးထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ပထမလှိုင်းဟုဆိုရမည့် မတ် ၂၃ ရက်တွင် ပိုးတွေ့လူနာ စတင်တွေ့ရှိပြီးနောက် ကိုဗစ်ကူးစက်ခံရသူများ ရှိလာခဲ့သည်။ ယင်းနှင့်တစ်ဆက်တည်း COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့သဖြင့် ချေးငွေများ ထုတ်ချေးနေခြင်း ဖြစ်သည်။

COVID-19 ဒုတိယလှိုင်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမိုကြုံတွေ့ခံစားနေရ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်ဒုတိယလှိုင်းတွင် ကိုဗစ်ကူးစက်ခံရသူ တစ်ရက်ထက်တစ်ရက် များပြားလာသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမှအပ ကျန်မြို့နယ်များအားလုံးကို Stay at Home နေအိမ်တွင်သာနေထိုင်ရန် အစီအစဉ်ကို စတင်ကျင့်သုံးနေရသည်။

Stay at Home အစီအစဉ်နှင့် CMP စက်ရုံ၊ အလုပ်ရုံများ နှစ်ပတ်ပိတ်ခြင်း

ရန်ကုန်တိုင်းဒေသကြီးတွင် ဓာတ်ခွဲအတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင် မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိခဲ့သည့် လူနာများတွေ့ရှိရမှု အချိန်တိုကာလအတွင်း များပြားလာသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမှအပ ကျန်မြို့နယ်အသီးသီးမှ ပြည်သူများကို Stay at Home နေထိုင်စေခဲ့သည်။

နိုင်ငံဝန်ထမ်းများကို နှစ်ပတ် ရုံးတက် နှစ်ပတ်အိမ်မှနေ၍ ရုံးလုပ်ငန်းများ ဆောင်ရွက်စေခဲ့သည်။

Stay at Home အစီအစဉ်တွင် ပုဂ္ဂလိကလုပ်ငန်းများမှ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သားငါးအအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံး ပစ္စည်းထုတ်လုပ်သည့်စက်ရုံများတွင် တာဝန်ထမ်းဆောင်သူများ မပါဝင်ပေ။

ထို့ပြင် Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှားလေယာဉ်ခရီးစဉ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော လေကြောင်းလိုင်းများ/အထွေထွေလေကြောင်း ပို့ဆောင်ရေးလုပ်ငန်းများ၊ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ၊ လေယာဉ်ဆီဖြည့်တင်းရေးလုပ်ငန်း၊ လေကြောင်းဖြင့် ကုန်စည်တင်သွင်း/တင်ပို့ခြင်းလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight forwarder) ကုမ္ပဏီများ၊ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ လေယာဉ်တင်အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း၊ လေယာဉ် ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း လုပ်ငန်းမှ ဝန်ထမ်းများကိုလည်း Stay at Home အစီအစဉ်၌ ခြွင်းချက်ဖြင့် ခွင့်ပြုထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့် ပုဂ္ဂလိကဆိပ်ကမ်းများ၊ သင်္ဘောလိုင်းဌာနေကိုယ်စားလှယ်ရုံးများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း (Freight forwarder) ကုမ္ပဏီများ၊ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ၊ ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်းများနှင့် ကုန်းတွင်းဆိပ်ကမ်းများမှ ဝန်ထမ်းများ၊ ဆက်သွယ်ရေးဝန်ဆောင်မှု ပေးရသောလုပ်ငန်းများဖြစ်သည့် စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများ မပါ၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှု လုပ်ငန်းမှဝန်ထမ်းများသည်လည်း Stay at Home အစီအစဉ်တွင် မပါဝင်ပေ။

မဖြစ်မနေဖွင့်လှစ်ရမည့် လုပ်ငန်းအမျိုးအစားများမှလွဲ၍ မြို့နယ်အသီးသီးမှ ပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုဘဲ မိမိနေအိမ်တွင်သာနေထိုင်ရန် ထုတ်ပြန်ထားရာ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင် မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စား တာဝန်ရှိသူများသည် ၎င်းတို့၏အလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့ငွေ ရရှိရေး သက်ဆိုင်ရာမြို့နယ်လူမှုဖူလုံရေးရုံးများတွင် လျှောက်ထားနိုင်သည်။

လူမှုဖူလုံရေးအဖွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအနက် Stay at Home အစီအစဉ်၌ အကျုံးဝင်သောပုဂ္ဂလိကပိုင်စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပုဒ်မ ၁၀၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဥပဒေပုဒ်မ ၃၁ (ခ) (၂) နှင့် နည်းဥပဒေ ၁၃၆ (ခ) တို့အရ ၆/၂၀၂၀ မတိုင်မီ ထည့်ဝင်ကြေးငွေအနည်းဆုံး ၃၆ လ ပေးသွင်းထားခြင်း မရှိစေကာမူ ၆/၂၀၂၀ လအတွက် ထည့်ဝင်ကြေးပေးသွင်းထားပြီး စက်တင်ဘာ ၂၃ ရက်အထိ အလုပ်လုပ်ကိုင်နေသည့်ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား ၆/၂၀၂၀ လအတွက် ပေးသွင်းထားသော လုပ်ခလစာ၏ရာခိုင်နှုန်း ၄၀ ကို အာမခံအလုပ်သမားနှင့် မိသားစုများအတွက် ငွေကြေးထောက်ပံ့မှု ခံစားခွင့်အဖြစ် ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။

COVID-19 ကြောင့် စက်ရုံ၊ အလုပ်ရုံယာယီပိတ်သိမ်းမည့်ကာလအတွင်း လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းထားခြင်းမရှိသည့် အလုပ်သမားများကို နိုင်ငံတော်အစိုးရက ထောက်ပံ့မည်ဖြစ်ရာ အလုပ်ရှင်များကလည်း ပူးပေါင်းထောက်ပံ့ပေးစေလိုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

Ration စနစ်ဖြင့်အခြေခံ စားသောက်ကုန်များ ဖြန့်ဖြူးပေးရန်စီမံခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့်မြို့နယ်များတွင် Ration စနစ်ဖြင့် အခြေခံစားသောက်ကုန်များ ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက ညွှန်ကြားထားသည်။

ရန်ကုန်မြို့တွင် ပြည်သူများအား နေအိမ်တွင်သာ နေထိုင်စေမည့် အမိန့်ထပ်မံထုတ်ပြန်ရမည်ဆိုပါက မိသားစုများအတွက် နှစ်ပတ်စာခန့် စားသောက်နိုင်သည့် ရိက္ခာခြောက်သာမက ရိက္ခာအစိုများ ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဆန်လက်လီဆိုင်များအနေဖြင့် Stay at Home ကာလအတွင်း စားသုံးသူများသို့ တစ်ပြည်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနိုင်သော ဧည့်မထ ၂၅ မှတ်ဆန်များ ဝယ်ယူလိုပါက ဆိုင်အရောက်စျေးနှုန်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ သိရသည်။

စားသုံးသူပြည်သူများထံသို့ ဆန်တစ်ပြည်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့် ရောင်းချနိုင်သော ဧည့်မထ ၂၅ မှတ်ဆန်များကို ဝယ်ယူလိုပါက ဆန်တစ်အိတ်လျှင် ကျပ် ၂၃၂၀၀ ဆိုင် အရောက်ပို့စျေးနှုန်းဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပြီး လက်လီဆိုင်များအနေဖြင့် တစ်ဆိုင်လျှင် ဆန်အိတ် ၁၀ အိတ်မှ အိတ်ရေ  ၅၀ အထိ ဝယ်ယူနိုင်ပြီး အခြားအမျိုးအစားများဖြစ်သော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ရက် ၉၀ ဆန်များကိုလည်း ဝယ်ယူနိုင်သည်။

ထို့ပြင် Stay at Home သတ်မှတ်ထားသောမြို့နယ်များရှိ စျေးများ၌ ရောင်းချမည့် ကုန်စိမ်း၊ သားငါးများကို ကုန်စိမ်းနှင့် သားငါးဒိုင်များမှ အဆိုပါမြို့နယ်များသို့ တိုက်ရိုက်အရောက်ပို့ဆောင်ပေးပြီး ဖြန့်ဖြူးရောင်းချရန်နှင့် မြို့နယ်များအတွင်းနေထိုင်သည့် စျေးရောင်းသူများမှလည်း မြို့နယ်ကျော်လွန်၍ သွားရောက်ယူဆောင်ခြင်း မပြုရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ကြီးကြပ်မည်ဖြစ်သည်။

Most Read

Most Recent