ကပ်ရောဂါ ဒုတိယလှိုင်းပြင်းထန်နေချိန်မှာ သံသယစိတ်၊ အကြောက်တရား၊ အစိုးရိမ်လွန်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ

ကပ်ရောဂါ ဒုတိယလှိုင်းပြင်းထန်နေချိန်မှာ သံသယစိတ်၊ အကြောက်တရား၊ အစိုးရိမ်လွန်မှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ
လှည်းတန်းမှတ်တိုင်အနီးတွင် စျေးရောင်းချနေသူတစ်ဦးကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
လှည်းတန်းမှတ်တိုင်အနီးတွင် စျေးရောင်းချနေသူတစ်ဦးကို စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 27 September 2020
နေဝန်းထက်

သြဂုတ်လ၏ အစောပိုင်းနေ့ရက်များမှာတော့ မြန်မာနိုင်ငံအတွင်းမှာ အရာရာဟာ နေသားတကျ ဖြစ်လုနီးပါးအထိ ရှိနေခဲ့ပါတယ်။ COVID-19 ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ်ကို ငါးလတာလောက် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီးဖြစ်ပြီး ကပ်ရောဂါကြောင့် ပိတ်ဆို့ထားရသမျှတွေထဲကမှ အတော်တော်များများကတော့ ဖြေလျှော့ခဲ့ပြီးလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံအဝန်းမှာလည်း မကြာမီလပိုင်းအတွင်းမှာ ကျရောက်လာတော့မယ့် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ ပြင်ဆင်မှုလှုပ်ရှားမှုတွေနဲ့အတူ အသက်ဝင်လှုပ်ရှားလျက် ရှိနေပါတော့တယ်။

COVID-19 ကပ်ရောဂါ ပထမလှိုင်းဟာ မြန်မာနိုင်ငံအတွက် ဆိုးဆိုးရွားရွား သက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ကူးစက်မှုတွေကို စတင်တွေ့ရှိခဲ့တဲ့ မတ်လကုန်ပိုင်းကနေ သြဂုတ်လဆန်းပိုင်းထိ ငါးလတာလောက် ကာလအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ၃၇၄ ဦးသာရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ခြောက်ဦးပဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လလောက်ကနေစပြီး ပြည်တွင်းကူးစက်မှုတွေဟာလည်း မရှိသလောက်အထိ နည်းပါးခဲ့ပြီး ထပ်မံတွေ့ရှိရတဲ့ ရောဂါပိုးတွေ့ရှိသူတွေဟာလည်း ပြည်ပမှ ပြန်ရောက်လာတဲ့သူတွေဆီမှာသာ အများစုတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေတွေဟာ သြဂုတ်လ ဒုတိယအပတ်ပြီးတဲ့ နောက်မှာတော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပါတော့တယ်။ ပြည်ပမှ ပြန်လာခြင်းလည်း မရှိ၊ အတည်ပြုလူနာများနဲ့လည်း ထိတွေ့ခဲ့ခြင်း မရှိ်တဲ့ ကွင်းဆက်ပြတ်လူနာတွေကို သြဂုတ် ၁၆ ရက်မှာ ပြန်လည်တွေ့ရှိခဲ့လာရာကနေ ကပ်ရောဂါ ဒုတိယလှိုင်းဟာ စတင်လာခဲ့ပြီး လက်ရှိအချိန်မှာတော့ အတော်ကို ဆိုးဆိုးရွားရွားရိုက်ခတ်မှု အခြေအနေတွေကို ကြုံတွေ့လာနေရပါတယ်။ ဒီအခြေအနေမှာလည်း အစိုးရကလည်း ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ရာအတွက် တင်းကျပ်မှုတွေကို ပြန်လည်ပြုလုပ်လာရပြီး ဒီတင်းကျပ်မှုတွေနဲ့အတူ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေဟာ ပြည်သူတွေအပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များစွာဖြစ်ပေါ်စေနေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ပေးမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရိုက်ခတ်ခံရမှုတွေလည်း ဖြစ်ပေါ်လို့လာပါတယ်။

COVID-19 ဒုတိယလှိုင်း ရိုက်ခတ်နေမှု ဘယ်လောက်ပြင်းထန်နေလဲ

သြဂုတ် ၁၆ ရက် ရခိုင်ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ COVID-19 အတည်ပြုလူနာအမှတ် ၃၇၅ ဟာ ကွင်းဆက်ပြတ် လူနာတစ်ဦးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ ဆက်တိုက်တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေဟာဆိုရင်လည်း ကွင်းဆက်ပြတ်လူနာ သို့မဟုတ် ကွင်းဆက်ပြတ်လူနာတွေကတစ်ဆင့် ဆင့်ပွားကူးစက်ခံရတဲ့ လူနာတွေ ဖြစ်လာခဲ့ပါတယ်။ COVID-19 ကပ်ရောဂါ ပထမလှိုင်းလို့ သတ်မှတ်ခဲ့ကြတဲ့ ငါးလတာကာလအတွင်း ရောဂါကူးစက်မှု ၃၇၄ ခုသာရှိခဲ့ပေမဲ့ ဒုတိယလှိုင်း စတင်ခဲ့တဲ့လို့ သတ်မှတ်ကြတဲ့ သြဂုတ် ၁၆ ရက်ကနေစပြီး တိုးပွားလာတဲ့ အတည်ပြုလူနာအရေအတွက်ကတော့ ပထမလှိုင်းထက် အဆမတန် များပြားခဲ့ပါတယ်။

သြဂုတ် ၁၆ ရက်ကနေ သြဂုတ် ၂၃ ရက်အထိဖြစ်တဲ့ ကပ်ရောဂါ ဒုတိယလှိုင်းအစ တစ်ပတ်အတွင်းမှာတင် ရောဂါပိုးတွေ့ရှိသူအရေအတွက်ဟာ ၇၄ ဦးတွေ့ရှိခဲ့ပြီး ဒါဟာ ပထမလှိုင်းကာလတစ်လျှောက်နဲ့ ယှဉ်ကြည့်ရင် စံချိန်တွင် တွေ့ရှိခဲ့မှုမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာတင် ရပ်တန့်မသွားခဲ့ဘဲ ကပ်ရောဂါ ဒုတိယလှိုင်းဟာ တစ်နေ့ထက်တစ်နေ့ ရက်သတ္တပတ် တစ်ခုထက်တစ်ခု ပို၍ဆိုးရွားပြင်းထန်လာခဲ့ပါတယ်။ ဒီအခြေအနေတွေကို ရက်သတ္တပတ်အလိုက် ဖော်ပြပေးပါရစေ။

ကပ်ရောဂါ ဒုတိယလှိုင်းအစ ပထမရက်သတ္တပတ်အတွင်း အတည်ပြုလူနာ တွေ့ရှိမှုအရေအတွက်ဟာ ၇၄ ဦးရှိခဲ့ပြီး ဒုတိယရက် သတ္တပတ်ဖြစ်တဲ့ သြဂုတ် ၂၃ ရက်ကမှ သြဂုတ် ၃၀ ရက်အတွင်းမှာဆိုရင် အတည်ပြုလူနာတွေ့ရှိမှုဟာ ၃၂၅ ဦးအထိ ရှိခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ပထမလှိုင်းတစ်လျှောက် တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာအရေအတွက်ထက် ၅၀ ဦးလောက်ပဲ လျော့နည်းပါတယ်။ တတိယပတ်ဖြစ်တဲ့ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၆ ရက်အတွင်းမှာလည်း ထပ်တိုးလူနာအရေအတွက်ဟာ ၆၄၄ ဦးအထိ တိုးသွားခဲ့တာကို တွေ့ရပြီး စက်တင်ဘာ ၇ ရက်မှ စက်တင်ဘာ ၁၃ ရက်အတွင်းမှာဆိုရင် ထပ်တိုးအတည်ပြုလူနာ ၁၅၁၃ ဦးအထိ တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၄ ရက် ကနေ စက်တင်ဘာ ၂၀ ရက်အတွင်းမှာလည်း ထပ်တိုးအတည်ပြုလူနာ အရေအတွက် ၂၆၀၉ ဦးထိရှိခဲ့တဲ့အတွက် ရက်သတ္တပတ်လိုက် အတည်ပြုလူနာတွေ့ရှိလာမှု အခြေအနေတွေဟာ တစ်စစပိုများပြားလာတယ်လို့ပဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၆ ရက် ည ၈ နာရီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရလည်း အတည်ပြုလူနာ အရေအတွက်ဟာ ၉၉၉၁ ဦးအထိရှိ လာခဲ့တာဖြစ်ပြီး ဒီထဲကမှ ဆေးရုံမှ ဆင်းခွင့်ရသူအရေအတွက် ၂၆၈၁ ဦးရှိခဲ့ပေမယ့် သေဆုံးသူအရေအတွက်ဟာ ၁၉၈ ဦး ရှိနေခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် ကပ်ရောဂါ ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ဟာ ဆိုးရွားလာနေသလို တစ်ဖက်မှာလည်း ဒီကပ်ရောဂါကို ထိန်းချုပ်မှုအတွက် ပိတ်ဆို့မှုတွေများစွာကို ပြုလုပ်လာရပါတော့တယ်။

တစ်နေ့တခြားဆိုးရွားလာတဲ့ COVID-19 ဒုတိယလှိုင်းနှင့်အတူ ဘာတွေဖြစ်လာသလဲ။

တစ်လကျော်လောက်ပဲ ရှိတဲ့ကာလတိုအတွင်းမှာ ထပ်တိုးအတည်ပြုလူနာ တစ်သောင်းနီးပါးတွေ့ရှိခဲ့တဲ့အပြင် သေဆုံးမှုနှုန်းဟာလည်း ၁၉၈ ဦးနဲ့အတူ အာဆီယံဒေသတွင်းမှာ တတိယနေရာအထိ ရောက်ရှိလာခဲ့ပြီးနောက် ကပ်ရောဂါကို အပြင်းအထန် ထိန်းချုပ်နေရတဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ကြုံ တွေ့နေရတာတွေထဲကမှ ထင်သာမြင်သာရှိတဲ့တစ်ခု ဖော်ပြပေးပါရစေ။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ COVID-19 ပထမလှိုင်း စတင်ခဲ့တဲ့ အချိန်ကစလို့ ဒုတိယလှိုင်း စတင်လာခဲ့တဲ့ ကနဦးနေ့ရက်များထိ အတည်ပြုလူနာတွေရဲ့နေရပ်၊ အသက်၊ မည်သို့မည်ပုံ ကူးစက်ခံခဲ့ရသည် စတဲ့အချက်တွေကို သတင်းထုတ်ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယလှိုင်းမှာ ဆက်တိုက် အလွန်များပြားလာတဲ့ အတည်ပြုလူနာ တွေ့ရှိမှုတွေကြောင့် မြို့နယ်အလိုက် ရောဂါပိုးတွေ့ရှိမှုကိုသာ သတင်းထုတ်ပြန်ပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့ လက်ရှိပြင်းထန်စွာ ရိုက်ခတ်နေဆဲဖြစ်တဲ့ ကပ်ရောဂါကြီးရဲ့ ထင်သာမြင်သာရှိစေတဲ့ အချက်တွေထဲကမှ တစ်ချက်အဖြစ်ဆိုနိုင်ပါတယ်။

ဒီလိုမျိုး COVID-19 ဒုတိယလှိုင်းသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာရတဲ့ အခြားသော အကြောင်းအရာတွေလည်း များစွာရှိနေပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့ဟာ ကပ်ရောဂါ ပထမလှိုင်းရော ဒုတိယလှိုင်းမှာပါ ထိခိုက်မှုအရှိဆုံး၊ သက်ရောက်မှုအရှိဆုံး ဒေသတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်ရိုက်ခတ်မှုတွေကို တစ်နိုင်ငံလုံးထက် ရန်ကုန်မြို့ဟာ ပိုပြီးကြုံတွေ့ခံစားရပါတယ်။ ပထမလှိုင်းဖြစ်ပွားခဲ့တုန်းကလည်း ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်ခဲ့တဲ့ ရန်ကုန်ဟာ Stay at Home နေထိုင်ရန် သတ်မှတ်မှုတွေ၊ ရောဂါပိုးတွေ့ရှိရာ နေရာမှာ Lockdown ချမှုတွေနဲ့ စတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုကတော့ ပိုပြီးတော့ ပြင်းထန်ခဲ့ပါတယ်။ စက်တင်ဘာလဆန်းပိုင်းမှာဆိုရင် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အတည်ပြုလူနာတွေ့ရှိမှုမြင့်မားနေတဲ့ သင်္ဃန်းကျွန်းမြို့နယ်လိုမျိုး မြို့နယ်အချို့ကို  Stay at Home နေထိုင်ဖို့အတွက် သတ်မှတ်ခဲ့ပါတယ်။ ဒီ Stay at Home အမိန့်ဟာ သိပ်ပြီးတော့ မတင်းကျပ်လှတဲ့အတွက် အပြောင်းအလဲ ကြီးကြီးမားမားတော့ မရှိခဲ့ပါဘူး။ တစ်ဖက်မှာကတော့ အတည်ပြုလူနာတွေ့ရှိမှုဟာ ဆက်တိုက်များပြားလာခဲ့တဲ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်နိုင်ခြင်းမရှိတဲ့အထိ ပြောင်းလဲသွားခဲ့ပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာဆိုရင် ထပ်တိုးအတည်ပြုလူနာ စုစုပေါင်းအရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးထောင်ကျော်ရှိလာခဲ့ပြီးချိန်မှာတော့ ကိုကိုးကျွန်းမြို့နယ်မှအပ ရန်ကုန်မြို့မှာရှိတဲ့ ကျန်မြို့နယ် ၄၄ မြို့နယ်လုံးကို တင်းကျပ်တဲ့ Stay at Home နေထိုင်စေတဲ့အမိန့်ကို ထုတ်ပြန်ခဲ့ရပါတော့တယ်။ ဒီအခြေအနေမှာတော့ COVID-19 ဒုတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို ထင်ထင်ရှားရှားကြီးကို တွေ့မြင်လာခဲ့ရတော့တာလည်း ဖြစ်ပါတယ်။

တင်းကျပ်တဲ့ Stay at Home အမိန့်နဲ့အတူ ရုပ်ပိုင်းစိတ်ပိုင်း ထိခိုက်မှုတွေနဲ့ ရန်ကုန်မြို့ကို ဥပမာထားပြီး ကြည့်သော်

စက်တင်ဘာ ၂၁ ရက်မှာ စတင်အသက်ဝင်ခဲ့တဲ့ ရန်ကုန်ရဲ့ Stay at Home အမိန့်ဟာ တင်းကျပ်တဲ့ အမိန့်တစ်ခုအဖြစ် သတ်မှတ်ဖို့ရာ အကြောင်းရင်းတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဒီအမိန့်မှာ စားသောက်ကုန်နဲ့ ဆေးဝါးဆက်စပ် ပစ္စည်းရောင်းချမှုတွေ၊ နေ့စဉ်သုံးပစ္စည်းတွေ ရောင်းချမှုတွေကလွဲပြီး ကျန်တဲ့စျေးရောင်းချမှုတွေကို ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ကုန်ကြမ်းယူ ကုန်ချောပေးလုပ်ငန်းတွေကိုလည်း အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်းလည်ပတ်ခွင့် မပြုထားတော့ပါဘူး။ အလားတူပါပဲ။ မဖြစ်မနေ စျေးဝယ်ထွက်တဲ့အခါ တစ်အိမ်လျှင် တစ်ဦးနှုန်းနဲ့ ကျန်းမာရေး ကိစ္စသွားလာမှသာလျှင် တစ်အိမ်လျှင် နှစ်ဦးနှုန်းသာ သွားလာခွင့်ရှိပြီး အဲဒီအမိန့်ကို မလိုက်နာပါက အရေးယူခြင်း ခံရမှာလည်း ဖြစ်တယ်လို့ အစိုးရက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရန်ကုန်မှာ ထုတ်ပြန်ထားတဲ့ ဒီ Stay at Home အမိန့်ကို တင်းကျပ်တဲ့ အမိန့်တစ်ခုအဖြစ် သတ်မှတ်နိုင်တာဖြစ်ပြီး တစ်ဖက်မှာလည်း ဆိုးရွားပြင်းထန်နေတဲ့ ကပ်ရောဂါကြောင့် ရန်ကုန်ဟာ ပိတ်လှောင်ထားမှရတော့မယ့် အခြေအနေတစ်ခုဆီကို ရောက်ရှိသွားခဲ့တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေတွေကြောင့် ပြည်သူတွေအပေါ်မှာ ရုပ်ပိုင်း စိတ်ပိုင်းထိခိုက်မှုတွေလည်း များစွာကြုံတွေ့လာခဲ့ရပါတော့တယ်။

ဒီ Stay at Home အမိန့်ထုတ်ပြန်ပြီးနောက်မှာ သိသာတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေထဲက တစ်ခုအဖြစ် လက်ရှိထုတ်ဝေနေဆဲ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ်တွေထဲမှ အချို့ဟာ ရက်သတ္တပတ် နှစ်ပတ်အကြာ ခေတ္တရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ခဲ့တာမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ကပ်ရောဂါဆိုးရွားနေတဲ့ အခြေအနေမှာ နေ့စဉ်ထုတ်သတင်းစာတွေရဲ့ ထုတ်ဝေမှု ရပ်ဆိုင်းသွားရတာဟာ ထင်သာမြင်သာရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတစ်ခုအဖြစ် မြင်တွေ့ရတာမျိုးဖြစ်ပြီး ကပ်ရောဂါရိုက်ခတ်မှုတွေထဲကမှ စိတ်မကောင်းဖွယ်ရာ ထိခိုက်မှုတစ်ခုအဖြစ် သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

“ စိတ်မကောင်းစရာကတော့ သတင်းစာတွေ ရပ်ကုန်တာပဲ။ ဒုတိယကမ္ဘာစစ်ဖြစ်နေတုန်းကတောင် ဒီလိုမျိုးတွေ မရှိခဲ့ဘူးလို့ သိထားရတယ်။ ဒီရောဂါကြီးကတော့ ဆိုးဆိုးရွားရွားပါပဲ။ ပြည်သူတွေ သတင်းအမှန်ရနေဖို့ကလည်း အခုကာလမျိုးမှာ အရေးကြီးတယ်လေ။ ဒီလိုမျိုး သတင်းမီဒီယာတွေ ရပ်ကုန်တာက အတော်လေး အခြေအနေဆိုးတာကို ပြနေတယ်” ဟု ပြည်ပအခြေစိုက်မီဒီယာတစ်ခုမှ လုပ်သက်ရင့်ဂျာနယ်လစ်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် စားသောက်ကုန်နဲ့ ဆေးဝါးဆက်စပ်ပစ္စည်းရောင်းချမှုတွေ၊ နေ့စဉ်သုံးပစ္စည်းတွေ ရောင်းချမှုတွေက လွဲပြီး ကျန်တဲ့စျေးရောင်းချမှုတွေကို ပိတ်ပင်ထားရတာတွေကြောင့်လည်း ရန်ကုန်မြို့မှာရှိတဲ့ စျေးတွေဟာ တိတ်ဆိတ်ကုန်ပါတယ်။ ရောင်းချခွင့်ပေးထားတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးဆက်စပ်ပစ္စည်း ရောင်းချမှုတွေဟာလည်း အချိန်ပိုင်းနဲ့သာ ဖွင့်လှစ်ခွင့်ရတာဖြစ်ပြီး အခြားသောကုန်ပစ္စည်းရောင်းချတဲ့ စျေးဆိုင်ခန်းတွေကတော့ ပိတ်သိမ်းထားခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီပိတ်သိမ်းထားရတဲ့ စျေးဆိုင်ခန်းတွေမှာ ရောင်းချနေသူတွေအတွက် စီးပွားရေးထိခိုက်မှုတွေ များစွာရှိလာခဲ့ပါတယ်။

“ ဆိုင်က ပိတ်ထားတာ တစ်ပတ်လောက်ရှိပြီ။ အခု Stay at Home အမိန့်မတိုင်မီကတည်းပါ။ တစ်ပတ်၊ နှစ်ပတ်လောက်ကတော့ နေလို့ရသေးတယ်။ ဒါပေမဲ့ အခုရောဂါကြီးကလည်း ဘယ်တော့မှ ပြီးမလဲမသိဘူး။ ဆိုင်ပိတ်ထားရတော့ ဝင်ငွေမရဘူးလေ။ ကြာလာတာနဲ့အမျှတော့ အခက်အခဲက ပိုလာမှာပဲ။ အခုလောလောဆယ်တော့ အဆင်ပြေနေပါသေးတယ်” ဟု COVID-19 အတည်ပြုလူနာ အများဆုံးတွေ့ရှိရာ မြို့နယ်တစ်ခုဖြစ်တဲ့ သင်္ဃန်းကျွန်းနယ်ရှိ သုဝဏ္ဏစျေးတွင် စျေးဆိုင်ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောပါတယ်။

တင်းကျပ်တဲ့ Stay at Home အမိန့် အသက်ဝင်ခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကစလို့ ရန်ကုန်မြို့အတွင်းက မြင်ကွင်းတွေကို ကြည့်မယ်ဆိုရင်လည်း ကပ်ရောဂါကြီးကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အထင်းသား မြင်တွေ့နိုင်ပါတယ်။ လှည်းတန်းမီးပွိုင့်အနီးမှ ရောင်းမကုန်တဲ့ နွားနို့ဘူးလေးတွေ အရှေ့မှာထားရင် လက်မှိုင်ချထိုင်နေတဲ့ အဘိုးအို၊ စျေးဦးမပေါက်သေးတဲ့ သီဟိုဠ်စေ့ဗန်းနှင့်အတူ မှိုင်တွေငေးမောနေရတဲ့ စျေးသည် စတဲ့ မြင်ကွင်းတွေဟာ ကပ်ရောဂါရိုက်ခတ်မှုတွေကနေတစ်ဆင့် မြင်တွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေအဖြစ် သက်သေပြနေပါတယ်။ ဒါတွေအပြင် စီးပွားရေးများစွာထိခိုက်နေတဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေ၊ လက်လုပ်လက်စားအခြေခံလူတန်းစားတွေရဲ့ ဝင်ငွေပျောက်ဆုံးသွားမှုတွေလည်း ရှိလို့နေပါတယ်။

Infograph - Lwin Myo Thu

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက ဘာတွေဖြစ်နေမလဲ

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဟာ ကပ်ရောဂါကြီးနှင့်အတူ ဖြစ်ပေါ်လာနေတဲ့အပြင် ဒီရုပ်ပိုင်းထိခိုက်မှုတွေကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်မှုတွေ ဖြစ်ပေါ်လာစေရပါတော့တယ်။ ဒီကပ်ရောဂါကာလကြီးမှာ ပြည်သူတွေမှာ တွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကတော့ အကြောက်တရားနဲ့ စိုးရိမ်မှုတွေအဖြစ် တွေ့ရပါတယ်။

အကြောက်တရားကတော့ ကပ်ရောဂါကူးစက်ခံရမှာမျိုးဖြစ်ပြီး အဲဒီကနေတစ်ဆင့် ကူးစက်ခံရပြီးနောက်မှာ အသက်အတွက် စိုးရိမ်မှုတွေ၊ မိသားစုဝင်တွေကို မိမိကနေ ကူးစက်သွားမှာမျိုးတွေကို စိုးရိမ်မှုတွေရှိလာလို့ နေပါတယ်။

“ အခုအချိန်ကတော့ ရောဂါကူးခံရမှာကို ကြောက်တယ်။ အဲဒီလို ကြောက်တာထက် ကိုယ်ကနေတစ်ဆင့် မိဘတွေကို ကူးသွားမှာကိုလည်း စိုးရိမ်မိတယ်။ ကိုယ်ကိုယ်တိုင် ကူးခံရတာက တော်သေးတယ်။ ကိုယ့်ကြောင့် မိဘတွေ အကူးခံရပြီး တစ်ခုခုဖြစ်သွားမှာကိုတော့ အတော်စိုးရိမ်မိတယ်။ အခုအခြေအနေက ဘယ်မှမသွားလည်း အကူးခံရင် ခံနေရတာလေ။ အခုတောင် ကူးစက်ခံနေရလား မသေချာတဲ့ အခြေအနေကိုး” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရောဂါထိန်းချုပ်ရန်အတွက် တင်းကျပ်မှုတွေ ပြုလုပ်ထားရတာကြောင့်လည်း ပြည်သူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှုတွေကို ကြုံတွေ့နေရတဲ့အပြင် နေအိမ်တွင်သာ နေထိုင်ရန် သတ်မှတ်ထားခြင်းကြောင့်လည်း စားဝတ်နေရေး အဆင်မပြေမှုတွေ ကြုံတွေ့လာရမှာကို စိုးရိမ်တာမျိုးတွေ ဖြစ်လာနေပါတယ်။ ဒါပေမဲ့လည်း စားဝတ်နေရေး အခက်အခဲနဲ့ ရောဂါကူးစက်မခံရရေး အခြေအနေနှစ်ခုမှာ ပြည်သူတွေအနေနဲ့က များများစားစား ရွေးချယ်စရာ ရှိမနေပါဘူး။

“ အဓိကကတော့ ကိုယ့်စိတ်နဲ့ ကိုယ် သွားလာလို့မရဘူး။ ဟိုနေရာ ပိတ်ထား ဒီနေရာ ပိတ်ထားနဲ့။ ဘယ်လိုပြောရမလဲ စိတ်ကို အတင်းကြီး ပိတ်လှောင်ထားသလိုမျိုး ဖြစ်နေရော။ ကြာတော့ မွန်းကျပ်လာတယ်။ လွတ်လွတ်လပ်လပ်သွားချင်တယ်။ လာချင်တယ်။ ဒါပေမဲ့ဗျာ ဒီရောဂါကြီးရှိနေတော့ အဆင်မပြေဘူး” လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ကိုကျော်ဇင်ဖြိုးက ဆိုပါတယ်။

ဒါတွေအပြင် ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် ခင်မင်ရတဲ့ မိတ်ဆွေအချင်းချင်း၊ မိသားစုအချင်းချင်း ပြောဆိုဆက်ဆံရာတွင်လည်း သံသယတွေ ဖြစ်ပေါ်လာနေရပါတယ်။ ရောဂါပိုးရှိသူနဲ့ စကားပြောဆို ဆက်ဆံနေရတာလားဆိုတဲ့ အတွေးမျိုးတွေဟာ လက်ရှိကပ်ရောဂါကာလအတွင်းမှာ ဖြစ်ပေါ်နေရတဲ့ သံသယစိတ်တွေအဖြစ် ထွက်ပေါ်လာနေပါတယ်။

“ မိတ်ဆွေ သူငယ်ချင်းအချင်းချင်း စကားပြောရင်တောင် ဒီကောင့်မှာ ရောဂါများ ရှိနေမလား တွေးနေတာ။ တစ်ဖက်ကလည်း ပြန်တွေးမိနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ရဲ့ လူသားဆန်မှုတွေ လျော့ကျလာတယ်။ အမြဲသံသယစိတ်တွေဖြစ်နေတော့ နွေးထွေးမှုတွေက မရှိတော့ဘူးပေါ့။ ရောဂါ အကူးမခံရဖို့လည်း တွေးနေတော့ ဘယ်သူ့မှာ ရောဂါရှိနေမလဲ တွေးနေမိတာက ပြဿနာ ဖြစ်လာတယ်။ ခင်မင်မှုတွေက မနွေးထွေးသလို ဖြစ်လာတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုပါတယ်။

ကပ်ရောဂါကာလ ရုပ်ပိုင်းစိတ်ပိုင်း အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်သင့်လဲ

ရွေးချယ်စရာ အခြေအနေရှားပါးလှတဲ့ ဒီကပ်ရောဂါကာလကြီးဟာ စစ်ပွဲတစ်ခုအတွင်းမှာ နေထိုင်နေရတာမျိုးနဲ့ အလားသဏ္ဌာန်တူနေတယ်လို့ ပြောလို့ရပါတယ်။ လူတန်းစားအားလုံးလိုလိုဟာ စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်မှုတွေ အနည်းနဲ့ အများ ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေမှာ ပြည်သူတွေအနေနဲ့ ကပ်ရောဂါကာလ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို အသက်သာဆုံး ဖြစ်စေဖို့ရာအတွက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို တိတိကျကျလိုက်နာဖို့ လိုအပ်ပါတယ်။

ဒါမှသာလျှင် ရောဂါကူးစက်ခံရခြင်းမှ အတတ်နိုင်ဆုံး ကာကွယ်ရာရောက်တဲ့အပြင် တစ်ပါးသူတွေကို ကူးစက်စေမှုကိုလည်း တားဆီးရာရောက်မှာဖြစ်ပြီး ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်မှသာလျှင်လည်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျှော့ချလာနိုင်မှာလည်း ဖြစ်ပါတယ်။

“ ပြောရရင် ကျန်းမာရေးက သတ်မှတ်ထားတဲ့ လက်ဆေးပါ။ Mask တပ်ပါ။ ခပ်ခွာခွာနေပါ။ အဲဒီလို စည်းကမ်းတွေကို တိတိကျကျနဲ့ စနစ်တကျ လိုက်နာရမယ်။ ဒါမှသာလျှင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်မယ်။ မိမိကနေ ကူးစက်တာမျိုးကိုလည်း ကာကွယ်နိုင်မယ်လေ။ ဒါမှလည်း ရောဂါကို ထိန်းချုပ်လို့ရမှာ ဖြစ်တာကိုး။ အဓိကကတော့ သတ်မှတ်စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုတယ်” ဟု ဆေးတက္ကသိုလ် (၂) စိတ်ပညာဌာနဌာနမှူး ဒေါက်တာဆန်းလင်းက အကြံပြုပြောကြားပါတယ်။

လက်ရှိ ကပ်ရောဂါ ဒုတိယလှိုင်းပြင်းထန်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ဆီမှာ ကြုံတွေ့လာရတဲ့ သံသယစိတ်တွေ၊ အကြောက်တရားတွေ၊ အစိုးရိမ်လွန်မှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေအပြင် စားဝတ်နေရေးအခက်အခဲကြုံတွေ့မှုနဲ့ တစ်ဖက်ကရောဂါ ကူးစက်ခံရနိုင်မှု ရွေးချယ်စရာရှားတဲ့ အခြေအနေတွေအတွက်လည်း PositiveThinking ဖြစ်တဲ့ အကောင်းမြင်စိတ်ဖြင့် ဖြတ်ကျော်ရန် လိုအပ်နေတယ်လို့လည်း သိရပါတယ်။

“ တစ်ယောက်နဲ့ တစ်ယောက် ရောဂါရှိနေမလားဆိုတဲ့ သံသယစိတ်တွေ၊ နောက်ကူးစက်ခံရမှာကို ကြောက်တဲ့ အခြေအနေတွေအတွက်ကတော့ လက်ဆေး၊ Mask တပ်၊ ခပ်ခွာခွာနေခြင်းနဲ့ပဲ ကာကွယ်လို့ရနိုင်မယ်။ အခုလို အချိန်မှာဆိုရင်လည်း စားဝတ်နေရေး အခက်အခဲတွေကတော့ အပြင်မထွက်ရတော့ အခက်အခဲဖြစ်နေမှာပဲလေ။ အပြင်ထွက်ရင်လည်း ရောဂါကူးစက်ခံရမှာကို ကြောက်နေရမယ်။ စိုးရိမ်နေရမယ်။ ဒီကာလမှာ ဒါတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် အကောင်းမြင်စိတ်နဲ့ နေမှရမယ်။ ဘာပဲဖြစ်ဖြစ် ငါအသက်ရှင်ဖို့လိုတဲ့ဆိုတဲ့ အတွေးမျိုးကို တွေးပေးနေရမယ်။ စားဝတ်နေရေး မပြေလည်လည်း ရောဂါကို ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ အသက်ရှင်ဖို့အတွက် ငါ ဒီလိုနေနေရတာပါလားဆိုတဲ့ အတွေးမျိုးလေးကို တွေးပြီး နေပေးဖို့လိုတယ်။ ဘာပဲဖြစ်ဖြစ် ငါအသက်ရှင်နေဖို့လိုတယ်ဆိုတဲ့ အတွေးမျိုးတွေးပြီး ကြံ့ကြံ့ခံထားဖို့ လိုတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းတွေဆိုတော့ ဒီလိုမျိုး ပိတ်လှောင်ခံရတဲ့ အခြေအနေတွေကို ကြုံဖူးတယ်လေ။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အသက်ရှင်ဖို့ လိုတယ်ဆိုတဲ့ အကောင်းမြင် အတွေးလေးကို တွေးနေပေးပါလို့ အကြံပြုလိုပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ စောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုကျော်စိုးဝင်းက ပြောပါတယ်။

ဒါတွေအပြင် ရောဂါပိုးကူးစက်ခံရသူတွေအနေနဲ့လည်း ရောဂါကြောင့် အရသာပျက်တာမျိုးတွေ ဖြစ်နေရင်တောင် ကိုယ်ခံအားကောင်းစေဖို့အတွက် အစားအသောက်မပျက်စေရေး ဂရုစိုက်စားသောက်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါမှသာလျှင် ရောဂါကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေ ကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ ရုပ်ပိုင်းအပြင် ရောဂါကို ကြံ့ကြံ့ခံနိုင်ဖို့အတွက် စိတ်ပိုင်းကိုလည်း ခိုင်ခိုင်မာမာထားရှိရမှာဖြစ်ပြီး ရောဂါကူးစက်ခံရချိန်မှာ ရုပ်ပိုင်းကျန်းမာကြံ့ခိုင်ဖို့အတွက် လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်သလို စိတ်ပိုင်းဆိုင်ရာအတွက်လည်း တရားထိုင်ခြင်း၊ စာဖတ်ခြင်းလိုမျိုး အရာတွေကို ပြုလုပ်ပေးနေဖို့ လိုအပ်တယ်လို့ သိရပါတယ်”

ရောဂါပိုးတွေ့လူနာတွေက အရသာပျက်ကုန်တော့ အစားမစားကြတော့တာတွေ တွေ့ရတယ်။ အဲဒီလို လုပ်နေလို့မရဘူးလေ။ ဆီးချို သွေးတိုး ရောဂါအခံရှိလည်း အစားပုံမှန်စားပြီး ကိုယ်ခံအားကို ကောင်းအောင်လုပ်ပေးနေရင် ရောဂါဒဏ်ကို ခံနိုင်လာမယ်။ ပြီးတော့ အသက်ရှူလေ့ကျင့်ခန်းလိုမျိုး လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ပေးဖို့ လိုအပ်တယ်။ နောက်ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေကတော့ ရင်းနှီးပြီးသားဖြစ်မယ့် ၀ိပဿနာ တရားအားထုတ်တာမျိုးပေါ့။ ဒါက စိတ်အတွက် လေ့ကျင့်ခန်း လုပ်ပေးသလိုမျိုးပေါ့။ အခြားဘာသာဝင်တွေအတွက်လည်း တရားထိုင်တာ မဟုတ်ရင်တောင် ဖောင်းတာပိန်တာလေး မှတ်နေ။ ဒါမှမဟုတ်လည်း ဆရာကြီး ဂိုအင်ကာတို့ အောက်စဖို့ဒ်ဆရာတော်တို့ရဲ့ နည်းလမ်းတွေနဲ့ စိတ်ကိုကျန်းမာကြံ့ခိုင်နေအောင် လုပ်ပေးလိုတယ်။ နောက်တစ်ခုက စာဖတ်ပါ။ ရောဂါကုသနေရတဲ့ ကာလအတွင်းမှာ စာဖတ်နေတာဟာ စိတ်အတွက် အထောက်အကူဖြစ်စေပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ လိုတာကို” ဟု ဒေါက်တာဆန်းလင်းက ဆိုပါတယ်။

လက်ရှိကာလကြီးဟာ ပြည်သူတွေအနေနဲ့ ပြင်းထန်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ တိုက်ပွဲဝင်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ပိုင်းစိတ်ပိုင်းထိခိုက်မှုတွေဟာ အနည်းနဲ့အများ ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေမှာ အစိုးရိမ်မလွန်ဘဲ နေထိုင်ဖို့အတွက်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားထားပါတယ်။ အစိုးရိမ်မလွန်ဘဲ မပေါ့မဆ သတိရှိရှိ သတ်မှတ်စည်းကမ်းများကို လိုက်နာပြီး နေထိုင်ခြင်းဟာ ကပ်ရောဂါတိုက်ပွဲကို အနိုင်တိုင်စေဖို့ ဖြစ်လာမှာလည်းဖြစ်ပါတယ်။ ကပ်ရောဂါ ဒုတိယလှိုင်း ဆိုးရွားပြင်းထန်နေပေမဲ့လည်း ပြည်သူတွေရဲ့ စည်းလုံးညီညွတ်စွာဖြင့် စည်းကမ်းစနစ်တကျ နေထိုင်ခြင်းဖြင့် တိုက်ထုတ်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

“ မစိုးရိမ်နဲ့လို့တော့ မပြောချင်ဘူး။ စိုးရိမ်သင့်တယ်။ ဒါပေမဲ့ အစိုးရိမ်မလွန်သင့်ဘူး။ စည်းကမ်းတကျ သတ်မှတ်စည်းကမ်းတွေကို စနစ်တကျလိုက်နာပြီး နေထိုင်မယ်ဆိုရင် ကျော်လွှားနိုင်မှာပါ။ မပေါ့ဆပါနဲ့ အကြောက်မလွန်ပါနဲ့။ အစိုးရိမ်မလွန်ဘဲ စိုးရိမ်ပါ” ဟု ဒေါက်တာဆန်းလင်းက အကြုံပြုပြောကြားခဲ့ပါတယ်။

Most Read

Most Recent