ဂိုးသမား ကယ်ပါကို ယုံကြည်မှုပြန်ရအောင်လုပ်ပေးရန် အရေးကြီးဟု လမ်းပတ် မှတ်ချက်ပြု

ဂိုးသမား ကယ်ပါကို ယုံကြည်မှုပြန်ရအောင်လုပ်ပေးရန် အရေးကြီးဟု လမ်းပတ် မှတ်ချက်ပြု
Published 22 September 2020

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က လီဗာပူးလ်အသင်းအား ပေးလိုက်ရသည့် ဒုတိယဂိုးမှာ ဂိုးသမား ကယ်ပါ၏အမှားကြောင့်ဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း ၎င်းယုံကြည်မှုပြန်ရအောင်လုပ်ပေးရန် အရေးကြီးကြောင်း သုံးသပ်ပြောကြားသည်။

ဒုတိယပိုင်း မိနစ် ၅၀ တွင် မာနေက ခေါင်းတိုက်၍ လီဗာပူးလ်အတွက် အဖွင့်ဂိုးသွင်းယူပြီး လေးမိနစ်အကြာမှာပင် တိုမိုရီနောက်ပြန်ပေးသည့် ဘောလုံးကို ကယ်ပါ ကန်တင်ရန် ကြိုးပမ်းသော်လည်း မာနေက ကြားဖြတ်ရယူ၍ ဒုတိယ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ 

ချယ်လ်ဆီးအသင်းသည် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းပေးချေထားရသည့် ကယ်ပါကို ယခုနွေရာသီတွင် ပြန်လည်ရောင်းချရန် စီစဉ်ထားသော်လည်း ဝယ်ယူမည့်အသင်းမရှိသဖြင့် အခက်တွေ့နေခြင်းဖြစ်ပြီး ရန်းစ်အသင်းဂိုးသမား မန်ဒီကို ပေါင် ၂၆ သန်းဖြင့် သဘောတူညီမှုရထားပြီး ဖြစ်သည်။

ကယ်ပါအနေဖြင့် အမှားထပ်မံကျူးလွန်ခဲ့သောကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာသော်လည်း လမ်းပတ်က ''ဒါက အမှားဆိုတာ သေချာပါတယ်။ အဲဒီဂိုးက ကျွန်တော်တို့အတွက် သက်ရောက်မှု တော်တော်ကြီးပါတယ်။ ကျွန်တော်တို့ အလုပ်တွေဆက်လုပ်နေသလို ကယ်ပါကလည်း ဆက်လုပ်နေတာပါပဲ။ သူ့ဘေးပတ်လည်မှာ အားပေးကူညီသူတွေရှိနေတယ်ဆိုတာ သေချာပါတယ်။ ကစားသမားတစ်ဦးချင်းအနေနဲ့ အားပေးမှု လိုအပ်ပါတယ်။ အထူးသဖြင့် ကျွန်တော့်ဆီကပါ။ ကျွန်တော်က ကစားသမားအားလုံးကို အားပေးကူညီပါတယ်။ အခုလောလောဆယ်တော့ သူ့ကို ယုံကြည်မှုရအောင် ကြိုးစားပေးရမှာပါ။ ဒါက အရေးကြီးပါတယ်။ ဘောလုံးမှာ ဘယ်သူမှ အမှားလုပ်ဖို့ မကြိုးစားကြပါဘူး။ အမှားဖြစ်တယ်ဆိုတာ အားကစားပွဲတွေရဲ့ သဘောသဘာဝပါပဲ''ဟု ပြောကြားသည်။

Most Read

Most Recent