ယခုရက်သတ္တပတ်ကုန် EFL ပွဲစဉ်များစွာ၌ ပရိသတ်များကို အစမ်းကြည့်ခွင့်ပေးမည်ဖြစ်ပြီး အောက်တိုဘာတွင် ပရိသတ်များ ပိုမိုကြည့်ခွင့်ရဖွယ်ရှိ

ယခုရက်သတ္တပတ်ကုန် EFL ပွဲစဉ်များစွာ၌ ပရိသတ်များကို အစမ်းကြည့်ခွင့်ပေးမည်ဖြစ်ပြီး အောက်တိုဘာတွင် ပရိသတ်များ ပိုမိုကြည့်ခွင့်ရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 17 September 2020

ပရီးမီးယားလိဂ်အောက်ရှိ အတန်း(၃)တန်းဖြစ်သော လိဂ်ချန်ပီယံရှစ်၊ League One ၊ League Two ပြိုင်ပွဲများတွင် ယခုရက်သတ္တပတ်ကုန်ကစားမည့်ပွဲစဉ်များ၌ ပရိသတ်များကို ကွင်းအတွင်း အစမ်းကြည့်ရှုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အင်္ဂလန်တွင် ယင်းအမှတ်ပေးပြိုင်ပွဲ (၃)ခုမှာ အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့ချုပ် (EFL)လက်အောက်တွင်ရှိသောကြောင့် ယင်းအသင်းများကို EFL ကလပ်များဟု ခေါ်ဆိုကြပြီး စုစုပေါင်း အသင်း (၇၂)သင်းရှိသည်။

EFL ကလပ်အသင်းများမှာ ပရီးမီးယားလိဂ်ကလပ်အသင်းများကဲ့သို့မဟုတ်ဘဲ ကွင်းဝင်ကြေးကို အဓိကအားထားရသည့် အသင်းများဖြစ်ရာ ကွင်းအတွင်းသို့ ပရိသတ်များပြန်လည်ရောက်ရှိစေရန် ဆန္ဒပြင်းပြလျက်ရှိနေကြသည်။

သို့ဖြစ်ရာ ဗြိတိန်အစိုးရ၏ ခွင့်ပြုချက်များအတိုင်း ယခုရက်သတ္တပတ်ကုန်ပွဲစဉ်များတွင် ပရိသတ်များအစမ်းဝင်ရောက်ကြည့်ရှုခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်သည်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘောလုံးကွင်းများအတွင်းသို့ ပရိသတ်များ စမ်းသပ်ကြည့်ရှုခွင့်ပြုရန် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ခွင့်ပြုချက်ပေးခဲ့သည်။

သို့သော် စမ်းသပ်ကြည့်ရှုခွင့်ပေးမည့် ပရိသတ်အရေအတွက်ကို အများဆုံး (၁၀၀၀)ဦးသာ သတ်မှတ်ထားကြောင်းသိရှိရသည်။

EFL ကလပ်အများစုသည် အစိုးရ၏ခွင့်ပြုချက်အတိုင်း ယင်းစမ်းသပ်ကြည့်ရှုခွင့်ပြုသည့်ပွဲများ (Pilot Games) ကျင်းပရန်စီစဉ်နေပြီး လာမည့်အောက်တိုဘာလအတွင်း ပရိသတ်အရေအတွက် များပြားစွာဝင်ရောက်ခွင့်ရရှိရန် မျှော်လင့်နေကြကြောင်းသိရှိရသည်။

ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှာ ယခုလပိုင်းအတွင်း သိိသိသာသာပြန်လည်မြင့်တက်လာခဲ့သော်လည်း အင်္ဂလန်ဘောလုံးလောကတွင်မူ ကလပ်အသင်းအများစုမှာ ကွင်းအတွင်းပရိသတ်များ ပြန်လည်ဝင်ရောက်ကြည့်ရှုခွင့်ရရှိရေးအတွက် ကြိုးပမ်းနေကြပြီး အစိုးရထံမှခွင့်ပြုချက်ရရှိရန် မျှော်လင့်နေကြသည်။

EFL နှင့် ပရီးမီးယားလိဂ်ကလပ်အသင်းများသည် အင်္ဂလန်ရှိ ရပ်ဘီပြိုင်ပွဲများကဲ့သို့ပင် ပွဲကြည့်စင်ပေါ်သို့ ပရိသတ်များပြန်လည်ရောက်ရှိလာစေရန်အတွက် အစိုးရတာဝန်ရှိသူများကို ဖိအားပေးတောင်းဆိုလျက်ရှိနေကြကြောင်း သိရှိရသည်။

အင်္ဂလန်လက်ရွေးစင်ရပ်ဘီအသင်းမှာ လာမည့်အောက်တိုဘာလအတွင်း Barbarians အသင်းနှင့်ကစားရန်ရှိနေပြီး ယင်းပွဲအတွက် လက်မှတ်များကို ပရိသတ်များထံရောင်းချထားပြီးဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent