တူဟယ်လ်ကို PSG ကစားသမားများ ယုံကြည်မှုကင်းမဲ့လာပြီး ၎င်း၏နည်းစနစ်ကို လှောင်ပြောင်နေကြသည်ဟု RMC Sport ဖော်ပြ

တူဟယ်လ်ကို PSG ကစားသမားများ ယုံကြည်မှုကင်းမဲ့လာပြီး ၎င်း၏နည်းစနစ်ကို လှောင်ပြောင်နေကြသည်ဟု RMC Sport ဖော်ပြ
Photo: GFFN
Photo: GFFN
Published 17 September 2020

PSG အသင်းကစားသမားများသည် အသင်းနည်းပြ တူဟယ်လ်အပေါ် ယုံကြည်မှုကင်းမဲ့လာပြီး ၎င်း၏ နည်းစနစ်များကို လှောင်ပြောင်မှုများပင် ရှိနေကြောင်း ပြင်သစ်အားကစားရုပ်သံ RMC Sport ရုပ်သံက ဖော်ပြခဲ့သည်။

RMC Sport သည် စက်တင်ဘာ (၁၃)ရက်က ကစားခဲ့သည် PSG (၀-၁) မာဆေးလ်ပွဲအပြီးတွင် PSG အသင်း၏ အဝတ်လဲခန်းအတွင်း အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

RMC Sport ၏ ဖော်ပြမှုအရ PSG အသင်း ကစားသမားများသည် အသင်းနည်းပြ တူဟယ်လ်၏ နည်းစနစ်ပိုင်းများကို ရယ်မောလှောင်ပြောင်ခဲ့ကြပြီး အချင်းချင်း '' နေမာကို ဘောလုံးပေးပါ။ နေမာ ရှာပါ''ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် PSG ကစားသမားများ၏ ပြီးခဲ့သည့်ရာသီက အငှားလာကစားပြီး ယခုနွေရာသီအပြောင်းအရွှေ့တွင် ပေါင် (၅၂)သန်းဖြင့် ခေါ်ယူထားသည့် အီကာဒီကို တူဟယ်လ်၏ ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီးလည်း စိတ်ပျက်နေကြကြောင်း သိရသည်။

အသက် (၂၇) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး အီကာဒီသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲတွင် ဂိုး (၂၀)အထိ သွင်းယူနိုင်ခဲ့သူဖြစ်သည်။

သို့သော် တူဟယ်လ်သည် အီကာဒီကို ပြီးခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများတွင် အသုံးပြုခြင်းမရှိဘဲ ၎င်းတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ယင်းအခြေအနေတွင် PSG အသင်းအနေဖြင့် လီဂူးရာသီအဖွင့်ပွဲစဉ် (၂)ပွဲကို ဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းကြောင့် နည်းပြ တူဟယ်လ်၏ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

သို့သော် တူဟယ်လ်က မီဒီယာများ၏ ရေးသားမှုကို စိတ်မဝင်စားကြောင်းနှင့် အနာဂတ်အတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။

တူဟယ်လ်က ''အမြဲတမ်း ဒီအတိုင်းပါပဲ။ ဗိုလ်လုပွဲမှာ ရှုံးရင် အသင်းကနေ သူ ထွက်ရလိမ့်မယ်။ ဒေါ့မွန်အသင်းကိုရှုံးရင် အသင်းကနေ သူ ထွက်ရလိမ့်မယ်။ တကယ်လို့ ဟိုအသင်းကို ရှုံးရင်၊ ဒီအသင်းကို ရှုံးရင် ဒါတွေက အမြဲတမ်းဒီအတိုင်းပဲ။ အခုမှ အသစ်မဟုတ်ဘူး။ အားကစားမှာ ဒါတွေက ဖြစ်နေကျပဲ။ ဒါကို မီဒီယာတွေ လုပ်နေကြတာလေ။ ကျွန်တော် လုပ်နေတာမဟုတ်ဘူး။ ကျွန်တော့် ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ရေးတာကို ကျွန်တော် မဖတ်ဘူး။ ကျွန်တော်က အေးအေးဆေးဆေးပါပဲ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent