အက်သလက်တီကိုနောက်ခံလူ ဟီမင်နက်ဇ်အတွက် မန်စီးတီး၏ ယူရိုသန်း(၁၀၀)ဖြင့်ကမ်းလှမ်းမှု ပယ်ချခံရ

အက်သလက်တီကိုနောက်ခံလူ ဟီမင်နက်ဇ်အတွက် မန်စီးတီး၏ ယူရိုသန်း(၁၀၀)ဖြင့်ကမ်းလှမ်းမှု ပယ်ချခံရ
Published 15 September 2020

မန်စီးတီးအသင်းသည် အက်သလက်တီကိုအသင်းမှ ဥရုဂွေးနောက်ခံလူ ဟီမင်နက်ဇ်ကို ယူရိုသန်း(၁၀၀)ဖြင့်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဟီမင်နက်ဇ်(၂၅ နှစ်)ကို ကာလရှည်စာချုပ်ချုပ်ဆိုရန် ရည်ရွယ်ထားပြီး ကစားသမားကိုယ်တိုင်က အက်သလက်တီကိုအသင်း၏ သဘောထားအတိုင်းသာ လက်ခံလိုလျက်ရှိသည်။

အက်သလက်တီကိုအသင်း CEO မီဂွယ်လ်မာရင်က ဟီမင်နက်ဇ်အတွက် စာချုပ်လျော်ကြေးအတိုင်းရရှိမှသာ ရောင်းချရန် ကလပ်အသင်းတာဝန်ရှိသူများကို ညွှန်ကြားထားသည်ဟု Marca က ဖော်ပြခဲ့သည်။

အက်သလက်တီကိုအသင်းသည် ဟီမင်နက်ဇ်ကို ယူရိုသန်း(၁၂၀)တန်လျော်ကြေးစာချုပ် ချုပ်ဆိုထားပြီး ယင်းတန်ဖိုးအတိုင်းကမ်းလှမ်းမှသာ လက်ခံစဉ်းစားမည်ဟုလည်း တုံ့ပြန်ခဲ့သည်။

အက်သလက်တီကိုအသင်းသည် ဟီမင်နက်ဇ်ကို ၂၀၁၃ ခုနှစ်တွင် ဥရုဂွေးကလပ် ဒါနူဘီယိုအသင်းထံမှ ယူရို(၉)သိန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးထားကြောင်း သိရသည်။

ဟီမင်နက်ဇ်သည် ပြီးခဲ့သည့်နှစ်နွေရာသီကမှ စာချုပ်သက်တမ်း တိုးထားပြီး ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့သည်။

Most Read

Most Recent