ဖူလ်ဟမ်အားအနိုင်ရသည့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းတွင် အာဆင်နယ် ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် တိုက်စစ်မှူး အန်ကယ်တီယာတို့ အချင်းများ

ဖူလ်ဟမ်အားအနိုင်ရသည့်ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းတွင် အာဆင်နယ် ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် တိုက်စစ်မှူး အန်ကယ်တီယာတို့ အချင်းများ
Published 14 September 2020

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် ဖူလ်ဟမ်-အာဆင်နယ်ပွဲ မတိုင်မီ အာဆင်နယ်ကစားသမားများ လေ့ကျင့်ခန်းပြုလုပ်ရာ၌ စပိန်ကွင်းလယ်လူ စီဘယ်ယို့စ်နှင့် အင်္ဂလန်တိုက်စစ်မှူး အန်ကယ်တီယာတို့ အချင်း များခဲ့ကြကြောင်းသိရသည်။

အာဆင်နယ်အသင်းက အဝေးကွင်းတွင်(၃-၀)ဂိုးဖြင့် အနိုင်ရသော ယင်းပွဲမတိုင်မီ ဖူလ်ဟမ်အသင်း၏ ကာရာဗန်ကော့တေ့ချ်ကွင်းအတွင်း အာဆင်နယ်ကစားသမားများ သွေးပူလေ့ကျင့်ခန်းပြုလုပ်ခဲ့သည်။ 

ကွင်းလယ်စက်ဝိုင်းစည်းအနီး အာဆင်နယ်ကစားသမားအချို့ ဘောလုံးလုတမ်း(Rondo Game- ခွေးရူး)ကစားနေစဉ် စီဘယ်ယို့စ်(၂၄ နှစ်)နှင့် အန်ကယ်တီယာ (၂၁ နှစ်)တို့ အချင်းများခဲ့ခြင်းဖြစ်သည်။

ကစားသမားများအလယ်တွင် ဘောလုံးကိုလိုက်လုသော စီဘယ်ယို့စ်သည် အန်ကယ်တီယာထံမှ ဘောလုံးကို ဒေါသတကြီးဖြင့် လုယူခဲ့ရာ၌ ၎င်းတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး ဆွဲလားရမ်းလားဖြစ်ခဲ့သည်ကို တွေ့မြင်ရသလို၊ နောက်တစ်ကြိမ်၌လည်း စီဘယ်ယို့စ်ဘောလုံးလုယူရန် ပြေးအလာတွင် အန်ကယ်တီယာက ဘောလုံးကို ဘေးသို့အားဖြင့် ကြုံးကန်လိုက်ရာ နှစ်ဦးသား အချင်းများခဲ့ပြန်သည်။ 

ယင်းဖြစ်စဉ်နှစ်ခုလုံးတွင် စီဘယ်ယို့စ်က လက်မြန်မြန်ဖြင့် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သား အန်ကယ်တီယာ၏ရင်ဘတ်ကို တွန်းထုတ်ခဲ့သည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ 

ယင်းဖြစ်ရပ်နှစ်ကြိမ်စလုံးတွင် အနီးရှိ အာဆင်နယ်အသင်းဖော်ကစားသမားများက ၎င်းတို့နှစ်ဦးအား ကြားဝင်ဖျန်ဖြေကာ ရန်ပွဲမဖြစ်ပွားရန် တားဆီးခဲ့ရသည်။ 

ယင်းဖြစ်ရပ်အား BT Sports HD လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့၍ အာဆင်နယ်ပရိသတ်များက အသင်း၏ အခြေအနေအတွက် စိုးရိမ်ပူပန်ခဲ့သော်လည်း ယင်းပွဲတွင် အာဆင်နယ်အသင်းက (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ 

ယင်းပွဲ၌ စီဘယ်ယို့စ်နှင့် အန်ကယ်တီယာတို့မှာ ပွဲထွက်ကစားသမားအဖြစ် မကစားခဲ့ရဘဲ အရန်ကစားသမားများအဖြစ်သာ ပါဝင်ခဲ့ကြသည်။ 

စီဘယ်ယို့စ်သည် ပွဲချိန်(၇၉) မိနစ်တွင် ဆွစ်ဇာလန်ကွင်းလယ်လူ ချာကာအစားလည်းကောင်း၊ အန်ကယ်တီယာမှာ ပွဲချိန်(၈၇)မိနစ်တွင် ပြင်သစ်တိုက်စစ်မှူး လာကာဇက်အစားလည်းကောင်း လူစားဝင်ကစားခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent