နိုင်ငံပိုင်ကလပ်၊ ဘီလျံနာပိုင်ကလပ်များ၏ လမ်းကြောင်းအတိုင်း သွားနေသည့်အသင်းမဟုတ်သဖြင့် ငွေအများကြီးမသုံးနိုင်ဟု ကလော့ပ်ဆို

နိုင်ငံပိုင်ကလပ်၊ ဘီလျံနာပိုင်ကလပ်များ၏ လမ်းကြောင်းအတိုင်း သွားနေသည့်အသင်းမဟုတ်သဖြင့် ငွေအများကြီးမသုံးနိုင်ဟု ကလော့ပ်ဆို
Photo: Getty Images
Photo: Getty Images
Published 11 September 2020

လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က ယခုရာသီတွင် အပြောင်းအရွှေ့လှုပ်ရှားမှုများ  သိပ်မရှိခြင်းနှင့်ပတ်သက်ပြီး မိမိတို့ အသင်းသည် နိုင်ငံပိုင်ကလပ်များ၊ ဘီလျံနာပိုင်ကလပ်များနှင့် မတူညီသည့်လမ်းကြောင်းဖြင့် သွားနေသည့်အသင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

ယာဂန်ကလော့ပ်၏ ယင်းကဲ့သို့ ပြောဆိုမှုမှာ UAE တော်ဝင်မိသားစုပိုင် ကုမ္ပဏီ၏ ကလပ်အသင်းဖြစ်သည့် မန်စီးတီးနှင့် ရုရှားအော်လီဂါတစ်ဦးဖြစ်သည့် အေဘရာမိုဗစ်ချ်ပိုင်ဆိုင်ထားသည့် ချယ်လ်ဆီးတို့ကို ရည်ရွယ်ခဲ့ခြင်းဖြစ်နိုင်ပြီး အမည်တပ်ပြောဆိုမှုကိုမူ မပြုလုပ်ခဲ့ချေ။

မန်စီးတီးအသင်းသည် အလွန်တောင့်တင်းသည့် အခြေအနေတွင် အားဖြည့်ပြင်ဆင်မှုများလုပ်ခဲ့ပြီး ထပ်မံကြိုးစားမှုများရှိသလို၊ ချယ်လ်ဆီးအသင်းကလည်း ယခုရာသီတွင် ထိပ်တန်းကစားသမားများစွာကို ခေါ်ယူထားပြီးဖြစ်သည်။

ကလော့ပ်က "ကျွန်တော်တို့က ဘာမှမသေချာတဲ့ ကမ္ဘာကြီးမှာ နေနေရပြီး တချို့အတွက်တော့ ဘာတွေမသေချာဘူးလဲဆိုတာက သိပ်အရေးမကြီးပါဘူး။ နိုင်ငံအစိုးရတွေ၊ အော်လီဂါ (ရုရှားဘီလျံနာ) တွေက ပိုင်ဆိုင်ထားတယ်။ ဒါက အမှန်တရားပါပဲ။ ကျွန်တော်တို့က မတူညီတဲ့လမ်းကြောင်းနဲ့ သွားနေတဲ့အသင်းမျိုးပါ။ ချယ်လ်ဆီးဆိုရင် ကစားသမားကောင်းများစွာခေါ်ယူခဲ့ပြီး ဒါဟာ အားသာချက်ရှိပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေကို အံဝင်ခွင်ကျသုံးနိုင် ဖို့တော့လိုပါတယ်။ ကမ္ဘာ့အကောင်းဆုံး (၁၁)ယောက်ကို ဘယ်သူမှမခေါ်နိုင်ပါဘူး။ လာမယ့်ပွဲစဉ်မှာ အကောင်းဆုံးကစားနိုင်မယ့် (၁၁)ယောက်ကိုပဲ မျှော်လင့်ရတာပါ" ဟုဆိုခဲ့သည်။ 

Most Read

Most Recent