မဲဆွယ်စည်းရုံးရေး အစီအစဉ်လျှောက်လွှာကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထားတင်ပြရန် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားစာသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့် ကွဲလွဲနေကြောင်း SNLD ပါတီ ဝေဖန်

မဲဆွယ်စည်းရုံးရေး အစီအစဉ်လျှောက်လွှာကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထားတင်ပြရန် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားစာသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်နှင့် ကွဲလွဲနေကြောင်း SNLD ပါတီ ဝေဖန်
Published 10 September 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်း၊ စုဝေးဟောပြောခြင်းအစီအစဉ်များကို စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထားတင်ပြရန်နှင့် ယင်းရက်ကျော်လွန်လျှင် မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပါတီထံ စက်တင်ဘာ ၉ ရက်တွင် အကြောင်းကြားစာ ပေးပို့လာကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) တွင် ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခြင်းတို့ကို လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီး ၁၅ ရက်အတွင်းတင်ပြရမည်ဟု ဖော်ပြထားကြောင်း မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို သြဂုတ် ၃၀ ရက်က တိုင်းနှင့်ပြည်နယ်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပြသခြင်းကြောင့် စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ မဲဆွယ်စည်းရုံးရေးဆောင်ရွက်ချက်များကို ရေးဆွဲတင်ပြစေခြင်းဖြစ်ကြောင်း မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံနော်က ပြောကြားသည်။

“ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ကပ်ကြေညာပြီး ၁၅ ရက်အတွင်း ကွင်းဆင်းမယ့် စည်းရုံးရေးစီမံချက်တွေ တင်ရမယ်ဆိုတော့ အဲဒီ ၁၅ ရက်အတွင်းထဲမှာ ရေးဆွဲပြီးတော့ တင်ရမယ့်ကိစ္စ ဖြစ်တယ်လေ” ဟု ဦးစံနော်က ပြောကြားသည်။ 

ထိုသို့ မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွန်ကြားစာပါ အချက်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက် (၁/ ၂၀၁၄) ပါ ညွှန်ကြားချက်နှင့် ကွဲလွဲနေကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“၁/ ၂၀၁၄ အရ ၁၅ ရက်အတွင်း မဲဆွယ်စည်းရုံးရေးအတွက် လျှောက်ထားနိုင်တယ်ဆိုပေမဲ့လို့ မလျှောက်ထားရင်လည်း စည်းရုံးလို့မရဘူးဆိုတာမပါဘူး။ အဲဒီတော့ ရက်ပေါင်း ၆၀ အတွင်းမှာ လွတ်လွတ်လပ်လပ် စည်းရုံးနိုင်တာပဲ။ အဲဒါကိုကျော်လွန်ပြီးတော့မှ သူ့အနေနဲ့က စက်တင်ဘာ ၁၄ ရက်ထက် ကျော်လွန်ရင် ခွင့်ပြုနိုင်မှာမဟုတ်ကြောင်းဆိုတာ ဘယ်လိုဥပဒေ၊ စည်းကမ်းကိုကိုင်ပြီးတော့မှ ကန့်သတ်ရတာလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်” ဟု SNLD ပါတီ၏ နိုင်ငံရေးနှင့် မဲဆွယ်စည်းရုံးရေးတာဝန်ခံလည်းဖြစ်သူ ဦးစိုင်းလိတ်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်နှင့် ပက်သတ်သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၁၄) ကို ၂၀၁၄ ခုနှစ် ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ကော်မရှင်၏ အဆိုပါညွှန်ကြားချက်တွင် လွှတ်တော်ကိုုယ်စားလှယ်လောင်း အမည်စာရင်းကြေညာပြီး ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်များကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးထံ လျှောက်ထားရမည်ဟု ဖော်ပြပါရှိသော်လည်း ယင်းနေ့ရက် ကျော်လွန်လျှောက်ထားသည့် မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာများကို ခွင့်မပြုရေးအချက်နှင့် မဲဆွယ်ဆောင်ရွက်မည့် ရက်ပေါင်း ၆၀ စာလုံးကို တစ်ပြိုင်တည်း တင်ပြလျှောက်ထားရမည့်အချက် ပါဝင်ခြင်းမရှိပေ။

“သူ့အနေနဲ့ ခွင့်ပြုတယ် မပြုဘူးဆိုတာ ပြောပိုင်ခွင့်မရှိဘူး။ UEC က တရားဝင် ကြေညာထားပြီးသားကိစ္စကို ခွင့်ပြုတယ် မပြုဘူး ဘာမှ ဝေဖန်ပြောစရာမရှိဘူး၊ လုပ်ပိုင်ခွင့်လည်း မရှိဘူး။ အဲဒါ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီးမှ ကန့်သတ်တာ” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

သို့သော် မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးစံနော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အား နိုင်ငံရေးပါတီများက သိပြီးသားဖြစ်၍ ကိုးကားထုတ်ပြန်ခြင်းဖြစ်ကြောင်းနှင့် SNLD ပါတီအပြင် မူဆယ်ခရိုင်အတွင်းရှိ နိုင်ငံရေးပါတီအသီးသီးထံ အကြောင်းကြားပြီးဖြစ်သည်ဟု ပြောကြားသည်။ 

SNLD ပါတီအနေဖြင့် အဆိုပါဖြစ်စဉ်နှင့် အလားတူဖြစ်စဉ်မျိုးကို နောင်ချိုမြို့နယ်အတွင်း ကြုံတွေ့ရသော်လည်း နိုင်ငံရေးပါတီများက အချိန်မရှိဟုဆိုကာ ကန့်ကွက်သဖြင့် ထုတ်ပြန်ခြင်းမရှိတော့ကြောင်းနှင့် အခြားသော ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် မကြုံတွေ့ရကြောင်း ဦးစိုင်းလိတ်က ဆိုသည်။

ပြည်နယ်အတွင်းရှိ အခြားသောခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများလည်း ၎င်းတို့ခရိုင်အတွင်း ရွေးကောက်ပွဲယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထံ မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍ ညွှန်ကြားချက်အမှတ် (၁/ ၂၀၁၄) နှင့်အညီဆောင်ရွက်ရန် အကြောင်းကြားသော်လည်း မည်သည့်ရက် နောက်ဆုံးထားမတင်ပြပါက မဲဆွယ်စည်းရုံးခွင့် လျှောက်လွှာခွင့်ပြုမည်မဟုတ်ကြောင်းဆိုသည့် အချက်မပါရှိကြောင်း သိရသည်။

“ဘယ်နေ့ နောက်ဆုံးထားလျှောက်ရမယ်ဆိုပြီး အဲဒီလိုညွှန်ကြားထားတာတော့ မရှိဘူး။  နိုဝင်ဘာလ ၆ ရက်နေ့အထိ ရက် ပေါင်း ၆၀ အတွင်း လုပ်လို့ရပါတယ်” ဟု တောင်ကြီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရွှေက ပြောကြားသည်။

 

Most Read

Most Recent