ဘရက်စီယာအသင်းမှ အီတလီကွင်းလယ်လူ တိုနာလီကို ခေါ်ယူနိုင်ခဲ့ပြီဟု အေစီမီလန်အသင်း ကြေညာ

ဘရက်စီယာအသင်းမှ အီတလီကွင်းလယ်လူ တိုနာလီကို ခေါ်ယူနိုင်ခဲ့ပြီဟု အေစီမီလန်အသင်း ကြေညာ
Photos : AC Milan
Photos : AC Milan
Published 10 September 2020

အေစီမီလန်အသင်းသည် တန်းဆင်းသွားသည့် ဘရက်စီယာအသင်းမှ အီတလီကြယ်ပွင့်ကွင်းလယ်လူ တိုနာလီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။ 

အေစီမီလန်အသင်း၏ ထုတ်ပြန်ချက်တွင် ကနဦးအငှားဖြင့်ခေါ်ယူကာ အပြီးသတ်ဝယ်ယူခွင့်ရှိသည့်အချက်ပါဝင်ကြောင်းသာ ရေးသားခဲ့ပြီး အချက်အလက်အသေးစိတ်ကို ဖော်ပြခဲ့ခြင်းမရှိကြောင်း သိရသည်။

တိုနာလီသည် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင်ပင် အေစီမီလန်အသင်းနှင့် ဆေးစစ်မှုခံယူခဲ့ပြီး မွန်းလွဲပိုင်းတွင် (၅)နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့သည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့ကြသည်။ 

အေစီမီလန်အသင်းသည် တိုနာလီကို ကနဦးအငှားဖြင့်ခေါ်ယူမှုအတွက် ယူရို(၁၀)သန်း၊ အပြီးသတ်ဝယ်ယူမှုအတွက် ယူရို(၁၀)သန်း၊ Add-ons ကြေး ယူရို(၁၅)သန်းအထိရှိနိုင်သည့် ပမာဏဖြင့် ခေါ်ယူခဲ့ပြီး အနာဂတ်တွင် အခြားအသင်းတစ်သင်း သင်းသို့ရောင်းချလျှင် အပြောင်းအရွှေ့၏ (၁၀)ရာခိုင်နှုန်းကို ဘရက်စီယာအသင်းက အကျိုးခံစားခွင့်ရှိမည်ဖြစ်သည်။ 

ယခုနွေရာသီကာလအတွင်း တိုနာလီသည် အင်တာမီလန်သို့ရောက်ရန် အလွန်နီးစပ်ခဲ့ပြီးမှ အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ကျောနံပါတ်(၈)ဂျာစီကို ဝတ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ 

''အံ့အားသင့်စရာ စိတ်ခံစားမှုဖြစ်ပြီး ကျွန်တော် အရမ်းပျော်ပါတယ်။ မီလန်အသင်းဂျာစီကို ဝတ်ဆင်ကစားဖို့ဆိုတာ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါ။ အခုချိန်အထိတော့ ကျွန်တော် မဝတ်ရသေးပါဘူး။  ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ ဝတ်ဆင်ဖြစ်ပါလိမ့်မယ်''ဟု တိုနာလီက စာချုပ်ချုပ်ဆိုပွဲအပြီး ပြောကြားခဲ့သည်။ 

အသက်(၂၀)နှစ်အရွယ်သာရှိသေးသူ တိုနာလီသည် အီတလီလက်ရွေးစင်အသင်းအတွက် (၃)ပွဲကစားထားကြောင်း သိရသည်။

Most Read

Most Recent