ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု
Published 9 September 2020

ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ အကြိုကာလ၌ ၎င်းတို့၏ သဘောထားအယူအဆများ၊ ပြဿနာများနှင့်ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်များအား မဲဆန္ဒရှင်ပြည်သူများထံသို့ ချပြနိုင်သည့် အဓိကနည်းလမ်းမှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများပင် ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များသည် ၎င်းတို့ ပြောကြားလိုသည်များကို လူထုထံမှောက်ရောက်ရှိရန် သတင်းမီဒီယာများ၊ လူထုစုဝေးပွဲများ၊ စာဖြင့် ရေးသားထုတ်ပြန်ခြင်းများနှင့် အခြားနည်းလမ်းများ စသဖြင့် နည်းလမ်းအမျိုးမျိုး အသုံးပြုကြသည်။ အချို့နိုင်ငံများတွင် ယင်းကဲ့သို့ ပြုလုပ်နိုင်ရန် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအား အများပိုင်သတင်းမီဒီယာများတွင် ထုတ်လွှင့်ချိန်ပေးလေ့ရှိသည်။ များသောအားဖြင့် ရွေးကောက်ပွဲမကျင်းပမီ တစ်လမှ သုံးလေးလအထိကို မဲဆွယ်စည်းရုံးရေးကာလအဖြစ် ဥပဒေအရ သတ်မှတ်ပေးထားသည်။ နိုင်ငံများစွာတို့တွင် မဲဆွယ်စည်းရုံးခြင်းအား ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက် သို့မဟုတ် နှစ်ရက်ခန့်အလို၌ အဆုံးသတ်စေသည်။

ဒီမိုကရေစီနည်းကျသည့် ရွေးကောက်ပွဲတစ်ခုတွင် ရွေးကောက်ပွဲယှဉ်ပြိုင်သူများ ထောက်ခံမှုရရှိအောင် ပြုလုပ်ခြင်း၊ ထောက်ခံသူများက ယှဉ်ပြိုင်သူများကို အနိုင်ရရှိရေးအတွက် ကူညီအားပေးခြင်းနှင့် မဲပေးခြင်း အစရှိသည်တို့၌ မျှတသည့် အခွင့်အလမ်းများ တန်းတူရရှိရန် လိုအပ်သည်။ ယင်း၌ မဲဆွယ်စည်းရုံးရေးသည် အလွန်အရေးပါသည်။ စစ်မှန်သော ယှဉ်ပြိုင်မှုရှိသည့် ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲယှဉ်ပြိုင်သူများ လူထုရှေ့မှောက်သို့ ရောက်ရှိပြီး မဲဆွယ်နိုင်ရန် မျှတသည့် အခွင့်အရေးများကို ပေးရသည်။ မဲဆွယ်စည်းရုံးခြင်းကြောင့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများသည် ၎င်းတို့ ပြောကြားလိုသည်များကို လူထုထံ ချပြနိုင်ပြီး မဲဆန္ဒရှင်ပြည်သူများသည်လည်း ရွေးကောက်ပွဲနေ့တွင် ယင်းအချက်အလက်များအပေါ် အခြေခံ၍ အချက်ကျကျ မဲထည့်နိုင်ကြမည်ဖြစ်သည်။

တရားမျှတစွာ ယှဉ်ပြိုင်နိုင်သည့်၊ ပြည်သူ့ဆန္ဒကို အမှန်တကယ်ထင်ဟပ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာရန် နိုင်ငံတော်၏အထောက်အပံ့များအား ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များထံ မျှမျှတတ ခွဲဝေပေးရမည်ဖြစ်သည်။ ယင်းကဲ့သို့ နိုင်ငံတော်အထောက်အပံ့များအား ခွဲဝေရန် ဆုံးဖြတ်ချက်ချသည့်အခါ ပွင့်လင်းမြင်သာရန် လိုအပ်သည်။ သို့မှသာ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် ပြည်သူလူထုတို့သည် ဆုံးဖြတ်ချက် ရလဒ်များအား နားလည်သဘောပေါက်ပြီး ယုံကြည်မှုရှိမည်ဖြစ်သည်။

မဲဆွယ်စည်းရုံးရန် တရားဝင် သတ်မှတ်ထားသည့် အချိန်၊ ရနိုင်သည့် နိုင်ငံတော် အထောက်အပံ့ စသည့် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၏ အကူအညီဖြင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ခံကိုယ်စားလှယ်များသည် စည်းရုံးရေးလုပ်ငန်းစဉ်များကို သင့်တော်သလို စီစဉ်နိုင်ပြီး နိုင်ငံတော်ထံမှ အထောက်အပံ့တစ်စုံတစ်ရာ ရနိုင်မရနိုင် သိနိုင်သည်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သတင်းအချက်အလက်များ လက်ဝယ်ရှိခြင်းဖြင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများသည် လူထုစည်းရုံးရေးလုပ်ရန်နေရာ၊ မီဒီယာတွင် ထုတ်လွှင့်ချိန် စသည်ဖြင့် နိုင်ငံတော် အထောက်အပံ့များအား ကိုယ်စားလှယ်များ မျှမျှတတ ရရှိမှု ရှိ မရှိ ဆန်းစစ်နိုင်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များအား နိုင်ငံပိုင် သတင်းမီဒီယာများတွင် ထုတ်လွှင့်ချိန် ခွဲဝေပေးသည့်အခါ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ၊ ပြည်သူများအနေဖြင့် ယင်းခွဲဝေပေးသည့် ဖြစ်စဉ်အဆင့်အဆင့်သည် ယုံကြည်နိုင်ဖွယ် ရှိ မရှိ၊ နောက်ဆုံးခွဲဝေမှု ရလဒ်များ တရားမျှတမှု ရှိ မရှိတို့ကို သုံးသပ်ကြည့်နိုင်သည်။

နိုင်ငံတော်အထောက်အပံ့ပေးခြင်းများ မရှိသည့်အခါလည်း ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများသည် မဲဆွယ်စည်းရုံးခွင့်ပြုရာတွင် ဘက်လိုက်မှုများ၊ မမျှတမှုများ ရှိ မရှိ ဆန်းစစ်နိုင်သည်။ နိုင်ငံရေးပါတီများအား မဲဆွယ်စည်းရုံးရန် ခွင့်ပြုခဲ့သလား၊ လူထုစည်းဝေးပွဲ အစရှိသည့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများအား ဘက်လိုက်မှု ကင်းစွာ ခွင့်ပြုခဲ့သလား စသည်တို့ကို ဆန်းစစ်ရန်ဖြစ်သည်။ ယင်းကဲ့သို့သော ကဏ္ဍများတွင် ပွင့်လင်းမြင်သာရှိခြင်းသည် ရွေးကောက်ပွဲအပေါ် ရွေးကောက်ခံကိုယ်စားလှယ်များ၊ ပြည်သူများ၏ ယုံကြည်မှု တိုးစေသည့်အပြင် အာဏာရပါတီအနေဖြင့် နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်မှုများ ရှိခဲ့လျှင်လည်း ဖော်ထုတ်ပေးနိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်ရေးအတွက် မဲဆွယ်စည်းရုံးမှု၌ ဘက်လိုက်မှုကင်းစွာဖြင့် ပါတီအသီးသီး ကိုယ်စားလှယ်အသီးသီးတို့အနေဖြင့် တူညီသည့် အခွင့်အရေးများကို တန်းတူရရှိရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 စက်တင်ဘာ ၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent