ကပ်ရောဂါကာလ ချွတ်ခြုံကျနေရသည့် ရွှေတိဂုံစေတီစောင်းတန်း အမှီပြုဘဝများ

ကပ်ရောဂါကာလ ချွတ်ခြုံကျနေရသည့် ရွှေတိဂုံစေတီစောင်းတန်း အမှီပြုဘဝများ
ကပ်ရောဂါကြောင့်ပိတ်ထားသည့် ရွှေတိဂုံစေတီတော်စောင်းတန်းမှ ဆိုင်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
ကပ်ရောဂါကြောင့်ပိတ်ထားသည့် ရွှေတိဂုံစေတီတော်စောင်းတန်းမှ ဆိုင်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)
Published 30 August 2020
နေဝန်းထက်

ရွှေတိဂုံစေတီတော်၏ အရှေ့ဘက်မုခ်အနီး၌ အခြေခံလူတန်းစားများစွာ နေထိုင်သည့် ရပ်ကွက်တစ်ခုရှိနေသည်။ ၁၀ ပေ ပတ်လည်ခန့်သာရှိမည့် ပူးပူးကပ်ကပ် တည်ဆောက်ထားသော ခနော်နီခနော်နဲ့ အိမ်လေးများ၊ တစ်အိမ်နှင့်တစ်အိမ်အကြား ဆက်သွယ်ထားသည့် ဗွက်ထကာ ညစ်ပေ ကျဉ်းမြောင်းလှသော လမ်းကျဉ်းလေးများက ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ နွမ်းပါးချို့တဲ့မှုကို ထင်ဟပ်ပြသနေသည်။ တစ်လလျှင် ကျပ်ခြောက်သောင်းခန့်သာ အိမ်ငှားခပေးရသည့် အဆိုပါရပ်ကွက်အတွင်း လက် လုပ်လက်စား အခြေခံလူတန်းစား မိသားစုများစွာ မှီတင်းနေထိုင်လျက်ရှိပြီး အများစုမှာ နှစ်ပေါင်းများစွာ အိမ်ငှားအဖြစ်ဖြင့် လာရောက်ထိုင်နေကြသူများ ဖြစ်သည်။

ထို ရပ်ကွက်အတွင်း ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်း စျေးဆိုင်ခန်း တစ်ခု၌ နိဗ္ဗာန်ကုန်ပစ္စည်းများကို ပန်းပုထု လုပ်ရောင်းချသည့် ကိုပေါက်စတို့မိသားစု လည်း နေထိုင်လျက်ရှိသည်။ အသက် ၄၀ ကျော်အရွယ်ရှိ ကိုပေါက်စသည် ပန်းပု အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်မှာ နှစ် ၂၀ မျှပင်ရှိပြီဖြစ်သည်။ သူ၏ ဇနီးဖြစ်သူနှင့် အိမ်ထောင်သက် ၁၈ နှစ် သက်တမ်းအတွင်း သားသမီးနှစ်ယောက် ထွန်းကားခဲ့ပြီး ရွှေတိဂုံစေတီတော် အရှေ့ ဘက်စောင်းတန်း၌ ကိုယ်တိုင်ထုလုပ်ထား သည့် နိဗ္ဗာန်ကုန်ပစ္စည်းများ ရောင်းချခြင်း ဖြင့် မိသားစုကို ရှာဖွေကျွေးမွေးခဲ့သည်မှာ သူ၏ သမီးကြီးဖြစ်သူပင် ကိုးတန်းကျောင်း သူ အရွယ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“ကျွန်တော့် နာမည်က ပေါက်စပါ။ ရွှေတိဂုံဘုရား အရှေ့ဘက်စောင်းတန်းက ဆိုင်ခန်းလေးဆယ်မှာ ပန်းပုထုတာပေါ့။ ကျွန် တော်ပန်းပုထုခဲ့တာ နှစ် ၂၀ လောက်ရှိပြီ ပေါ့။ ကျွန်တော့် အမျိုးသမီးနဲ့ အိမ်ထောင် သက်တမ်းက ၁၈ နှစ်၊ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ သမီးလေးက ကိုး တန်းရောက်ပြီပေါ့” ဟု ကိုပေါက်စက ပြောကြားသည်။

ပြန်လည်မြင့်တက်လာသော COVID-19  ရောဂါပိုး တွေ့ရှိမှုများကြောင့် အခြေခံ ပညာကျောင်းများ ပြန်ပိတ်ခဲ့ရပြီဖြစ်သော်လည်း ကိုပေါက်စတို့၏ ၁၀ ပေပတ်လည် အခန်းကျဉ်းလေးအတွင်းတော့ သူ၏သား သမီးနှစ်ယောက်အား တွေ့မြင်ရခြင်း မရှိပေ။ လက်စသတ်ရခြင်း မရှိသေးသော ပန်းပုရုပ်အကြမ်းထည်လေးများ ဟိုတစ်စ ဒီတစ်စ ရှိနေသော်လည်း သူ၏ သားသမီးနှစ်ဦး၏ အငွေ့အသက်များကတော့ ပျောက်ဆုံးလျက်ရှိနေသည်။ ကိုပေါက်စ၏ ဇနီးဖြစ်သူ မနှင်းရွှေစင်သည် ပူပန်သောက ရောက်နေဟန်၊ တစ်စုံတစ်ခုကို လွမ်းဆွတ်နေဟန်ရှိ နေပြီး ပူပန်သောကများ၏ အရိပ်က သူမ၏ မျက်နှာပေါ်၌ အထင်းသား ထင်ဟပ်မြင် တွေ့နေရသည်။

ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ရွှေတိဂုံစေတီတော်ကြီးအား ဧပြီလမှ စတင် ပိတ်ထားခဲ့ရခြင်းကြောင့် ဘုရားစောင်းတန်း တွင် အမှီပြုစျေးရောင်းချနေသည့် ကိုပေါက်စတို့ မိသားစုအတွက် ခက်ခဲကြမ်းတမ်းမှု များစွာ ကြုံတွေ့နေရသည်။ ရွှေတိဂုံစေတီတော် ပိတ်ထားရခြင်းနှင့်အတူ စောင်းတန်းလေးခုမှ စျေးဆိုင်တန်းများသည်လည်း ဖွင့်လှစ်ခွင့် မရှိတော့ပေ။ ထို့ကြောင့် ကိုပေါက်စ၏ ဆိုင်ခန်းလေးလည်း ပိတ်ထားခဲ့ရပြီး သူ တို့မိသားစုအတွက် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့လာခဲ့ရချေပြီ။ အလုပ် လက်မဲ့ဖြစ်သလို ဖြစ်သွားရသည့် သူတို့ဇနီးမောင်နှံအတွက် ရန်ကုန်မြို့ကြီးသည် မိသားစု စားဝတ်နေရေး ခက်ခဲကြမ်းတမ်းမှုများစွာကို ယူဆောင်လာခဲ့သည်။

“ကျွန်မက မနှင်းရွှေစင်ပါ။ အခု ဘုရားကြီးကို ပိတ်ထားခဲ့တာ ငါးလလောက်ရှိနေပြီ။ ကိုပေါက်စ ဆိုင်လေးလည်း ပိတ်ထားရတော့ နှစ်ယောက်စလုံး အလုပ်လက်မဲ့ ဖြစ်သွားတာပေါ့။ အလုပ်မရှိတော့ ဝင်ငွေမရှိတော့ဘူး။ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးဆိုတာတွေလည်း တစ်ကျပ်မှ မရခဲ့ဘူး။ ဒီမှာ ဆန်တွေဆီတွေ ဝေတော့လည်း အစ်မကြီး တို့က တောကို နှစ်လလောက်ပြန်နေတယ် ဆိုပြီး မရဘူး။ အဲဒါနဲ့ သွားပြောတော့ သူတို့ က မှတ်ပုံတင်နံပါတ်နဲ့တစ်ခါတည်းကောက် တာဆိုတော့ ဘာမှမပြောနိုင်ခဲ့ဘူး။ အစ်မ ကြီးတို့ကလည်း ပေါက်ရောက်တဲ့သူတွေမှ မဟုတ်တော့ ဘာမှ ပြောလို့လည်း မရဘူး ပေါ့။ ဒီလိုပဲ ချေးငှားပြီး ရပ်တည်နေရတာ ပဲလေ။ အခက်အခဲတွေကတော့အများကြီး ပေါ့” ဟု မနှင်းရွှေစင်က ဆိုသည်။

ပန်းပုဆရာ ကိုပေါက်စသည် ဘုရား များပိတ်ထားရသည့် ငါးလတာကာလ အတွင်း သူ၏ နေအိမ်အနီး ဗဟန်းစျေးတွင် ရှိသော နိဗ္ဗာန်ကုန်ဆိုင်လေးများထံ သူထု လုပ်ထားသည် ပန်းပုရုပ်လေးများကို သွား ရောက်ရောင်းချခြင်းဖြင့် မိသားစုအတွက် တစ်ခုတည်းသော ဝင်ငွေကို ခက်ခက်ခဲခဲ ရှာ ဖွေနေခဲ့ရသည်။ တစ်လလျှင် ကျပ်ခြောက် သောင်းခန့်သာ ပေးရသော်လည်း ပုံမှန်ဝင် ငွေမရှိတော့သည့် သူတို့မိသားစုအတွက် အိမ်ငှားခ ပုံမှန်ပေးချေရန်အတွက်ပင် ရုန်း ကန်နေရသည်။ ထို့ကြောင့်ပင် ကိုပေါက်စ တို့ ဇနီးမောင်နှံသည် သူတို့၏ သားသမီးနှစ် ဦးနှင့်အတူ တကွ နေထိုင်နိုင်ခြင်း မရှိတော့ ပေ။

မိသားစု စားဝတ်နေရေးအတွက် အနိုင်နိုင်ရုန်းကန်နေရသည့် အချိန်ဖြစ်နေခြင်းက စရိတ်စက ကြီးမြင့်လှသည့် ရန်ကုန် မြို့၌ သားသမီးနှစ်ဦးအတွက် ပညာသင် ကြားစရိတ်သည် ကြီးမားသည့် အခက်အခဲ တစ်ခုဖြစ်လာရပြန်သည်။ ထိုအခြေအနေ ကြောင့်ပင် ကိုပေါက်စသည် ဇနီးဖြစ်သူ၏ နေရပ်ဇာတိသို့ သားသမီးနှစ်ယောက်အား ကျောင်းပြောင်းရွှေ့ခဲ့ရပြီး ကိုပေါက်စတို့ ဇနီးမောင်နှံအတွက် သူတို့၏ ရင်သွေးငယ် များနှင့် အတူတကွနေထိုင်နိုင်ခြင်းမရှိတော့ ပေ။ ထို့ပြင် ကိုပေါက်စတို့ ဇနီးမောင်နှံထံ စားဝတ်နေရေး ဖြေရှင်းရန်အတွက် ကြွေးမြီ များစွာလည်း တင်ရှိလာခဲ့၏။

“အခက်အခဲတွေကတော့ဗျာ ကလေး နှစ်ယောက်ကို ရန်ကုန်မှာ ကျောင်းထားပေး ဖို့ မတတ်နိုင်တော့ဘူး။ အဲဒါကြောင့် ကျွန် တော့် မိန်းမဇာတိ ပျော်ဘွယ်ကို ပြောင်းပေး လိုက်ရတယ်။ အဲဒီမှာက ဆွေမျိုးတွေ မိဘ တွေရှိတော့ တော်သေးတယ်လေ။ ကျွန်တော်ကတော့ ဗဟန်းစျေးထဲမှာ ပန်းပုရုပ်လေးတွေ သွားတင်ရောင်းပေါ့။ တစ်ရက်ကို လေးငါးထောင်လောက်တော့ ရတဲ့အခါ လည်း ရတာပေါ့ဗျာ။ အဲဒီလောက်မှ မရရင် လည်း စားဖို့တောင်အဆင်မပြေတော့ဘူး လေ။ ပန်းပုပဲထုတတ်တော့ ဒါနဲ့ပဲ အလုပ် လုပ်စားတတ်တယ်။ ကျန်တာလည်း မလုပ် တတ်ဘူး” ဟု ကိုပေါက်စက ပြောပြသည်။

သားသမီးများနှင့် ခွဲခွာနေရခြင်း၊ စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေရခြင်း စသည့် စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ခက်ခဲကြမ်းတမ်းမှုများ ကြုံတွေ့နေ ရခြင်းကြောင့် မနှင်းရွှေစင်သည် ပူပန်သော ကကြီးစွာခံစားနေရသည်။ မိုင်ပေါင်းများစွာ ဝေးကွာနေရသည့် သားသမီးနှစ်ဦးကို လွမ်းဆွတ်သတိရနေမှုက မိခင် မနှင်းရွှေစင် အတွက် အိပ်မပျော်သည့် ညများ ထပ်လာခဲ့ သည်။ ထို့အတူ အိမ်ငှားခ တစ်လ ကျပ်ခြောက် သောင်းပင်အနိုင်နိုင်ဖြစ်နေသည့် သူတို့ဇနီး မောင်နှံ၌ ငါးလတာအတွင်း တင်ရှိလာခဲ့ သည့် နေ့ပြန်တိုးကြွေးပူ သိန်းဂဏန်းက လည်း ရှိနေပြန်သည်။

֧“ညညဆို ကလေးတွေကို လွမ်းတဲ့စိတ် နဲ့ အိပ်မပျော်ဘူး။ ကျောင်းတွေပြန်ဖွင့်လာရင်လည်း နှစ်ယောက်စလုံးက အလုပ်မရှိ တော့ ဒီမှာ ကျောင်းထားဖို့ဆိုတာ စရိတ် မတတ်နိုင်ဘူးလေ။ အစ်မကြီးတို့မှာ အိမ်ငှား ခတစ်လခြောက်သောင်းတောင် မနည်းပေး နေရတာ။ အခက်အခဲတွေကတော့ စားဝတ် နေရေးပေါ့။ အလုပ်မှမရှိတော့တာ။ ကလေး တွေနဲ့ ခွဲနေရတာကို အရမ်းစိတ်ထိခိုက်ရ တယ်။ ဒါပေမဲ့လည်း ဘယ်လိုလုပ်ရပါ့မလဲ” ဟု သားသမီးများကို လွမ်းဆွတ်စွာဖြင့် မနှင်းရွှေစင်က မျက်ရည်ဝဲလျက် ပြောပြသည်။

COVID-19 ကပ်ရောဂါ ကာလ မတိုင်မီ အချိန်များက ရွှေတိဂုံစေတီတော်၏ စောင်းတန်းလေးခု၌ ဘုရားဖူးလာပြည်သူ များကို အမှီပြုရောင်းချနေသည့် စျေးဆိုင် ခန်းပေါင်း ၄၀၀ ကျော် ရှိခဲ့သည်။ ဘုရား၊ စေတီများမပိတ်မီ ကပ်ရောဂါ စတင်ဖြစ် ပွားနေသည့် မတ်လလယ်ခန့်တွင်ပင် ရွှေတိ ဂုံစေတီတော် စောင်းတန်းများမှ စျေးသည် များသည် ဘုရားဖူးပြည်သူများ အလွန် အမင်း နည်းပါးခဲ့ခြင်းကြောင့် အခက်အခဲ များစွာ စတင်ရင်ဆိုင်ခဲ့ရသည်။ ယင်းနောက် ပိုင်းတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရန် အတွက် ရန်ကုန်မြို့ရှိ ဘုရားစေတီများကို ပိတ်လိုက်ရသည့် အခါတွင်တော့ ရွှေတိဂုံစေ တီတော် စောင်းတန်းလေးခုမှ စျေးဆိုင်ခန်း များလည်း ပိတ်သိမ်းခဲ့ရပြီး ရာနှင့်ချီသည့် မိသားစုများသည်လည်း ဝင်ငွေမဲ့ကာ စား ဝတ်နေရေး စတင်ကျပ်တည်း လာခဲ့သည်။

ပန်းပုဆရာ ကိုပေါက်စကဲ့သို့သော ရွှေ တိဂုံစေတီတော်ကြီးသို့ လာရောက်ဖူးမြော် ကြသည့် ဘုရားဖူးပြည်သူများကို အမှီပြု အသက်မွေးဝမ်းကျောင်းပြုနေရသည့် စျေး သည်များစွာ ရှိပေသည်။ ယခင် ဘုရားစေတီ များ မပိတ်မီကာလတွင် ရွှေတိဂုံစေတီတော် ၏ စောင်းတန်းများ ဘေးတစ်ဖက်တစ်ချက် စီ၌ များစွာသော စျေးဆိုင်ခန်းများ ရှိခဲ့သည်။  အချို့က ဘုရားဆင်းတုများ ထုလုပ်ရောင်းချ ကြသည်။ အချို့က လက်မှုအနုပညာပစ္စည်း များကို ရောင်းချကြသည်။ ဘုရားကပ်လှူ ရန်အတွက် အမျိုးမျိုးသောပန်းများ ရောင်း ချကြသူများလည်း ရှိခဲ့သည်။ ထိုစျေးသည် များသည် ဆယ်စုနှစ်များနှင့် ချီ၍ ရွှေတိဂုံ စေတီတော်ကြီး၏ စောင်းတန်းများ၌ စျေး ရောင်းချခဲ့သူများဖြစ်သည်။ သူတို့သည် နံနက်ဝေလီဝေလင်း စေတီတော်ဖွင့်ချိန်မှ စတင်ကာ ညဘက် စေတီတော်ပိတ်ချိန်အထိ နိစ္စဓူဝ စျေးရောင်းချကာ မိသားစုကို ရှာဖွေ ကျွေးမွေးခဲ့ကြသူများဖြစ်ပြီး အခြားသော အလုပ်အကိုင်များကိုလည်း လုပ်ကိုင်တတ် ခြင်း မရှိကြကြောင်း ဖွင့်ဟဝန်ခံကြသည်။

“ဘုရားကြီးကို ဧပြီ ၁၀ ရက်ကနေ စပိတ်ခဲ့တာဆိုတော့ အခုဆို ငါးလလောက် ရှိပြီပေါ့။ ဘုရားကြီးက တစ်ခါမှ မပိတ်ဖူးဘူး လေ။ အစ်မတို့က ပန်းဆိုင်ဖွင့်ထားတာ။ ဆိုင်ငှားပြီးတော့ပေါ့။ ဆိုင်ကဖွင့်တာ တော် တော်ကြာပါပြီ။ ဘုရားကြီးက တစ်ခါမှမပိတ်ဖူးဘူး။ အခု ပိတ်ထားလိုက်ရတော့ စီးပွားရေးတစ်ခုလုံးကို ရပ်ထားလိုက်ရတော့ ဒီငါးလအတွင်း အခက်အခဲတွေကတော့ တော် တော်ကြီးကို ကြုံနေရတာပေါ့။ စီးပွားရေး တစ်ခုလုံးကို ရပ်လိုက်ရတယ်။ နောက်စီးပွား သစ်တစ်ခုကို လုပ်ဖို့ဆိုတာက မလွယ်ဘူး လေ။ စီးပွားအသစ်စဖို့ ဆိုတာကလည်း ငယ် ငယ်ကတည်းက ဒီမှာပဲ စျေးရောင်းလာခဲ့ရ တာ။ ဘုရားကြီးကလည်း တစ်ခါမှ ဒီလို အကြာကြီး မပိတ်ဖူးတော့ ဖြတ်သန်းရတာ မလွယ်ဘူးပေါ့” ဟု ရွှေတိဂုံဘုရားစောင်း တန်း၌ ပန်းဆိုင်ဖွင့်လှစ်ရောင်းချသူ မပန်းရီရီသင်းက ပြောကြားသည်။

ကြုံတွေ့လာရသည့် စီးပွားရေးအခက် အခဲများကို ဖြေရှင်းရန်တွက် စောင်းတန်းမှ စျေးသည်များသည် သူတို့တွင်ရှိသည့် အသုံး အဆောင်ပစ္စည်းများကို ပေါင်နှံရောင်းချ ခြင်းမှတစ်ပါး အခြားမရှိတော့ဟုလည်း ဆို ကြပြန်သည်။ ထိုစျေးသည်များသည် ရွှေတိ ဂုံ စေတီတော်စောင်းတန်းများ၌ စျေးဆိုင်ဖွင့် လှစ်ရောင်းချရန်အတွက် လစဉ် ကျပ်နှစ် သောင်း ခြောက်ထောင်ခန့် အခွန်ငွေအဖြစ် ပေးသွင်းပြီးမှ ရောင်းချခွင့်ရရှိခြင်းဖြစ်သော် လည်း သူတို့ထံတွင်လုပ်ငန်းလိုင်စင်မရှိကြပေ။ ထို့ကြောင့်ပင် ကပ်ရောဂါကာလအသေး စားစီးပွားရေးလုပ်ငန်းများအတွက် ထုတ် ပေးသည့် ချေးငွေရယူရန်အတွက် အခွင့် အရေး မရှိခဲ့ဟု ပြောပြကြသည်။

“အစ်မတို့ စျေးဆိုင်တွေက တစ်လကို အခွန်အဖြစ် နှစ်သောင်းခြောက်ထောင်ပေး သွင်းရတယ်။ ဒါပေမဲ့ အခုဆိုင်တွေပိတ်ထား ရတော့ အစ်မတို့မှာ လုပ်ငန်းလိုင်စင်က မရှိ ဘူး။ ဖွင့်တာကကြာပြီနော်။ ဒါပေမဲ့ အစ်မတို့ ဆိုင်တိုင်းဆိုင်တိုင်းမှာ လုပ်ငန်းလိုင်စင်က မရှိဘူး။ အဲဒီတော့ ချေးငွေတွေဘာတွေကို လျှောက်လို့မရဘူး။ လိုက်မေးတော့လည်း လုပ်ငန်းလိုင်စင်ရှိမှ ချပေးမှာလေ။ အဲဒါ လည်း အခက်အခဲတစ်ခုပေါ့။ နိုင်ငံတော်က COVID-19 အတွက် ချေးငွေတွေ ချပေး တယ်။ လုပ်ငန်းလိုင်စင်မရှိတော့ အစ်မတို့ တွေ လျှောက်လို့မရဘူး။ ဘာမှ လုပ်လို့မရ ဘူး” ဟု မပန်းရီရီသင်းက ပြောပြသည်။

ရွှေတိဂုံစေတီ စောင်းတန်းများတွင် ဖွင့်လှစ်ရောင်းချခဲ့သည့် စျေးသည်များသာမက ထိုစျေးသည်များကိုအမှီပြု စီးပွားရှာနေရသည့် အခြားသော စျေးသည်များလည်း ရှိနေသည်။ ဒေါ်မကြီးသည် စောင်းတန်းများ အနီး စားသောက်ဆိုင်တန်းမှ စျေးသည်တစ် ဦးဖြစ်သည်။ သူမသည် ရွှေတိဂုံစေတီတော် စားသောက်ဆိုင်တန်းများ၌ စျေးဆိုင်ဖွင့် လှစ်ရောင်းချခဲ့သည်မှ နှစ်ပေါင်း ၄၀ ကျော် မျှ ရှိပြီဖြစ်သည်။ ဒေါ်မကြီးသည် စောင်း တန်းများမှစျေးသည်များကိုအမှီပြု စီးပွား ရှာနေရခြင်းဖြစ်သဖြင့် ထိုစျေးသည်များ ဆိုင် ခန်းဖွင့်လှစ်နိုင်ခြင်းမရှိသည့်အချိန်တွင် သူမသည်လည်း စားဝတ်နေ ရေးအခက်အခဲ များကို တွေ့ကြုံလာခဲ့ရသည်။

“ဒီကို တစ်နှစ်သမီးကတည်းက ရောက်ခဲ့တာ။ စောင်းတန်း စားသောက်ဆိုင်တန်း မှာ စျေးဆိုင်ဖွင့်ထားတာပေါ့။ အခု စောင်းတန်းက စျေးဆိုင်တွေလည်းပိတ်တော့အစ်မ ကြီးတို့ကလည်း သူတို့ကိုမှီခိုပြီး စီးပွားရှာ နေရတာလေ။ သူတို့အဆင်မပြေတော့ အစ်မ ကြီးတို့လည်း အဆင်မပြေတော့ဘူး။ မိသား စုကလည်းများတယ်လေ။ အခုဆို ဆိုင်ခန်းခတွေလည်း မပေးနိုင်၊ အိမ်လစာတွေလည်း ပေးစရာတွေရှိသေးတယ်။ အစ်မကြီးတို့က အကုန်လုံးကို အဆင်ပြေစေချင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ဘယ်လိုအဆင်ပြေအောင် လုပ်ပေးနိုင်မလဲ တောင်းဆိုပါတယ်” ဟု ဒေါ်မကြီးက ဆို သည်။

ရွှေတိဂုံစေတီတော် အရှေ့ဘက် စောင်းတန်းရှိ ပန်းဆိုင်တစ်ဆိုင်တွင်အသက် ၂၀ ကျော်အရွယ်ရှိမည့် မသဲစု အလုပ်လုပ် ကိုင်ခဲ့သည်။ ကပ်ရောဂါကြောင့် စေတီတော် ပိတ်ထားခဲ့ရသည့် ကာလများအတွင်း ပန်း ဆိုင် အလုပ်သမတစ်ဦးဖြစ်သူ မသဲစုသည် ဆွေမျိုးများ၏ ထောက်ပံ့မှုအချို့နှင့် ဘုရား ဖွင့်ချိန် အလုပ်ပြန်ရသည့်အခါ ပြန်ဆပ်ပါ မည်ဟုဆိုကာ ချေးယူထားခဲ့ရသည့်ငွေကြေး များဖြင့် သူမ၏ စားဝတ်နေရေး အခက်အခဲ ကိုပင်ပန်းကြီးစွာ ဖြေရှင်းနေခဲ့ရသည်။ သူမ နေထိုင်နေသည့် အိမ်ခန်းလေးအတွက် အိမ် ငှားခကိုလည်း ပေးချေနိုင်ခြင်း မရှိတော့ပေ။

“ညီမနာမည်က မသဲစုပါ။ ညီမက အရှေ့ဘက်စောင်းတန်းက ပန်းဆိုင်မှာ အလုပ်လုပ်ပါတယ်။ စေတီတော်ကြီး ပိတ် လိုက်ရတော့ အလုပ်မရှိတော့ဘူး။ ဒီမှာ အစ်မတွေရှိတော့ သူတို့က အဆင်ပြေရင် တော့ ထောက်ပံ့ပေးတယ်။ အဲဒါလေးတွေနဲ့ စားသောက်ရတာပေါ့။ သူတို့ အခက်အခဲရှိ လို့ မထောက်ပံ့နိုင်တော့လည်း ညီမ လိုက် ချေးငှားရတာပေါ့။ ဘုရားကြီးဖွင့်ရင် ပြန် ဆပ်ပါမယ်ဆိုပြီးတော့ပေါ့။ အိမ်ငှားခ လည်း မပေးနိုင်လို့ အိမ်ရှင်ကိုတောင်းပန် ထားရတယ်။ ညီမ ဘယ်လိုရှေ့ဆက်ရမယ် မှန်း မသိတော့ပါဘူး။ အရမ်းဝမ်းနည်းမိ တယ်” ဟု မသဲစုက သူမ၏ အခက်အခဲများ ကို ပြောပြရင်း ငိုကြွေးနေသည်။

ရွှေတိဂုံစေတီတော်စောင်းတန်းလေးခုရှိ စျေးဆိုင်ခန်းလေးရာကျော်၌ စျေးသည်များ၊ အလုပ်သမား၊ ထိုသူများကို အမှီပြုစီးပွားရှာနေသည့် ဒေါ်မကြီးကဲ့သို့သော စားသောက်ဆိုင်တန်းများမှ စျေးသည်များစွာတို့ သည်ယခု ကပ်ရောဂါကာလအတွင်း စားဝတ်နေရေး ကျပ်တည်းမှုများစွာကို ကြုံတွေ့ နေရသည်။ သူတို့၏ နောက်တွင်လည်း မှီခို နေရသည့် မိသားစုများစွာ ရှိနေခဲ့သည်။             

ကိုပေါက်စတို့မိသားစု စုံစုံလင်လင်ဖြင့် အတူတကွ ပြန်လည်နေထိုင်နိုင်ပါ့မလား။ ဒေါ်မကြီးနဲ့ မသဲစုတို့ရော သူတို့၏ စားဝတ်နေရေးအကျပ်အတည်းကို မည်သည့်အချိန်အထိ ကျားကန်ရပ်တည်ထားနိုင်မလဲ။ ထို့အတူ အခြားသော မိသားစုဝင်တွေ ကြုံတွေ့ နေရသည့် အလားတူ အခက်အခဲတွေ အတွက် အဖြေတစ်ခုရှိလာနိုင်ပါ့မလား။

“နိုင်ငံတော်က COVID-19 ကြောင့် ဘုရားကြီးကို ပိတ်ထားရတာကို သိပါတယ်။ COVID-19 ကြောင့် အားလုံးခံစားနေရ တာကိုလည်း သိပါတယ်။ ဒါပေမဲ့ ဒီဆိုင်ခန်းပေါင်း လေး၊ ငါးရာမှာရှိတဲ့ နောက်ကွယ်က မိသားစုတွေ များစွာအတွက်ကို နည်းနည်း လောက် ကြည့်ပေးပါဦး။ COVID-19 ကြောင့် သူများတွေကို ထောက်ပံ့တာတွေကို လည်း ရှိတယ်။ အစ်မတို့ကိုရော ဘယ်လိုမျိုး လုပ်ပေးနိုင်မလဲ။ နည်းနည်းလေးလောက် တော့ ပြန်ကြည့်ပေးကြပါ” ဟု မပန်းရီရီသင်းက ပြောပြသည်။                                           

 

 

Most Read

Most Recent