COVID-19 နှင့် လူမှုစီးပွားဒုက္ခ

COVID-19 နှင့် လူမှုစီးပွားဒုက္ခ
Published 26 August 2020

စံချိန်တင် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်လာသည်။ ရခိုင်ပြည်နယ်တွင် အဆိုးဆုံးအနေအထားဟု ဆိုရမည်ဖြစ်ပြီး သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် COVID-19 ကူးစက်မှု စံချိန်တင်ဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို ရောဂါပိုး ပျံ့နှံ့ရောက်ရှိသကဲ့သို့ ဖြစ်နေပေသည်။ လက်ရှိအခြေအနေမှာ ရခိုင်အတွက်ပင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအနေဖြင့် မပေါ့မဆဘဲ သတိဖြင့် ရင်ဆိုင်ရတော့မည့် အခြေအနေဖြစ်နေသည်။ တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများကို အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ပြီး မည်သည့်ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးပေ။ ထို့ပြင် COVID ၏ နောက်ဆက်တွဲ လူမှုစီးပွား ပြဿနာများအတွက်လည်း ကြိုတင်ပြင်ဆင်ရန် လိုအပ်လာတော့မည်မှာ အမှန်ပင်ဖြစ်သည်။

တစ်ကမ္ဘာလုံးတွင် ကိုဗစ်ကူးစက်ခံရသူ ၁၃ သန်းကျော်လာပြီး ယခုဇူလိုင်လအစောပိုင်းမှစ၍ ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုအသစ် ၂ ဒသမ ၅ သန်းရှိလာခြင်းကြောင့် သီတင်းပတ် ခြောက်ခုအတွင်း ကူးစက်မှုအသစ် နှစ်ဆတိုးလာသည်ဟု ကိန်းဂဏန်းများက ညွှန်ပြနေသည်။ ထို့ကြောင့် ကိုဗစ်သည် တားဆီးကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဝေနိုင်ခြင်းမရှိပါက ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကြီးစွာခြိမ်းခြောက်နေသည့်သဘောတွင် ရှိနေသည်။ အချို့နိုင်ငံများတွင် ပြည်တွင်းကူးစက်မှုရက်ပေါင်းများစွာ မရှိတော့သည့်အခြေအနေမှ အုံနှင့်ကျင်းနှင့် ပြန်လည်ကူးစက်မှုများ တွေ့လာရသည့် သာဓကများရှိခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်သဖြင့် ပေါ့ဆမှုမရှိရန် လိုအပ်နေသည်ဟု သုံးသပ်ကြသည်။  လက်ရှိအချိန်တွင် စားဝတ်နေရေးအတွက် ရုန်းကန်နေရမှုကြောင့် ပြည်သူများကြား ကိုဗစ်စည်းကမ်းချက်များအပေါ် လျစ်လျူရှုသည့် အခြေအနေများလည်း တွေ့မြင်နေကြရသည်။ သေချာသည်မှာ ကိုဗစ်သည် ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုး အချိန်မရွေးဖြစ်လာနိုင်သည်ကို အများက စိုးရိမ်နေကြရဆဲဖြစ်သည်။ တစ်ဖက်တွင် လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများကလည်း ပြည်သူများအပေါ် ဖိစီးနေသည်။ ယင်းကို အာဏာပိုင်များအနေဖြင့် မည်သို့တုံ့ပြန်မည်နည်း။ စနစ်တကျထိန်းချုပ်နိုင်မှုနှင့် လိုအပ်သော ပံ့ပိုးကူညီမှုများ မလုပ်နိုင်လျှင် အန္တရာယ်သည် အချိန်မရွေး ကျရောက်နိုင်ပေသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများမရှိပါက တစ်ကမ္ဘာလုံးထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကျေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်ဟုလည်း ပညာရှင်များက သတိပေးထားပြီးဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရန်လည်း လိုအပ်နေသည်။

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံးကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေး လှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာက ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ကြောင်း သတိပေးထားပြီး နာလန်ထရေး ပိုမိုလျင်မြန်စေရန် အစိုးရအဖွဲ့များအနေဖြင့် တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှုများ လုပ်ဆောင်ရန်လိုနေပေသည်။ မြန်မာနိုင်ငံအနေဖြင့် မကြာမီတွင် စီးပွားရေးဆိုးကျိုးသက်ရောက်လာနိုင်မှုကို ခါးစည်းခံရမည့် နိုင်ငံများတွင် ပါဝင်လိမ့်မည်ဟု သုံးသပ်မှုများရှိနေရာ တာဝန်ရှိသူများက ကိုဗစ်တားဆီးထိန်းချုပ်ရေးအပြင် လူမှုစီးပွားဘဝများကိုပါ အဆိုးဆုံးအခြေအနေရောက်ရှိမသွားစေရန် သတိကြီးစွာ လုပ်ဆောင်ရတော့မည်ဖြစ့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent