PSG - ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြို ထူးခြားချက်များ

PSG - ဘိုင်ယန်မြူးနစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြို ထူးခြားချက်များ
Photos : UEFA Champions League Twitter
Photos : UEFA Champions League Twitter
Published 23 August 2020

■ PSG 

UEFA အဆင့်သတ်မှတ်ချက် - အဆင့်(၇)

ယခုရာသီချန်ပီယံလိဂ်ရလဒ် - (၁၀)ပွဲကစား၊ (၈)ပွဲနိုင် (၁)ပွဲသရေ (၁)ပွဲရှုံး၊ (၂၅)ဂိုးသွင်း (၈)ဂိုးပေး

ဂိုးအများဆုံးသွင်းထားသူ - ဘာပေနှင့် အီကာဒီ (၅ ဂိုးစီ)

ပြီးခဲ့သည့်ရာသီရပ်တည်မှု - (၁၆)သင်းအဆင့်

ယခင်အမြင့်ဆုံးအဆင့် - ဆီမီးဖိုင်နယ်(၁၉၉၄-၉၅)

■ ဘိုင်ယန်မြူးနစ်

UEFA အဆင့်သတ်မှတ်ချက် - အဆင့်(၁)

ယခုရာသီချန်ပီယံလိဂ်ရလဒ် - (၁၀)ပွဲကစား၊ (၁၀)ပွဲနိုင်၊ (၄၂)ဂိုးသွင်း (၈)ဂိုးပေး

ဂိုးအများဆုံးသွင်းထားသူ - လီဝန်ဒေါစကီး (၁၅ ဂိုး)

ပြီးခဲ့သည့်ရာသီရပ်တည်မှု - ကွာတားဖိုင်နယ်

ယခင်အမြင့်ဆုံးအဆင့် - ချန်ပီယံ(၅)ကြိမ်(၁၉၇၃-၇၄၊ ၁၉၇၄-၇၅၊ ၁၉၇၅-၇၆၊ ၂၀၀၀-၀၁၊ ၂၀၁၂-၁၃)

- PSG နှင့် ဘိုင်ယန်မြူးနစ်အသင်းသည် ယခင်က ဥရောပပြိုင်ပွဲတွင် (၈)ကြိမ်တွေ့ဆုံဖူးပြီး အားလုံးမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်တွင်ဖြစ်သည်။ PSG အသင်းက (၅)ပွဲနိုင်နှင့် ဘိုင်ယန်မြူးနစ်အသင်းက (၃)ပွဲနိုင်ထားပြီး ၂၀၁၇ ဒီဇင်ဘာလအတွင်းက နောက်ဆုံးတွေ့ဆုံထားခဲ့သည်။

- PSG အသင်းသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် (၄၁)သင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်တက်ရောက်နိုင်သည့် နောက်ဆုံး(၆)သင်းမှာ ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရပြီး နောက်ဆုံးဗိုလ်စွဲထားသည့်အသင်းမှာ ၁၉၉၇ ခုနှစ်က ဒေါ့မွန်အသင်းဖြစ်သည်။

- ဘိုင်ယန်မြူးနစ်အသင်းသည် ဗိုလ်လုပွဲသို့ (၁၁)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်(၁၆ ကြိမ်)ပြီးနောက် ဒုတိယအများဆုံးအသင်းဖြစ်သည်။ ချန်ပီယံအောင်မြင်မှုတွင်မူ ရီးယဲလ်မက်ဒရစ်(၁၃ ကြိမ်)၊ အေစီမီလန်(၇ ကြိမ်)၊ လီဗာပူးလ်(၆ ကြိမ်)ပြီးနောက် စတုတ္ထအအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

- PSG အသင်းသည် UEFA လက်အောက်ရှိပြိုင်ပွဲများတွင် တတိယအကြိမ်မြောက် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး ယခင်(၂)ကြိမ်မှာ ၁၉၉၅-၉၆၊ ၁၉၉၆-၉၇ ရာသီများက Cup Winners' Cup(ယခု ဖျက်သိမ်း)တွင် ဖြစ်သည်။

- ဘိုင်ယန်မြူးနစ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်(၁၀)ပွဲတွင် (၄၂)ဂိုးအထိ သွင်းယူထားပြီး ၁၉၉၉-၀၀ ရာသီက ဘာစီလိုနာအသင်း (၄၅)ဂိုးသွင်းယူခဲ့ပြီးနောက် ဒုတိယအများဆုံးဖြစ်နေသည်။ သို့သော် ယင်းရာသီက ဘာစီလိုနာအသင်းမှာ (၁၆)ပွဲကစားထားရပြီး ဘိုင်ယန်မှာမူ ဗိုလ်လုပွဲအပါအဝင် (၁၁)ပွဲသာ ရှိမည်ဖြစ်သည်။

- PSG အသင်းသည် ချန်ပီယံလိဂ်(ယခင် European Cup) ဗိုလ်လုပွဲသို့ တက်ရောက်နိုင်သည့် ပဥ္စမမြောက် ပြင်သစ်ကလပ်ဖြစ်လာပြီး ၂၀၀၄ ခုနှစ်က ဗိုလ်လုပွဲတက်ရောက်ခဲ့သည့် မိုနာကိုနောက်ပိုင်း ပထမဆုံးအသင်းလည်းဖြစ်သည်။ ပြင်သစ်ကလပ်များ၏ယခင်ဗိုလ်လုပွဲ(၄)ကြိမ်တွင် ၁၉၉၃ ခုနှစ်က မာဆေးလ်အသင်းသာ အေစီမီလန်ကို (၁-၀)ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့သည်။

- ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဟန်ဆီဖလစ်ခ်သည် ကလပ်အသင်းတစ်သင်းအတွက် ကစားသမားဘဝအပြင် နည်းပြဘဝနှင့်ပါ ချန်ပီယံလိဂ်(ယခင် European Cup)ဆင်နွှဲဖူးသည့် (၆)ဦးမြောက် ကစားသမားအဖြစ် စာရင်းဝင်မည်ဖြစ်သည်။ ယခင်(၅)ဦးမှာ မီဂွယ်မူနော့ဇ်(ရီးယဲလ်မက်ဒရစ်)၊ ဒဲလ်ဘော့စကေး(ရီးယဲလ်မက်ဒရစ်)၊ အန်ဆယ်လော့တီ(အေစီမီလန်)၊ ဂွါဒီယိုလာ(ဘာစီလိုနာ)၊ ဇီဒန်း(ရီးယဲလ်မက်ဒရစ်)တို့ဖြစ်သည်။ ဖလစ်ခ်သည် ၁၉၈၇ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပေါ်တိုကို (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့စဉ်က ဘိုင်ယန်အသင်း၌ ပါဝင်ကစားခဲ့ပြီး ကလပ်အသင်းတစ်သင်းအတွက် ကစားသမားဘဝအပြင် နည်းပြဘဝနှင့်ပါ ဗိုလ်လုပွဲနှစ်ခုစလုံး ပထမဆုံးအရေးနိမ့်သည့်သူ မဖြစ်လာစေရန် ကြိုးပမ်းရမည်ဖြစ်သည်။ 

Most Read

Most Recent