အသင်းမှထွက်ခွာခွင့်ပြုရန် ဟာဗက်ဇ် တောင်းဆိုထားဟု လေဗာကူဆင်အမှုဆောင်ချုပ် ဖာနန်ဒိုကာရို အတည်ပြု

အသင်းမှထွက်ခွာခွင့်ပြုရန် ဟာဗက်ဇ် တောင်းဆိုထားဟု လေဗာကူဆင်အမှုဆောင်ချုပ် ဖာနန်ဒိုကာရို အတည်ပြု
Photos : Getty Images
Photos : Getty Images
Published 16 August 2020

ဟာဗက်ဇ်သည် ပြီးခဲ့သည့်ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပွဲ ၃၀ ကစား ၁၂ ဂိုးသွင်း ယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ်၊ ယူရိုပါလိဂ် ပြိုင်ပွဲတွင် လေးဂိုးနှင့် ဂျာမန်ဖလားပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။

လေဗာကူဆင်အသင်း အမှုဆောင်ချုပ် ဖာနန်ဒိုကာရိုက ဂျာမနီလူငယ်ကြယ်ပွင့် ဟာဗက်ဇ်အနေဖြင့် အသင်းမှထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက် ၂၁ နှစ်သာရှိသေးသည့် ဂျာမနီလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဟာဗက်ဇ်သည် ယခုနွေရာသီတွင် ချယ်လ်ဆီးအသင်း၏ ပစ်မှတ်ကစားသမား ဖြစ်ပြီး ၎င်းကိုယ်တိုင်ကလည်း ထွက်ခွာခွင့်ပြုရန် တောင်းဆိုထားကြောင်း ဖာနန်ဒိုကာရိုက Kloner Stadt-Anzeiger သတင်းစာသို့ ပြောကြားခဲ့သည်။ "ယူရိုပါလိဂ်ရာသီပြီးသွားရင် ဆွေးနွေးမှုတွေလုပ်မယ်ဆိုတာ သေချာပါတယ်။ ကိုင် (ဟာဗက်ဇ်) ကလည်း နောက်ထပ်တစ်ဆင့် ထပ်လှမ်းချင်တယ်လို့ ပြောထားပါတယ်။ အခုလောလောဆယ်တော့ အပြောင်းအရွှေ့က သိပ်မကြာခင်မှာ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မပြောနိုင်သေးပါဘူး" ဟု ၎င်းက ဆိုခဲ့သည်။

ဟာဗက်ဇ်သည် ပြီးခဲ့သည့်ရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲတွင် ပွဲ ၃၀ ကစား ၁၂ ဂိုးသွင်း ယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ်၊ ယူရိုပါလိဂ် ပြိုင်ပွဲတွင် လေးဂိုးနှင့် ဂျာမန်ဖလားပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။ သို့သော် လေဗာကူဆင် အသင်းအနေဖြင့် အဆင့် ၅ နေရာသာ ရပ်တည်နိုင်သောကြောင့် လာမည့်ရာသီ ချန်ပီ ယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့သလို ယူရိုပါလိဂ်ပြိုင် ပွဲတွင်လည်း ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီဖြစ်သည်။ 

သို့ဖြစ်ရာ ယခုရက်ပိုင်းအတွင်း နှစ်ဖက်အသင်းတာဝန်ရှိသူများ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ စတင်ဖွယ်ရှိကြောင်း သိရသည်။ လေဗာကူဆင်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ (ယူရိုသန်း ၁၀၀) တောင်းဆိုထားသော်လည်း ချယ်လ်ဆီးအသင်းကမူ ပေါင်သန်း ၇၀ ဝန်းကျင်သာပေးချေရန် ဆန္ဒရှိနေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ရူဒီဗောင်လာကလည်း ကျေနပ်လောက်သည့် ကမ်းလှမ်းမှုဖြစ်ပါက ရောင်းချမည်ဟု ဆိုခဲ့သည်။

Most Read

Most Recent