၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်လူငယ်အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ အာနိုးလ် ဆွတ်ခူး

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်လူငယ်အကောင်းဆုံးဆုကို လီဗာပူးလ်နောက်ခံလူ အာနိုးလ် ဆွတ်ခူး
Photos: Premier League & Getty Images
Photos: Premier League & Getty Images
Published 14 August 2020

၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ၏ လူငယ်အကောင်းဆုံးကစားသမားဆု (TAG Heuer Young Player of the Season) ကို ချန်ပီယံလီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။



ပရီးမီးယားလိဂ်သည် အသက် (၂၃) နှစ်နှင့်အောက် လူငယ်ကစားသမားဆုကို ယခုရာသီတွင် ပထမဆုံးအကြိမ် ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမား အာနိုးလ်က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အသက် (၂၁) နှစ်သာရှိသေးသူ အာနိုးလ်သည် လီဗာပူးလ်အသင်း နှစ် (၃၀)ကြာဝေးကွာနေသည့် ပရီးမီးယားလိဂ်ချန်ပီယံဆု တစ်ကျော့ပြန်ရရှိရာတွင် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သူဖြစ်ပြီး (၃၈)ပွဲစလုံး (ပွဲထွက် ၃၅ ပွဲ၊ လူစားဝင် ၃ ပွဲ) ပါဝင်ကစားခဲ့သည်။

၎င်းသည် ကိုယ်တိုင်လေးဂိုးသွင်းယူကာ အသင်းဖော်များအတွက် ဂိုးဖန်တီးမှု (၁၃) ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး Playmaker of the Season ဆုရရှိခဲ့သည့် မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနား (အကြိမ် ၂၀) ပြီးလျှင် ဒုတိယနေရာ ရပ်တည်ခဲ့သလို Clean Sheet (၁၂) ပွဲ ရရှိစေရန်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။



သို့ဖြစ်ရာ အာနိုးလ်သည် ဆန်ခါတင်စာရင်းပါဝင်သည့် မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ မာစီယဲလ်၊ ဂရင်းဝုဒ်၊ ချယ်လ်ဆီး အသင်းကွင်းလယ်လူ ပူလီဆစ်၊ မေဆန်မောင့်၊ ဗီလာအသင်းကွင်းလယ်လူ ဂရီးလစ်ရှ်နှင့် ရှက်ဖီးယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်တို့ကိုကျော်ဖြတ်၍ ပထမဆုံးအကြိမ် ချီးမြှင့်သည့် ပရီးမီးယားလိဂ်လူငယ်အကောင်း ဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုကို ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်သည့် TAG Heuer ဆွစ်နာရီကုမ္ပဏီနှင့် ပရီးမီးယားလိဂ်တို့ ပူးပေါင်းချီးမြှင့်ခြင်းဖြစ်ပြီး ပရိသတ်များနှင့် ကျွမ်းကျင်သူများအဖွဲ့၏ မဲပေးမှုဖြင့် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။ အာနိုးလ်သည် ၂၀၁၉-၂၀၂၀ ရာသီတွင် ဒီဇင်ဘာအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုလည်း ရရှိခဲ့သည်။



ပရီးမီးယားလိဂ်သည် ၂၀၁၉-၂၀ ရာသီအတွက် အကောင်းဆုံးဆု(၄)ဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး လူငယ်ကစားသမားဆုကို အာနိုးလ်နှင့် အကောင်းဆုံးသွင်းဂိုးဆုကို စပါးအသင်းတောင်ပံကစားသမား ဆွန်ဟောင်မင်က ရရှိထားသည်။

ဆွန်ဟောင်မင်သည် ပွဲစဉ် (၁၆) အဖြစ် ဘန်လေအသင်းနှင့်ပွဲတွင် ကိုက် (၉၀) အကွာအဝေးဆွဲပြေး၍ သွင်းယူခဲ့သည့်ဂိုးဖြင့် ရရှိခြင်းဖြစ်သည်။ အကောင်းဆုံးကစားသမားနှင့် နည်းပြဆုကို ယခုရက်ပိုင်းအတွင်း ထပ်မံကြေညာသွားမည်ဖြစ်သည်။

Most Read

Most Recent