ပြည်သူ့အမြင် ပြည်သူ့သဘောထား

ပြည်သူ့အမြင် ပြည်သူ့သဘောထား
Published 31 August 2020

အကြောင်းအရာတစ်ရပ် (သို့မဟုတ်) ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ ပြည်သူအများစု၏ ဆန္ဒများ၊ လိုလားချက်များနှင့် တွေးတောထင်မြင်မှုများကိုသော်လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ် (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံရှိ ပြည်သူများ၏ စုပေါင်းထင်မြင်ချက်ကိုသော်လည်းကောင်း ပြည်သူတို့၏ သဘောထားအမြင်ဟု ခေါ်ဆိုကြသည်။ အင်္ဂလိပ်အသုံးအနှုန်းဖြစ်သည့် Public Opinion ဟူသည့် စကားလုံးကိုကြည့်လျှင် ၁၇ ရာစု တွေးခေါ်ရှင် ဂျွန်လော့က်၏ အရေးအသားထဲ၌ အစောဆုံး တွေ့နိုင်သည်။ သူ၏ An Essay Concerning Human Understanding တွင် နိုင်ငံရေးအခင်းအကျင်း၌ ပြည်သူတို့၏ သဘောထားအမြင်က အရေးကြီးပုံကို အစောဆုံး ထည့်သွင်းစဉ်းစားထားသည်ကို တွေ့ရှိရသည်။

ပြည်သူတို့၏သဘောထား။ ထင်မြင်ချက်တို့သည် နိုင်ငံရေးလောကတွင် အရေးကြီး သည်။ ပဒေသရာဇ်ခေတ်တွင် ပြည်သူတို့၏ ထင်မြင်ချက်သဘောထားသည် အုပ်ချုပ်သူတို့ထံ ပေါက်ရောက်ချင်မှ ပေါက်ရောက်မည်ဖြစ်သည်။ ပြည်သူတို့၏အသံကို အုပ်ချုပ်သူများ မကြားစေရန် နံရံများစွာ ခံနေသည်။ မင်းတုန်းမင်းကြီးက “ငါမကောင်း ငါ့ကိုရေး” ဟု လမ်းဖွင့်ပေးခဲ့သည်မှန်သော်ငြား ယင်းသို့ရေးလိုက်သည့်စာသည် ဘုရင့်ထံ မည်မျှပေါက်ပြီး မည်မျှလောက်ထိ အရေးတယူ ဆောင်ရွက်ပေးခဲ့ကြောင်း မှတ်တမ်းများ နည်းပါးလှသည်။ အများပြည်သူတို့၏ ထင်မြင်ချက် Public  Opinion က အရှိန်အဝါကောင်းလာလျှင် အမှန်တကယ် စစ်မှန်သည့် Opinion ဖြစ်လာလျှင် ဒီမိုကရေစနစ် ထွန်းကားလာပြီဟု ဆိုရမည်။ လူတိုင်းတွင် ထင်မြင်ချက်တို့ရှိနိုင်သည်။ ထုတ်ဖော်နိုင်ခြင်း ရှိ မရှိနှင့် ထုတ်ဖော်ခွင့် ရှိ မရှိတို့သာ ကွာခြားနိုင်သည်။

အက်ဒဝပ်ဂစ်ဘွန်ဆိုသူက သူ၏ Decline and Fall of the Roman Empire စာအုပ်တွင် “လူ့သမိုင်းဖြစ်စဉ်ကို ဖန်တီးပေးသော အင်အားစုများအနက် ပြည်သူတို့၏ ထင်မြင်ချက်သဘောထားသည် တစ်တပ်တစ်အားဖြစ်သည်” ဟု ရေးသားထားသည်။ ထိုအချိန်မှစ၍ အများပြည်သူဆိုင်ရာ ထင်မြင်ချက် သဘောထားကို အင်အားစုကြီးတစ်ခုအဖြစ် ထင်မြင်ယူဆလာခဲ့ကြသည်။ ပြည်သူ့သဘောထားဟူသည် ပြည်သူများထဲတွင် တဖြည်းဖြည်း အမြစ်တွယ်လာစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်။ ပြည်သူတို့ထံမှ အမှန်တကယ် ပေါက်ဖွားလာခြင်း ဖြစ်ချင်မှဖြစ်လိမ့်မည်။ အထူးသဖြင့် လူတို့ စုဝေးနေထိုင်လာကြသည့်အခါ လူမျိုးစုအတွင်း ခေါင်းဆောင် သို့မဟုတ် သြဇာအရှိဆုံးပုဂ္ဂိုလ်၏ ထင်မြင်ချက် သဘောထားသည် အများ၏သဘောထား ဖြစ်ကောင်းဖြစ်သွားနိုင်သည်။

ပြည်သူတို့ ထင်မြင်ချက်သဘောထားသည် လူ့အဖွဲ့အစည်းအတွင်း အရေးပါလာသည်နှင့်အမျှ အုပ်ချုပ်သူအာဏာပိုင်တို့နှင့် နေရာတကာတွင် ထိပ်တိုက်ရင်ဆိုင်စရာများ ဖြစ်လာသည်။ ထင်မြင်ချက်တစ်ခုသည် လူတိုင်းတွင် ရှိလာနိုင်ပြီး ထိုထင်မြင်ချက်များကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်သည့်အခါတွင် တိုးတိုးတိတ်တိတ် ပြောဆိုကြတော့သည်။ တိုးတိုးတိတ်တိတ် ပြောသံများ များလာလျှင် ကျယ်လောင်သည့်အသံ ဖြစ်လာတတ်သည်။ ပေါင်းအိုးထဲတွင် ဖိအားများလာပါက အပေါက်ကလေးတစ်ပေါက် ရလိုက်သည်နှင့် ဝုန်းခနဲ ထွက်ပေါက်ရှာကာ တွန်းကန်ထွက်လာတတ်သည့် သဘောရှိသည်။ ၃၂ ဦးမြောက် အမေရိကန်သမ္မတ ဖရန်ကလင်ဒီရုစဗဲ့က “လူသားတို့၏ သာမန်ထင်မြင်ချက်များသည် အစပထမပိုင်း၌ ဟိုလူပြော၊ သည်လူပြောနှင့် ရိုးသယောင် ရှိနေသော်လည်း ရေရှည်တွင် လူတစ်စုအပြောထက် ပို၍သာသည်” ဟုဆိုသည်။

ဒီမိုကရေစီ ထွန်းကားလာခြင်းသည် ပြည်သူတို့အား မိမိတို့ဆန္ဒသဘောထားအမှန်ကို ထုတ်ဖော်ခွင့် ပေးခြင်းကြောင့်ဖြစ်ပြီး ပဒေသရာဇ်စနစ် ကျဆုံးရခြင်းသည် အာဏာကို အသုံးချကာ ပိတ်ပင်ထားတတ်သောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြည့်နိုင်သည်။ ဒီမိုကရေစီ ထွန်းကားလာခြင်းမှာ ဆင်ခြင်တုံတရား ထွန်းကားလာပြီး ထိုဆင်ခြင်တုံတရားကို ထင်မြင်ချက်သဘောထားအဖြစ် ထုတ်ဖော်ခွင့် ရလာသောကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။ မဲဆန္ဒဖြင့်ရွေးချယ်ခြင်းသည် ပြည်သူတို့၏ ထင်မြင်ချက် သဘောတရားကို သိရှိရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ ဒီမိုကရေစီမတိုင်မီ အစိုးရကိုပြည်သူတို့ ရွေးချယ်ခွင့်လည်း မရှိ၊ ဖြုတ်ချခွင့်လည်းမရှိပေ။ ဒီမိုကရေစီကြောင့် ပြည်သူတို့ အစိုးရတစ်ရပ်ကို မိမိတို့စိတ်ကြိုက် ရွေးချယ်ခွင့်၊ ဖြုတ်ချခွင့်များ ရရှိလာကြသည်။ တစ်ဦးချင်းထင်မြင်ချက်များကို ပြည်သူ့ထင်မြင်ချက် သဘောထားအဖြစ်ပြောင်းရန် မဲပုံးထောင်၍ ရွေးချယ်ခြင်းသည် ဒီမိုကရေစီ၏ အခြေခံအဆင့်ဖြစ်သည်။

လူအများ၏ ဆန္ဒမဲဆိုသည်မှာလည်း အမှန်တရားတစ်ခုဟူ၍ ယူဆရန် မဖြစ်နိုင်ပေ။ အများဖြစ်နေသောကြောင့် အားကောင်းသည့်အသွင်ကိုသာ ဆောင်စေပြီး အမှန်တရား ဖြစ်ချင်မှဖြစ်မည်။ သို့သော် ဒီမိုကရေစီဟူသည် အများဆန္ဒ၊ အများသဘောထားကို လေးစားရသည် ဖြစ်သောကြောင့် “သိမှု၏ ဆွဲဆောင်ခြင်းဘက်သို့ ပါသွားခြင်းထက် အပြောကောင်းသူများဘက်သို့ ပါသွားတတ်ခြင်းမှာ စိုးရိမ်စရာကောင်းသည်” ဟု ဒီမိုကရေစီ၏ အန္တရာယ်အဖြစ် ပလေတိုက သတိပေးဖူးသည်။ အများဆိုသည်မှာ ဒီမိုကရေစီသဘောတရား ဖြစ်သော်လည်း အများနောက်မလိုက်နိုင်သည့် ပြည်သူထဲမှ ပြည်သူတို့ကိုလည်း သူတို့သဘောထားနှင့် သူတို့ရပ်တည်ခွင့်ပေးနိုင်ရမည်။ ပြည်သူ့သဘောထားဟူသည် စာရွက်ပေါ်တွင်မရှိဘဲ နှလုံးသားထဲ၌သာ ရှိသည်ဖြစ်၍ Opinion များကို အမှန်တကယ် ဖော်ထုတ်ခွင့်ပေးခြင်း၊ နားထောင်ပေးခြင်း၊ လိုက်လျောပေးခြင်း၊ နားလည်ပေးခြင်းတို့ဖြင့်သာ စစ်မှန်သည့် ဒီမိုကရေစီကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(သြဂုတ် ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent