ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်မည်မဟုတ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား
Published 8 August 2020
စည်သူ၊ အောင်မင်းသိန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း ၎င်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

သြဂုတ် ၈ ရက်က Zoom Platform မှတဆင့် Teleconferencing စနစ်ဖြင့် သတင်းမီဒီယာများ၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ဖြေကြားမှုများပြုလုပ်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ မြို့နယ်ပေါင်း ၂၆၁ မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ ဥက္ကဋ္ဌကြီးက ဘယ်မြို့နယ်ကမှ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဖြေကြားပါတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် တိုင်းဒေသကြီးများရှိ မဲဆန္ဒနယ်မြေများ အားလုံးကိုယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

UBP ပါတီအနေဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် လွှတ်တော်ကိုယ်စားလှယ် ၂၆၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများတွင် လွှတ်တော်ကိုယ်စားလှယ် ၁၃၉ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် ၅၀၃ ဦး၊ တိုင်းရင်းသားလူမျိုးများ မဲဆန္ဒနယ် (တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနေရာ) တွင် ၂၅ ဦး၊ စုစုပေါင်း ၉၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

မည်သည့်အတွက်ကြောင့် ကိုယ်တိုင်ဝင်ရောက် အရွေးချယ်မခံရန် ဆုံးဖြတ်ခဲ့သနည်းဆိုသည့် မေးမြန်းမှုကို သူရဦးရွှေမန်းက “ ဥက္ကဋ္ဌကြီး မူလစဉ်းစားထားတဲ့ မြို့နယ်တွေမှာ သက်ဆိုင်ရာမြို့နယ်မှာ ရှိကြတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) ကို ကိုယ်စားပြုယှဉ်ပြိုင်လိုတဲ့သူများ မည်သူမဆို စာရင်းပေးသွင်းနိုင်ပါတယ်ဆိုပြီးတော့ တစ်နိုင်ငံလုံးမှာတော့ ဒီလိုကြေညာခဲ့ပါတယ်။ ဒီနေရာမှာ ဥက္ကဋ္ဌကြီး စဉ်းစားထားတဲ့ မြို့နယ် သုံး၊ လေးခု ရှိပါတယ်။ အဲဒီ သုံး၊ လေးခုမှာ ဝင်ရောက်အရွေးခံ ယှဉ်ပြိုင်မယ့်လူတွေ များစွာပေါ်ပေါက်လာပါတယ်။ အဲတာတွေ လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ ပါတီများနဲ့ သက်ဆိုင်ရာ မြို့နယ်မှာရှိကြတဲ့ ရပ်ရွာဒေသက ပုဂ္ဂိုလ်များ၊ ပြည်သူများရဲ့ သဘောထား၊ ဆွေးနွေးချက်များအရ ဒီကိုယ်စားလှယ်လောင်းများ အဲဒီမြို့နယ်က ယှဉ်ပြိုင်မယ်ဆိုလို့ရှိရင် အနိုင်ရဖို့ သေချာသလောက်ရှိတယ်ဆိုတဲ့ ပြောဆိုဆွေးနွေးချက်များအရ မိမိအနေနဲ့ အခြားပေါ့။ ပါဝင်ယှဉ်ပြိုင်လိုတဲ့သူများကို နေရာပေး၊ အခွင့်အရေးပေးပြီးတော့ မိမိဒီနေရာမှာ ဝင်မပြိုင်ခြင်းဖြစ်ပါတယ်လို့ တစ်ချက် ဖြေချင်ပါတယ်။ နောက်တစ်ခုကရွေးကောက်ပွဲဟာ လူတစ်ယောက်တည်း အောင်နိုင်မှုရတာထက် လူအများအောင်နိုင်မှုရဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတွင် တာဝန်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိတစ်ဦးတည်း အောင်နိုင်ရေးထက် ပါတီအောင်နိုင်ရေးအတွက် အဓိကထား စဉ်းစားဆောင်ရွက်ရန်နှင့် အချိန်ပေးရန်အတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

အလားတူ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းပွဲကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် သြဂုတ် ၇ ရက်က ပြုလုပ်ခဲ့သည်။

“ ၂၀၂၀ နိုဝင်ဘာမှာလည်း ကျွန်မတို့နိုင်ငံရဲ့ အရေးပါတဲ့ ရွေးကောက်ပွဲဟာ နီးကပ်လာပြီဆိုတဲ့ အချိန်မှာ ပါတီနိုင်ငံရေးတွေရဲ့ လှုပ်ရှားမှုတွေကလည်း ပြည်သူတွေကြားမှာ စိမ့်ဝင်ပျံ့နှံ့လာပြီ။ ပြည်သူတွေ အနေနဲ့ကလည်း စောင့်ကြည့်လေ့လာနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့ပါတီရဲ့ မူဝါဒတွေကို ပြည်သူတွေကို ရှင်းရှင်းလင်းလင်း တင်ပြချင်တဲ့ ရည်ရွယ်ချက်ကြောင့် ပထမအကြိမ်အနေနဲ့ မူဝါဒဆိုင်ရာ ရှင်းလင်းထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်က ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲနီးချိန်တွင် ပါတီမူဝါဒထုတ်ပြန်နိုင်ရန် ပါတီတွင် မူဝါဒ ၂၅ ချက်နှင့် လုပ်ငန်းစဉ်ပေါင်း ၁၀၀ ကျော်ကို ချမှတ်ထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မူဝါဒပိုင်းဆိုင်ရာ ရှင်းလင်းထုတ်ပြန်ပွဲတွင် ပါတီ၏ မူလနိုင်ငံရေးဝါဒ သဘောတရားငါးချက် အခြေခံကိုတင်ပြကာ ပါတီ၏ မူဝါဒကြီးလေးချက်ဖြစ်သော စီးပွားရေးဆိုင်ရာ မူဝါဒ၊ အလုပ်သမားရေးရာမူဝါဒ၊ တောင်သူလယ်သမားရေးရာမူဝါဒနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမူဝါဒတို့ကို ရှင်းလင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent