ကရင်ပြည်သူ့ပါတီ အနေဖြင့် ဧရာဝတီတိုင်းအတွင်း မြို့နယ် ၁၄ ခု၊ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် ဘဏ္ဍာရေး မရှိဘဲ ကိုယ့်အသိဖြင့် ကိုယ်လုပ်နေခြင်း ဖြစ်ကြောင်း တိုင်းပါတီဥက္ကဋ္ဌ ပြောကြား

ကရင်ပြည်သူ့ပါတီ အနေဖြင့် ဧရာဝတီတိုင်းအတွင်း မြို့နယ် ၁၄ ခု၊ မဲဆန္ဒနယ် ၃၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သော်လည်း အောင်နိုင်ရေးအတွက် ဘဏ္ဍာရေး မရှိဘဲ ကိုယ့်အသိဖြင့် ကိုယ်လုပ်နေခြင်း ဖြစ်ကြောင်း တိုင်းပါတီဥက္ကဋ္ဌ ပြောကြား
Published 7 August 2020
မင်းသူဝင်းထွဋ်

ကရင်ပြည်သူ့ပါတီ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ မြို့နယ်အနက် မြို့နယ် ၁၄ မြို့နယ်တွင် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂၁ ခု၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နှစ်ခု၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၀ ခု၊ ကရင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ် တစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သော်လည်း အောင်နိုင်ရေး လုပ်ဆောင်ရန် ဘဏ္ဍာရေး တောင့်တင်းခိုင်မာခြင်း မရှိဘဲ ကိုယ့်အသိဖြင့် ကိုယ်လုပ်နေခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောသောမက်စ်က ပြောကြားသည်။

“အောင်နိုင်ရေးကိစ္စ ဆိုတာမှာ ကရင်ပြည်သူ့ပါတီက ဘဏ္ဍာရေးမရှိဘူး။ ဘဏ္ဍာရေးမရှိတဲ့ အခါကျတော့ ကိုယ့်အသိနဲ့ ကိုယ်လုပ်ရတဲ့ အလုပ်က၊ ဒီနေရာမှာ တစ်ခုရှိတာက ကရင်ပြည်သူ့ပါတီက ဘဏ္ဍာရေးမရှိဘဲနဲ့ ပါတီကို ဘာ့ကြောင့်ဖွဲ့ရလဲဆိုရင် ဒီနေရာမှာ တစ်ခုရှိတာက အဆင့်ပေါ့ဗျာ။ ကရင်တွေက သူ့မျိုးချစ်ရှိလို့။ စစ်မှန်သော မျိုးချစ်ရှိလို့ ဒီပါတီထဲဝင်တဲ့အတွက် ဗျူဟာကို ကျွန်တော်တို့ချတဲ့ အခါမှာကျတော့ လောလောဆယ် ဘဏ္ဍာရေး မရှိတဲ့အတွက် ကိုယ့်ခြေထောက်ပေါ်မှာပဲ ကိုယ်တက် နိုင်ငံရေးအတွေးအခေါ် တစ်ခုဆိုရင် သဘောတရား မြင့်တဲ့အတွက် ဒီပါတီအပေါ် ကျွန်တော်တို့က ရွေးချယ်ခဲ့တာ။ ဘာအထောက်အပံ့မှ မရှိဘူး။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာက အခက်အခဲတော့ အများကြီးရှိတယ်။ တစ်တိုင်းလုံးမှာ ကျွန်တော်တို့ ၃၄ ယောက်တည်း ဝင်နိုင်တယ်။ နေရာတိုင်းမှာလည်း ကျွန်တော်တို့ မဝင်နိုင်ဘူး” ဟု ဧရာဝတီတိုင်းဒေသကြီး ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ စောသောမက်စ်က ပြောကြားသည်။

တိုင်းရင်းသား လူမျိုးစုများ အခွင့်အရေးအတွက်မူ စောသောမက်စ်က “အင်း ပထမအစိုးရ ဆိုတုန်းကတော့ တော်တော်လေးလဲ အဆင်ပြေလာတဲ့ပုံစံလို့ ပေါ်တယ်ဗျ။ ဒီနေရာမှာ ၂၀၁၅ ရွေးလိုက်တဲ့ အခါမှာကျတော့ အရပ်သားအစိုးရ ဆိုပြီးတော့ အထူးသဖြင့် လူတွေမျှော်မှန်းနေတာက ဒီအစိုးရဆိုတာက NLD ပေါ့ဗျာ။ ဒီအစိုးရ တက်လာပြီ ဆိုလို့ရှိရင် လူမျိုးစုတွေ အခွင့်အရေး အများကြီးရမယ်လို့ အများထင်တာပေါ့နော်။ အခုထင်သလောက် မဖြစ်လာဘူးဆိုတော့ ဘယ်သူတွေ လုပ်စားသလဲဆိုတာ ကျွန်တော်တို့ကတော့ အောက်ခြေမှာ နေတဲ့အတွက် မသိဘူးပေါ့။ သို့သော် ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီ ပြောနိုင်တာက အခြေခံဥပဒေနဲ့ ပတ်သက်လာလို့ရှိရင် လိုအပ်သလို ကျွန်တော်တို့က ပြင်ဆင်မယ်ဆိုတာ ဒီအချက်တော့ ကျွန်တော်တို့မှာရှိတယ်” ဟု ဆက်လက်ပြောကြားသည်။

ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပဒိုမန်းငြိမ်းမောင်မှ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင်အဖြစ်မှ နုတ်ထွက်ကာ ကရင်ပြည်သူ့ပါတီသို့ ဝင်ရောက်ပြီး ဝင်ရောက်ရွေးချယ်ခံမည် ဖြစ်သောကြောင့် မဲဆန္ဒနယ် ပြည်သူများ အနေဖြင့် စိတ်ဝင်စားမှု များပြားနေကြောင်း သိရသည်။

Most Read

Most Recent