၂၀၁၉-၂၀ ရာသီတွင် ဗြိတိန်ရှိ ဘောလုံးပွဲများအနက် ရုပ်သံမှကြည့်ရှုမှုအများဆုံးပွဲအဖြစ် အာဆင်နယ်-ချယ်လ်ဆီး FA ဖလားဗိုလ်လုပွဲ ရပ်တည်ခဲ့ပြီး ကြည့်ရှုမှု ၈ ဒသမ ၂ သန်းအထိရှိ

၂၀၁၉-၂၀ ရာသီတွင် ဗြိတိန်ရှိ ဘောလုံးပွဲများအနက် ရုပ်သံမှကြည့်ရှုမှုအများဆုံးပွဲအဖြစ် အာဆင်နယ်-ချယ်လ်ဆီး FA ဖလားဗိုလ်လုပွဲ ရပ်တည်ခဲ့ပြီး ကြည့်ရှုမှု ၈ ဒသမ ၂ သန်းအထိရှိ
Published 4 August 2020

၂၀၁၉-၂၀ ရာသီတွင် ဗြိတိန်ရှိ ဘောလုံးပွဲများအနက် ရုပ်သံမှ ကြည့်ရှုမှုအများဆုံးပွဲအဖြစ် စနေနေ့က အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် FA ဖလားဗိုလ်လုပွဲက ရပ်တည်ခဲ့ပြီး ကြည့်ရှုမှု ၈ ဒသမ ၂ သန်းအထိရှိကြောင်း သိရသည်။

အနောက်မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားသည့် FA ဖလား ဗိုလ်လုပွဲကို BBC၊ BT Sport စသည့် ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသရာ BBC One ရုပ်သံ တစ်ခုတည်းမှာပင် ကြည့်ရှုမှု ၈ ဒသမ ၂ သန်းဖြင့် အများဆုံးဖြစ်ခဲ့ပြီး ကြည့်ရှုမှုအားလုံး၏ ၄၆ ဒသမ ၁ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

သို့ဖြစ်ရာ ယင်းပွဲစဉ်မှာ ၂၀၁၉-၂၀၂၀ ရာသီတွင် ရုပ်သံမှ ထုတ်လွှင့်ပြသသည့်ပွဲများအနက် ကြည့်ရှုမှုအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး မန်ယူ-ချယ်လ်ဆီး FA ဖလား ဆီမီးဖိုင်နယ်ပွဲတွင် ကြည့်ရှုခဲ့သည့် ၇ ဒသမ ၃ သန်းကို ကျော်ဖြတ်၍ နံပါတ် ၁ နေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထူးခြားမှုအဖြစ် ယခုရာသီတွင် ကြည့်ရှုမှုအများဆုံး အဆင့် ၁ မှ ၇ အထိ ရပ်တည်နေသည့်ပွဲများမှာ BBC ရုပ်သံက ထုတ်လွှင့်သည့် FA ဖလားပွဲစဉ်များဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ပွဲများအနက် ကြည့်ရှုမှုအများဆုံးအဖြစ် BBC ရုပ်သံက ထုတ်လွှင့်သည့် ဆောက်သမ်တန်-မန်စီးတီးပွဲက ၅ ဒသမ ၇ သန်းဖြင့် အဆင့် ၈၊ BBC ရုပ်သံက ထုတ်လွှင့်သည့် အဲဗာတန်-လီဗာပူးလ်  မာဆေးဆိုက်ဒ်ဒါဘီပွဲက ၅ ဒသမ ၅ သန်းဖြင့် အဆင့် ၉ နေရာ ရပ်တည်ခဲ့သည်။

ယခုရာသီတွင် COVID-19 ဖြစ်ပွားမှုကြောင့် ဇွန်လလယ်မှစ၍ ပြန်လည်ကျင်းပစဉ် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသဖြင့် ရုပ်သံမှ ကြည့်ရှုမှုနှုန်း မြင့်တက်လာကြောင်း သိရသည်။

ဗြိတိန်တွင် သမိုင်းတစ်လျှောက် ကြည့်ရှုမှုအများဆုံးပွဲမှာ အင်္ဂလန်-အနောက်ဂျာမနီ ၁၉၆၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲဖြစ်ပြီး ၃၂ ဒသမ ၃ သန်းအထိ ကြည့်ရှုခဲ့သည်။

■ ၂၀၁၉-၂၀ ရာသီတွင် ကြည့်ရှုမှုအများဆုံး ပွဲစဉ်များ

ပြိုင်ပွဲ        ပွဲစဉ်                ကြည့်ရှုမှုနှုန်း    ရုပ်သံလိုင်း

FA ဖလား        အာဆင်နယ် - ချယ်လ်ဆီး        ၈.၂ သန်း        BBC

FA ဖလား        မန်ယူ - ချယ်လ်ဆီး            ၇.၃ သန်း        BBC

FA ဖလား        လီဗာပူးလ်    - အဲဗာတန်        ၇.၂ သန်း        BBC

FA ဖလား        ချယ်လ်ဆီး    - လီဗာပူးလ်        ၆.၈ သန်း        BBC

FA ဖလား        နောဝစ်ချ် - မန်ယူ            ၆.၄ သန်း        BBC

FA ဖလား        ရှရူးဘူရီ - လီဗာပူးလ်            ၆.၁ သန်း        BBC

FA ဖလား        အာဆင်နယ် - လိဒ်စ်            ၆ သန်း        BBC

ပရီးမီးယားလိဂ်    ဆောက်သမ်တန် - မန်စီးတီး        ၅.၇ သန်း        BBC

ပရီးမီးယားလိဂ်    အဲဗာတန်    - လီဗာပူးလ်        ၅.၅ သန်း        Sky

Most Read

Most Recent