ပြည်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျန်းမာရေး ညွှန်ကြားချက်နှင့် မကိုက်ညီသည့် အစိုးရကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ငါးကျောင်းအား ဖွင့်လှစ်ခွင့်မပြု

ပြည်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်ပြီး ကျန်းမာရေး ညွှန်ကြားချက်နှင့် မကိုက်ညီသည့် အစိုးရကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ငါးကျောင်းအား ဖွင့်လှစ်ခွင့်မပြု
ဓါတ်ပုံ- ပြည်မြို့ အထက ၅ ကျောင်းစတင်ဖွင့်လှစ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကို ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ- ပြည်မြို့ အထက ၅ ကျောင်းစတင်ဖွင့်လှစ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည်ကို ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဉ်
Published 21 July 2020
ဝေလင်း(ပြည်)

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့နယ်အတွင်း အခြေခံပညာ အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျန်းမာရေးညွှန်ကြားချက် သတ်မှတ်စံနှုန်းနှင့် မကိုက်ညီသည့် အစိုးရကျောင်း နှစ်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ငါးကျောင်း ဖွင့်လှစ်ခွင့်မရခဲ့ကြောင်း သိရသည်။

၂၀၂၀-၂၀၂၁ ခုနှစ်ပညာသင်နှစ်အဖြစ် အထက်တန်းကျောင်းများအား မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်လ ၂၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ပြည်မြို့နယ်တွင် ကျန်းမာရေးစံသတ်မှတ်ချက်များဖြင့် မကိုက်ညီမှုကြောင့် အစိုးရအထက်တန်းကျောင်းများဖြစ်သည့် အထက(၁) ပြည် နှင့် မြောက်နဝင်း အထကကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၅) ကျောင်းတို့အား ဖွင့်လှစ်ခွင့်မပြုခဲ့ကြောင်း မြို့နယ်ပညာရေး ဦးစီးဌာနက သိရသည်။

“စစ်ဆေးတဲ့ အချက်ပေါင်းရှစ်ဆယ် ရှိပါတယ်။ ရှစ်ဆယ်စလုံး ပြည့်မီအောင် အချိန်တို အတွင်းလေးမှာ ပြင်ဆင်ရတာရှိပါတယ်။ ပြည့်မီအောင်ပြင်ဆင်နိုင်တဲ့ ကျောင်းတွေက (a) အဆင့်ရပြီးတော့ ဖွင့်ခွင့်ရတာ ဖြစ်ပါတယ်။ အများစုသွားပြီး လိုအပ်တာက ပိုးသတ်ဆေးလို ကလိုရင်းနဲ့ ကလိုရင်း အမှုန့်တွေရှာရတာမှာ နည်းနည်းခက်တာ ရှိပါတယ်။ နောက်တစ်ခုက ခြေနင်းအမှိုက်ဗုံးပေါ့နော် နောက်တစ်ခုကကျတော့ လက်ဆေးကန်တော့ တပ်ထားပြီး စွန့်ပစ်ဖို့ပိုက်လိုင်းတွေ မတပ်နိုင်သေးတာပေါ့ ဒီတစ်ရက်နှစ်ရက် အတွင်းမှာ ပြန်ပြင်ဆင်လိုက်ရင်တော့ ဖွင့်ခွင့်ရမယ့် အနေအထား ဖြစ်ပါတယ်။ အများကြီး လိုအပ်တာတော့ မဟုတ်ပါဘူး။ တစ်ချက် နှစ်ချက်လောက် လိုအပ်တာပေါ့” ဟု ပြည်မြို့နယ် ပညာရေးဦးစီးဌာန ဒုတိယပညာရေးမှူး ဦးအေးလွင် ကပြောကြားသည်။

အခြေခံပညာကျောင်း (၂၁) တွင် အဆင့်(a)ဖြင့်ဖွင့်ခွင့်ရသည့် ကျောင်းပေါင်း (၁၉) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၁၂) ကျောင်းတွင် (a) အဆင့်ဖြင့် ဖွင့်လှစ်ခွင့်ရသည့် ကျောင်းပေါင်း (၇) ကျောင်း ဖွင့်လှစ်ခွင့်ရခဲ့ပြီး အဆင့်မမီသော ကျောင်းများမှာ လိုအပ်သည့် အချက်များအား ပြန်လည်ပြင်ဆင် ဖြည့်စွက်ကာ အစစ်ဆေးခံပြီးပါက ပြန်လည်ဖွင့်လှစ်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

အလားတူ ကျောင်းသားမိဘများ ကျောင်းသားများ ပြင်ဆင်ရင်ဆိုင်နေရသည့် အခြေအနေနှင့် ပတ်သက်၍ “ပွင့်ပွင့်လင်းလင်းပြောရရင် အခုလိုမျိုး Mask ကိုတပ်ပြီးလာရတော့ မဖြစ်မနေပညာပေးဖို့ ကျောင်းတိုင်း ကျောင်းတိုင်းလိုတယ်။ အိမ်မှာနေရင်နေ အခုလိုကျောင်းတွေ ပြန်ဖွင့်ပြီဆိုတော့ Mask တပ်ဖို့လိုပါမယ်။ လက်ဆေးဖို့ သူငယ်ချင်းတွေ တွေ့တဲ့အခါ ခပ်ခွာခွာနေဖို့ ဧည့်သည်ဆောင် သယ်လာရင်လည်း သတိထားဖို့လိုတယ်။ ပြည်ပက ပြန်လာသူတွေ စောင့်ကြည့်စခန်းမှာမနေဘဲ အိမ်တွေကို ရောက်သွားမှာ စိုးရိမ်တယ်။ ကိုယ့်ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတွေကလည်း စောင့်ကြည့်ဖို့လိုတယ်။ ကျောင်းတွေဖွင့်တော့ ကျောင်းသားတွေအများကြီး အတန်းလိုက် ထိတွေ့မှုမရှိအောင် အသုတ်လိုက်ထားတယ် နှစ်ဆယ်ဆီထားတယ် ကိုယ်အပူချိန်တိုင်းမှတ်တမ်း အဝင်အထွက်မှတ်တမ်း လုပ်ထားတယ်။ ကျောင်းတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားတယ်။ ကျောင်းသားမိဘတွေက COVID-19 ညွန်ကြားချက်တွေကို လိုက်နာပေးရင် အကောင်းဆုံးဖြစ်မှာပါ” ဟု ပြည်မြို့နယ် ဒုတိယပညာရေးမှူး ဦးအေးလွင်က ပြောကြားသည်။

ဖွင့်ခွင့်ရသည့် ကျောင်းများအတွင်း မိဘများကျောင်းသားများ လိုက်နာရမည့်အချက်များကို ပိုစတာများဖြင့် ကပ်ထားခြင်း၊ လက်ဆေးစင်များထားခြင်း၊ အပူချိန်တိုင်းခြင်းများ၊ ကျန်းမာရေး ဆေးပေးခန်း ဆေးဝါးများ ဆောင်ထားခြင်းများကို လုပ်ဆောင်ရပြီး အစိုးရကျောင်းများတွင် ပရဟိတအဖွဲ့များက ကျန်းမာရေးအကူညီများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent