တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိသည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်းလုပ်ငန်းတစ်ခု MIC ခွင့်ပြု

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိသည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်းလုပ်ငန်းတစ်ခု MIC ခွင့်ပြု
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
Published 11 July 2020
ဇေယျာငြိမ်း

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိ ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်း လုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ သိရသည်။

ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၉/ ၂၀၂၀) အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများအနက် တနင်္သာရီတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမည့် ဒေါ်လာ ၁၁၅ သန်းတန်ဖိုးရှိပြီး လုပ်သားအင်အား ၁၀၀၀ ကျော်အား အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် ပုစွန်မွေးမြူ၊ အေးခဲ၊ တင်ပို့ရောင်းချခြင်း လုပ်ငန်းတစ်ခု ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်တွင်း၌ မွေးမြူရေးစွမ်းအားများကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက မကြာမီကာလအတွင်း ရေထွက်ကုန်တင်ပို့မှုသည် တစ်နှစ်လျှင် ဒေါ်လာတစ်ဘီလျံအထိ တိုးတက်ရရှိနိုင်မည်ဖြစ်ကြောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

“ ပြည်တွင်းမှာလည်း မွေးမြူရေးစွမ်းအားတွေကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မကြာခင်ကာလမှာ ဒေါ်လာ တစ်ဘီလျံလောက်အထိကို တင်ပို့နိုင်မယ့် အနေအထားဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြည်ပသို့  ငါး၊ ပုစွန် ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာသန်း ၇၃၀ ကျော် ရရှိထားသည်။

“ ရေထွက်ပစ္စည်းပေါ့။ အဲဒီမှာရေချိုငါး မွေးမြူရေးနဲ့ ရေငန်ငါးမွေးမြူရေးတွေမှာ တိုးတက်လာခဲ့တာကြောင့်မို့ ငါးမွေးမြူရေး ပို့ကုန်ကနေမှ ရေထွက်ပစ္စည်းပို့ကုန်ကနေမှ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၇၃၂ သန်းလောက် တင်ပို့နိုင်ခဲ့ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာသန်း ၇၀၀ ကျော်ရရှိထားပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၅ သန်း ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၆ ရက်အထိ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ ၇၀၃ ဒသမ ၇၂၈ သန်း ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၅၉၈ ဒသမ ၇၀၃ သန်း  ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ကိုးလနီးပါးတွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁၀၅ သန်း ပိုမိုရရှိထားခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်း တင်ပို့နေသည့် ပမာဏက  အိမ်နီးချင်းနိုင်ငံများ၏ တင်ပို့မှု ပမာဏကိုမီရန် အဆပေါင်းများစွာ လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် တင်ပို့မှုပမာဏကို မြင့်တင်ရာတွင် သဘာဝ ဖမ်းဆီးရောင်းချခြင်းထက် မွေးမြူရေးစနစ်များ ကောင်းမွန်အောင် ဆောင်ရွက်၍ တင်ပို့သင့်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အစိုးရသစ်လက်တွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲသော ကဏ္ဍများထက် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းအမျိုးအစားများကို ဦးစားပေးခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ်အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁ အထိ)၊ ကာလလတ် ငါးနှစ် (၂၀၂၁-၂၀၂၂ ခုနှစ်မှ-၂၀၂၅- ၂၀၂၆ အထိ)၊ ကာလရှည် ၁၀ နှစ် (၂၀၂၆- ၂၀၂၇ ခုနှစ်မှ ၂၀၃၅-၂၀၃၆ အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent