ဆောင်ရွက်ဆဲလုပ်ငန်းကိုးခု မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေး၊ စက်မှုနှင့် အခြားကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ်ခုကို MIC ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၅ သန်းကျော်နှင့် ကျပ်သန်း ၅၄၀၀၀ ကျော်အထိရှိ

ဆောင်ရွက်ဆဲလုပ်ငန်းကိုးခု မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေး၊ စက်မှုနှင့် အခြားကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ရှစ်ခုကို MIC ခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၅ သန်းကျော်နှင့် ကျပ်သန်း ၅၄၀၀၀ ကျော်အထိရှိ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပနေစဉ် (ဓာတ်ပုံ- MIFER)
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ကျင်းပနေစဉ် (ဓာတ်ပုံ- MIFER)
Published 11 July 2020
ဇေယျာငြိမ်း

ဆောင်ရွက်ဆဲလုပ်ငန်းကိုးခု မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ မွေးမြူရေး၊ စက်မှုနှင့် အခြားကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်ရှစ်ခုကို ထပ်မံခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၃၅ သန်းကျော်နှင့် ကျပ်သန်း ၅၄၀၀၀ ကျော်အထိရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ထုတ်ပြန်ထားသည်။

ဇူလိုင် ၁၀ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၉/၂၀၂၀) အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ကိုးခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် အခြားကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၃၅ ဒသမ ၁၄၄ သန်းနှင့် ကျပ် ၅၄၁၁၅ ဒသမ ၇၂၃သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ကိုးလခန့်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉၀ နီးပါး ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ ကျွန်တော်တို့ ဒီနှစ်ထဲမှာ ဇွန်လ ၂၃ ရက်အထိ မနေ့ကအထိ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သတ်ပြီးတော့ လုပ်ငန်းပေါင်း ၁၈၉ ခု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ လုပ်ငန်းပေါင်း ၁၈၉ ခုကို ခွင့်ပြုမိန့် MIC က ထုတ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ၁၈၉ ခုက ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၄၃၀၇ သန်းဖြစ်ပါတယ်။ အဲတော့ အခုလက်ရှိအခြေအနေအထိကို ဒီနှစ်အတွင်းမှာ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံလောက် ကျွန်တော်တို့ MIC က ခွင့်ပြုမိန့်ထုတ်ပေးထားပြီး ဖြစ်တယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၇ ခု ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁ ဒသမ ၃၇ ထရီလီယံအထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“ ဇွန် ၂၃ ရက်အထိ မနေ့ကအထိပေါ့။ တစ်နှစ်တာကာလအတွင်းမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအားလုံး ၈၇ ခု ခွင့်ပြုမိန့် ထုတ်ပေးထားနိုင်ပါတယ်။ လုပ်ငန်း ၈၇ ခုက နေပြီးတော့မှ ခွင့်ပြုလိုက်တဲ့ငွေပမာဏက ကျပ်ငွေ ၁ ဒသမ ၃၇ ထရီလီယံ ဖြစ်ပါတယ်။ တစ်နည်းအား မြန်မာကျပ်ငွေ သန်းထောင်ပေါင်း ၁၃၇၀ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း စသည့်စီးပွားရေးကဏ္ဍ ၁၂ ခု၌ အဓိကခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အစိုးရသစ်လက်တွင် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် နိုင်ငံ၏သယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲသော ကဏ္ဍများထက် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်လမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သွင်းကုန်အစားထိုးထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းအမျိုးအစားများကို ဦးစားပေးခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

၂၀၃ဝခုနှစ်တွင် မြန်မာနိုင်ငံသည် ဝင်ငွေအလယ်အလတ် အဆင့်ရှိသည့် နိုင်ငံဖြစ်လာစေရန် ရည်ရွယ်၍ နှစ် ၂၀ ကြာ ဆောင်ရွက်မည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent