ရွေးကောက်ပွဲ ကန့်ကွက်လွှာ စစ်ဆေးဆုံးဖြတ်ချက်များ၊ မဲဆန္ဒရှင်အချက်အလက်အပါအဝင် လုပ်ငန်းစဉ်အချို့ ရွေးကောက်ပွဲ လေ့လာသူများ စောင့်ကြည့်ခွင့်တွင် ပါဝင်ခြင်းမရှိမှုအပေါ်ဝေဖန်မှုများရှိနေ

ရွေးကောက်ပွဲ ကန့်ကွက်လွှာ စစ်ဆေးဆုံးဖြတ်ချက်များ၊ မဲဆန္ဒရှင်အချက်အလက်အပါအဝင် လုပ်ငန်းစဉ်အချို့ ရွေးကောက်ပွဲ လေ့လာသူများ စောင့်ကြည့်ခွင့်တွင် ပါဝင်ခြင်းမရှိမှုအပေါ်ဝေဖန်မှုများရှိနေ
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် အထက(၃)၌ ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးနေမှုများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် အထက(၃)၌ ဖွင့်လှစ်ထားသည့် မဲရုံတွင် မဲပေးနေမှုများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 July 2020
                 ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲကန့်ကွက်လွှာ စစ်ဆေးဆုံးဖြတ်ချက်များ၊ မဲဆန္ဒရှင်အချက်အလက် အပါအဝင် လုပ်ငန်းစဉ်အချို့ ရွေးကောက်ပွဲ လေ့လာသူများ စောင့်ကြည့်ခွင့်တွင် ပါဝင်ခြင်းမရှိမှုအပေါ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများက ဝေဖန်မှုများရှိနေသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည့် ပြည်တွင်းရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များ၊ မဲဆန္ဒရှင် သတင်းအချက်အလက်၊ မဲလက်မှတ်ရိုက်နှိပ်မှုနှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးဆုံးဖြတ်သည့် ကိစ္စရပ်များ ပါဝင်မလာ ခြင်းဖြစ်သည်။

အဆိုပါအချက်များသည် ယခင်အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ရရှိခဲ့၍ လက်ရှိကော်မရှင်၏ ထုတ်ပြန်ချက်သည် ပွင့်လင်းမြင်သာမှု နောက်ပြန်ဆုတ်သွားသည်ဟု သုံးသပ်နိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုလို့ပြောတဲ့အခါမှာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလ အဲဒီ Process တွေအားလုံးကို ကြည့်ခွင့်ပေးရမယ်။ ဒါမှ ပွင့်လင်းမြင်သာတယ်ပြောရမယ်။ အခုကျတော့ ရွေးကောက်ပွဲအကြိုကာလမှာလည်း တချို့ဟာတွေ ကြည့်လို့မရတော့ဘူး။ ရွေးကောက်ပွဲကာလမှာလည်း ကြည့်လို့မရတာတွေရှိတယ်။ ရွေးကောက်ပွဲနှောင်းပိုင်းမှာလည်း ကြည့်လို့မရတာရှိတယ်” ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ထုတ်ပြန်ထားသည့် စောင့်ကြည့်လေ့လာနိုင်သည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ (၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် နှိုင်းယှဉ်ချက်)

ယခုကဲ့သို့ရွေးကောက်ပွဲနီးကပ်ပြီး နိုင်ငံ ရေးအကဲဆတ်ချိန်တွင် ရွေးကောက်ပွဲဖြစ်စဉ်ဆိုင်ရာ အကြောင်းအရာအချို့ စောင့်ကြည့်ခွင့် လျှော့ချခံရမှုသည် ရွေးကောက်ပွဲဖြစ်စဉ်အတွက် အရေးကြီးကိစ္စရပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၇ ရက်က ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲဆိုင်ရာလေ့လာသူဟုသာ သုံးနှုန်းပြီး စောင့်ကြည့်ဆိုသည့် စကားရပ်ကိုပယ်ဖျက်ကာ ယခင်ရွေးကောက်ပွဲက ခွင့်ပြုခဲ့သည့် အချက်လေးချက်ခန့် လျှော့ချထားသည်ကို တွေ့ရသည်ဟု New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြနန္ဒာသင်းက ပြောကြားသည်။

ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများစစ်ဆေး၊ ဆုံးဖြတ်ခြင်းနှင့် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ စောင့်ကြည့်လေ့လာမှုအပိုင်းနှင့် ပတ်သက်၍ နဂိုအတိုင်း ပြန်လည်ခွင့်ပြုပေးရန် ၎င်းက တောင်းဆိုသည်။

“ရွေးကောက်ပွဲရလဒ်တွေကို ကန့်ကွက်တာရှိရင် နေပြည်တော်မှာ ခုံရုံးဖွဲ့တာပေါ့။ အဲဒီလိုမျိုး ခုံရုံးဖွဲ့တယ်ဆိုရင် သွားလေ့လာလို့ရတယ်ပေါ့။ အခုက အဲဒီအချက်ပြုတ်သွားတော့ အဲဒီအခွင့်အရေး ရ မရ မသေချာဘူးပေ့ါ။ တစ်ခုရှိတာတော့ ပြီးသွားရင် ရွေးကော်က သူတို့ဝက်ဘ်ဆိုက်မှာ တင်ပေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ လေ့လာချင်တဲ့ အဖွဲ့တွေ ရှိနေရင်တော့ ပိုကောင်းတာပေါ့” ဟု ဒေါ်မြနန္ဒာသင်းက ပြောကြားသည်။

ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများအနေဖြင့် မဲဆန္ဒနယ်မြေသတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း၊ စိစစ်၊ ရုပ်သိမ်း၊ ကြေညာခြင်းနှင့် ရွေးကောက်ပွဲကိုယ်စားလှယ်ခန့်ထားခြင်း၊ ကိုယ်စားလှယ်အမည်စာရင်း အတည်ပြုကြေညာခြင်းအပါအဝင် အချက်ကိုးချက် လေ့လာနိုင်သည်ဟု ကော်မရှင်က ထုတ်ပြန်သည်။

ထို့ပြင် မဲဆွယ်စည်းရုံးခြင်းနှင့် ရပ်နားသည့်ကာလ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရဒ်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာကုန်ကျစရိတ်နှင့် အနိုင်ရကိုယ်စားလှယ်အမည်စာရင်း ကြေညာမှုတို့ကိုလည်း လေ့လာခွင့်ရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းများကို လေ့လာခွင့်ရမည့်အချက် ပါဝင်လာမှုက ယခင်ရွေးကောက်ပွဲထက် တိုးတက်မှုဖြစ်သည်ဟု ဒေါ်မြနန္ဒာသင်းက မှတ်ချက်ပြုသည်။

လက်ရှိ ထုတ်ပြန်သည့် ပြည်တွင်းရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မူကြမ်းရေးဆွဲစဉ် အရပ်ဘက်အဖွဲ့အစည်းအချို့ ပါဝင်ခဲ့သော်လည်း ရေးဆွဲစဉ် တောင်းဆိုခဲ့သည့်အချက်အချို့ ပါဝင်လာခြင်းမရှိခဲ့ဟု မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (MYNFREL) Program Manager ကိုမင်းသူနောင်က ပြောကြားသည်။

“ဒီအတိုင်းဖတ်ကြည့်လိုက်ရင် CSO တွေအတွက် နည်းနည်းအဟန့်အတား ဖြစ်စေတဲ့ဟာမျိုးတွေ တွေ့ရနိုင်တယ်ပေါ့။ ရက်ပေါင်း ၉၀ လို Report ပြန်တင်ရမယ့်ကိစ္စလို ဟာမျိုးတွေပေါ့။ အဲဒီလိုမျိုးဆိုတော့ ဒါတွေကို ရှင်းရှင်းလင်းလင်းပြန်ပြီးတော့ UEC ဘက်ကလည်း ကျွန်တော်တို့က နားလည်မှုလွဲနေတာဆိုရင်လည်း ဒါတွေကို ပြန်ရှင်းပြဖို့လိုတယ်။ ကျွန်တော်တို့နဲ့ ပြန်ညှိနှိုင်းဖို့တော့ လိုမယ်ထင်တယ်။ ဒီအတိုင်းပဲဆိုရင်တော့ သိပ်ပြီးတော့ အဆင်မပြေဘူး။ CSO တွေ ဘက်ကလည်း အဲဒီအပေါ်မှာ စိတ်ပူပန်မှုတွေ ရှိနေတယ်ပေါ့” ဟု ကိုမင်းသူနောင်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲလေ့ လာသူများ လုပ်ငန်းစဉ်နှင့် လိုက်နာရမည့် ကျင့်ဝတ်များထုတ်ပြန်ခြင်းနှင့်အတူ အထွေထွေရွေးကောက်ပွဲ လေ့လာခွင့်ကို အောက်တိုဘာ ၁၅ ရက်အထိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း တစ်ဆက်တည်းကြေညာခဲ့သည်။

ကော်မရှင်ထုတ်ပြန်သည့် ရွေးကောက်ပွဲလေ့လာသူများ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကို ဆက်သွယ်သော်လည်း ဖုန်းကိုင်ဆောင် ဖြေဆိုခြင်း မရှိ၍ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

     

Most Read

Most Recent