UNA အဖွဲ့ဝင်ချင်း ရွေးကောက်ပွဲမဲဆန္ဒနယ်တူလျှင် အားသာချက်ရှိသည့်ပါတီ အနိုင်ရရေး ညှိနှိုင်းဆောင်ရွက်မည်

UNA အဖွဲ့ဝင်ချင်း ရွေးကောက်ပွဲမဲဆန္ဒနယ်တူလျှင် အားသာချက်ရှိသည့်ပါတီ အနိုင်ရရေး ညှိနှိုင်းဆောင်ရွက်မည်
၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် အဖွဲ့ဝင်အသစ် လျှောက်ထားခြင်း ကိစ္စများကို ဇွန် ၂၆ ရက်က UNA ရုံးတွင် ဆွေးနွေးမှုပြုလုပ်စဉ်  (Photo- United Nationalities Alliance)
၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့် အဖွဲ့ဝင်အသစ် လျှောက်ထားခြင်း ကိစ္စများကို ဇွန် ၂၆ ရက်က UNA ရုံးတွင် ဆွေးနွေးမှုပြုလုပ်စဉ် (Photo- United Nationalities Alliance)
Published 9 July 2020
ဉာဏ်လင်းထွန်း

တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်သည့် UNA အဖွဲ့ဝင် ပါတီအချင်းချင်း ရွေးကောက်ပွဲ မဲဆန္ဒနယ်တူညီလျှင် အားသာချက်ရှိသည့် ပါတီအနိုင်ရရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု အဖွဲ့ဝင် ပါတီအချို့၏ တာဝန်ရှိသူများက ပြောကြားသည်။

ရွေးကောက်ပွဲ မဲဆန္ဒနယ်တူ၍ ပါတီတစ်ခု ရှောင်ပေးခြင်းက ပါတီပုံရိပ်ထိခိုက်နိုင်သလို လူထုဆန္ဒကိုလည်း မလေးစားရာ ရောက်စေသည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“အဖွဲ့ဝင်ပါတီ အနိုင်ရဖို့တော့ အကုန်လုံး ပူးပေါင်းဆောင်ရွက်ကြမှာပေါ့” ဟု UNA ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဦးစိုင်းလိတ်က ပြောကြားသည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) ကို နိုင်ငံရေးပါတီ ၁၃ ပါတီဖြင့် ဖွဲ့စည်းထားပြီး ၁၂ ပါတီမှာ တိုင်းရင်းသားပါတီများဖြစ်ကာ ကျန်တစ်ပါတီမှာ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံတည်ထောင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဖြစ်သည်။

SNLD ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အများစုနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းရှိ မဲဆန္ဒနယ်အချို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ယင်းသို့ ယှဉ်ပြိုင်ရာတွင် ကချင်ပြည်နယ်နှင့် ကယားပြည်နယ်ရှိ မဲဆန္ဒနယ်အချို့တွင် UNA အဖွဲ့ဝင် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) နှင့် ကယန်းအမျိုးသားပါတီ (KNP) တို့နှင့် မဲဆန္ဒနယ်ထပ်ခြင်းများ ရှိနိုင်သော်လည်း အချင်းချင်းနားလည်မှုရှိ၍ ဆိုးရွားသည့်ပွတ်တိုက်မှု မရှိနိုင်ဟု ဦးစိုင်းလိတ်က ဆိုသည်။

လက်ရှိတွင် UNA အဖွဲ့ဝင်အချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ပါတီချင်းညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု UNA အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က ပြောကြားသည်။

“ရှောင်ပေးတယ်ဆိုတာထက် အဲဒီလိုမထပ်ရအောင် အချင်းချင်းညှိပြီးတော့ အတူတူ စည်းရုံးကြတာပေါ့။ ဒါမျိုးတွေ သွားမှာပေ့ါ။ ပါတီတစ်ခုကတော့ နာမည်ခံရမှာပေါ့” ဟု UNA ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးမျိုးကျော်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့်လည်း လာမည့်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာများကိုလည်း  ယှဉ်ပြိုင်မည်ဟု သိရသည်။

အခြားသော UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများလည်း ၎င်းတို့ပါတီ တည်ရှိရာဒေသများတွင် အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

 

Most Read

Most Recent