ကယန်းအမျိုးသားပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအပါအဝင် ၁၀ နေရာခန့် ဝင်ရောက်ယှဉ်ပြိုင်မည်

ကယန်းအမျိုးသားပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအပါအဝင် ၁၀ နေရာခန့် ဝင်ရောက်ယှဉ်ပြိုင်မည်
ဓာတ်ပုံ- ကယန်းအမျိုးသားပါတီ
ဓာတ်ပုံ- ကယန်းအမျိုးသားပါတီ
Published 9 July 2020
မခိုင်(လွိုင်ကော်)၊ စည်သာ(တောင်ကြီး)

ကယန်းအမျိုးသားပါတီအနေဖြင့် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နေရာအပါအဝင် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်ငါးမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်နေရာ၊ ဖယ်ခုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတစ်နေရာ၊ ကရင်ပြည်နယ် သံတောင်မြို့နယ်တွင် ပြည်နယ်လွှတ်တော်တစ်နေရာ၊ ကယားပြည်နယ်တွင် ဒီမောဆိုမြို့နယ်နှင့် မယ်စဲ့မြို့နယ်တို့၌ စုစုပေါင်း ၁၀ နေရာခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကယန်းအမျိုးသားပါတီအနေဖြင့် ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် နေပြည်တော်ကောင်စီနယ်မြေရှိ ကယန်းတိုင်းရင်းသားများနေထိုင်သည့် နေရာများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်း သိရသည်။

“ကျွန်တော်တို့ ဝင်ပြိုင်မှာက လောလောဆယ် ၁၁ ယောက်ပေါ့။ ၁၀ ယောက်အထိလည်း ဖြစ်သွားနိုင်တယ်။ ဒီထဲမှာ ကျွန်တော်တို့လူငယ်က ငါးယောက်ပေါ့နော်။ သေချာနေပြီ။ ခုနစ်ယောက်ဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်ပေါ့လေ။  အခုက စီစဉ်ဆဲရှိသေးတယ်။ ဒီ ၁၅ ရက်နေ့မှ ကျွန်တော်တို့တင်ပြမှာဖြစ်လို့ ဆုံးဖြတ်ပေးမှာဖြစ်တယ်ပေါ့နော်။ လူငယ်တွေအားလုံးပေါင်း ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင်နှုန်းဖြစ်သွားတဲ့ အကြောင်းရင်းကတော့ ကျွန်တော်ပါတီက လူငယ်ထုနဲ့ အဓိကစုစည်းထားတဲ့ပါတီ။ လူငယ်သူငယ်ချင်းတွေ အားလုံးက ဒီပါတီရောက်လာတဲ့ အကြောင်းရင်းလည်းဖြစ်တယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်တို့ကိုယ်တိုင်က ဒီပါတီထဲမှာ လူငယ်ဖြစ်နေတဲ့အတွက် လူငယ်တွေနဲ့ပတ်သက်တဲ့ မူဝါဒတွေ၊ လူငယ်တွေနဲ့ပတ်သက်တဲ့ စည်းရုံးရေးတွေ ပိုများများဖြစ်သွားတဲ့အတွက် ၀ိုင်းဝန်းပံ့ပိုးချင်တဲ့လူငယ်က ပိုများတယ်ပေါ့နော်။ နောက်ကျွန်တော်တို့ လက်ရှိနိုင်ငံရေးမျိုး ဆက်တွေမှာ အတက်ကြွဆုံး ဒီအုပ်စုတွေပဲ ရှိတဲ့အတွက် လူငယ်တွေ အများအပြား နိုင်ငံရေးပါတီမှာ ပါလာရခြင်းဖြစ်ပါတယ်ပေါ့” ဟု ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောကြားသည်။

 ထို့ပြင် အမျိုးသမီးပါဝင်မှုတွင်လည်း ရာခိုင်နှုန်း ၅၀ အဖြစ် လျာထားပြီး ကိုယ်စားလှယ်လောင်း စတင်ခေါ်စဉ်ကပင် အမျိုးသမီးဦးစားပေးခေါ်ခဲ့ကြောင်းနှင့် အမျိုးသမီးများထဲမှ လူငယ်အမျိုးသမီး အများဆုံးဖြစ်ကြောင်း ၎င်းက ဆိုသည်။     

“မျှော်လင့်ချက် ၇၀ ရာခိုင်နှုန်းအထက် နိုင်မယ်လို့ မျှော်လင့်ထားတယ်။ ကျွန်တော်တို့ ကယန်းအမျိုးသားပါတီကတော့ ကယန်းလူထုကို ကိုယ်စားပြုနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ရွေးကောက်ပွဲမှာ မဲထည့်တဲ့သူတွေ အားလုံးက သုံးခုပဲရွေးရမှာဖြစ်တယ်။ တစ်အချက် အာဏာရှင်ပြန်လာချင်ရင် အာဏာရှင်ကိုပဲ မဲပေးကြပေါ့။ ကျွန်တော်တို့ကတော့ အာဏာရှင်ပါတီကို ပြန်မလာစေချင်လို့ အာဏာရှင်ပါတီတွေကို မဲမပေးကြဖို့ တောင်းဆိုချင်တယ်။ နှစ်အချက်က တိုင်းရင်းသားတွေအရေးထက် ဗဟိုချုပ်ကိုင်မှုတွေ ဗဟိုမှာပဲအာဏာထားတဲ့ ပြင်ပပါတီကြီးတွေကို မဲပေးတာထက်စာရင် တိုင်းရင်းသားပါတီတွေကို မဲပေးဖို့ လိုအပ်တယ်။ တိုင်းရင်းသားပါတီတွေက အမျိုးသားရေး၊ ဒေသအရေးတွက် နယ်ခံတစ်ယောက်အနေနဲ့ အလုပ်လုပ်မှာဖြစ်တဲ့အတွက် မဲပေးဖို့ အချိန်တန်ပြီလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ စည်းရုံးရေးတွေ မလုပ်နိုင်ဘူး။ ရွေးကောက်ပွဲမှာ COVID-19 ကြောင့် မဲလာထည့်မှာ နည်းသွားမှာကိုလည်း စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။ ၂၀၂၀ အလွန်မှာလည်း တိုင်းရင်းသားဒေသမှာ ပါတီထောင်ပြီး လှုပ်ရှားတာထက် ဗမာအပါအဝင် တိုင်းရင်းသားတွေ အားလုံးပေါင်းပြီးတော့ ပြည်ထောင်စုပါတီတစ်ခုကို မျှော်လင့်နေတယ်။ အဲဒီလိုဖြစ်ပေါ်ဖို့လည်း လိုက်လျောညီထွေဖြစ်ဖို့ ပါတီအပြောင်းအလဲဖြစ်အောင် လုပ်သွားဖို့လည်း ရှိပါတယ်” ဟု ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးခွန်းဘီထူးက ပြောကြားသည်။

ကယန်းအမျိုးသားပါတီကို ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်လွှတ်တော်တွင် နှစ်နေရာနိုင်ခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ် မရရှိခဲ့ပေ။

 

Most Read

Most Recent