AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များမှ ကာကွယ်တားဆီးရန် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များမှ ကာကွယ်တားဆီးရန် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ရဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 9 July 2020
ဉာဏ်လင်းထွန်း

အစိုးရဝန်ထမ်းများအား တိုက်ခိုက်ပြန်ပေးဆွဲမှုအပါအဝင် AA အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များမှ ကာကွယ်တားဆီးရန် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ရခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၈ ရက် တွင် သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် မိုဘိုင်းအင်တာနက် နည်းပညာများကို တလွဲအသုံးချ၍ လက်လုပ်မိုင်းနှင့် အဝေးထိန်း မြေမြှုပ်မိုင်းများဖောက်ခွဲခြင်း၊ တိုင်းရင်းသားများအကြား အမုန်းတရားများလှုံ့ဆော်ခြင်း၊ အစိုးရဝန်ထမ်းများအား တိုက်ခိုက်မှုနှင့် ပြန်ပေးဆွဲမှုများကို စနစ်တကျလုပ်ဆောင်လျက်ရှိပြီး အဆိုပါလုပ်ရပ်များမှ ကာကွယ်တားဆီးရန် အင်တာနက် ယာယီဖြတ်တောက်ရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက် ယာယီဖြတ်တောက်ခြင်းသည် ထိခိုက်ခံစားနေရသည့် နေရာများတွင် နေထိုင်ကြသည့် COIVD-19 ကူးစက်ရောဂါကို ရင်ဆိုင်နေရသော ပြည်သူများအတွက် အသက်အန္တရာယ်ရှိသည်ဆိုကာ စိုးရိမ်ပူပန်ကြောင်း ပြောကြားမှုအချို့နှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါအတိုင်း ပြန်လည်ရှင်းလင်းခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် AA အဖွဲ့ကို အကြမ်းဖက်သောင်းကျန်းသူဟု သုံးနှုန်းထားပြီး AA သည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်းကဲ့သို့သော ကျူးလွန်မှုများလည်း ပြုလုပ်လျက်ရှိသည်ဟု ဖော်ပြပါရှိသည်။

တပ်မတော်နှင့် AA အဖွဲ့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် အင်တာနက် စတင်ဖြတ်တောက်ခဲ့သည်။

ယင်းသို့ အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်ခြင်းသည် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၇ နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှု ဖြတ်တောက်သော်လည်း မိုဘိုင်းဖုန်းနှင့် စာတိုပေးပို့ခြင်းတို့ကို အသုံးပြုခွင့်ပေးထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပဋိပက္ခအခြေအနေ တိုးတက်မှုကြောင့် ရသေ့တောင်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်နှင့် ပလက်ဝ စသည့် မြို့နယ်ငါးခုကို ၂၀၁၉ သြဂုတ်တွင် အင်တာနက် ပြန်ဖွင့်ပေးခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပြန်လည်ဖြတ်တောက်ခဲ့ပြီး မောင်တောမြို့နယ်တစ်ခုကိုသာ မေလတွင် အင်တာနက် သုံးစွဲခွင့်ပြုခဲ့သည်။

“အခြေအနေများ တည်ငြိမ်မှုရှိလာသည်နှင့်အမျှ အင်တာနက်အသုံးပြုနိုင်မှု ပုံမှန်ပြန်လည် ရရှိလာမည်ဖြစ်သည်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။

အင်တာနက်ယာယီ ဖြတ်တောက်ထားသော်လည်း COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များနှင့် အသိပညာပေးမှုများကို ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အသိုက်အဝန်းများထံ ပေးပို့လျက်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရက ယခုနှစ် ဇန်နဝါရီမှစတင်၍ အင်တာနက်ယာယီဖြတ်တောက်ထားသည့် ဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် စာတို SMS ပေးပို့မှု အခမဲ့ဝန်ဆောင်မှုများမှတစ်ဆင့် COVID-19 နှင့် ပတ်သက်သည့် အသိပညာပေး သတင်းအချက်အလက်များ ဖြန့်ဝေပေးလျက်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ကလည်း အင်တာနက် ယာယီဖြတ်တောက်ထားသည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်များတွင် COVID-19 ကာ ကွယ်ထိန်းချုပ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

AA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်မှ အကာအကွယ်ပေးရေးနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတို့တွင် အစိုးရအနေဖြင့် လိုအပ်သည့် ထိရောက်သောအစီအမံများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ကျော်ကြာမြင့်လာသည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်ပြန်ဖွင့်ပေးရန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်အရေး လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းအချို့က တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်။

 

Most Read

Most Recent