NCA လက်မှတ်ရေးထိုးထားသူများက JMC အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့သော်လည်း ယုံကြည်မှု တိုးတက်လာမည်ဆိုသည့် မျှော်လင့်ချက်မှာ လက်တွေ့ဖြစ်မလာသေးကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား

NCA လက်မှတ်ရေးထိုးထားသူများက JMC အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့သော်လည်း ယုံကြည်မှု တိုးတက်လာမည်ဆိုသည့် မျှော်လင့်ချက်မှာ လက်တွေ့ဖြစ်မလာသေးကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၁) ပြောကြား
နေပြည်တော်တွင် ဇူလိုင် ၇ ရက်က ၁၉ ကြိမ်မြောက် JMC အစည်းအဝေး ကျင်းပစဉ်
နေပြည်တော်တွင် ဇူလိုင် ၇ ရက်က ၁၉ ကြိမ်မြောက် JMC အစည်းအဝေး ကျင်းပစဉ်
Published 7 July 2020
အောင်မင်းသိန်း

NCA လက်မှတ်ရေးထိုးထားသူများက JMC အဖွဲ့အစည်းကို ထူထောင်နိုင်ခဲ့သော်လည်း ယုံကြည်မှု တိုးတက်လာမည်ဆိုသည့် မျှော်လင့်ချက်မှာ လက်တွေ့ဖြစ်မလာသေးကြောင်း JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက ပြောကြားသည်။

ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ၁၉ ကြိမ်မြောက် အစည်းအဝေး နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုပြီးနောက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ထိန်းသိမ်းလိုက်နာခြင်းနှင့် ပေါ်ပေါက်လာသော အငြင်းပွားမှုများအား ဖြေရှင်းရာတွင် ဘက်လိုက်မှုကင်းပြီး ပွင့်လင်းမြင်သာမှု အခြေခံဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်သည်။ NCA လက်မှတ် ရေးထိုးထားသူများသည် JMC အား ဖွဲ့စည်းထူထောင်နိုင်ခဲ့သော်လည်း ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား ယုံကြည်မှု တိုးတက်များပြားလာမည်ကို မျှော်လင့်ခဲ့သော်လည်း ယင်းမျှော်လင့်ချက်များ လက်တွေ့ဖြစ်မလာသေးပါ” ဟု ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက ပြောကြားသည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းသည် စိုးရိမ်ရသည့်အခြေအနေ မဟုတ်သော်လည်း JMC ၏ တာဝန်ရှိသည့်လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသည်ကို အထူးအလေးထားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အထက်ပါကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်လာရခြင်းအကြောင်းအား မိမိတို့အဖွဲ့အတွင်း ပြန်လည်သုံးသပ်ကြည့်ရာတွင် JMC ၏ ဖွဲ့ စည်းပုံအရ ပူးတွဲပိုင်ဆိုင်မှုဆိုသည့် ပုံစံထက် ပူးပေါင်းနေထိုင်မှုပုံစံဖြစ်နေခြင်း၊ NCA ၏ အခန်း(၃) အပိုဒ်(၃)ပါ လက်မှတ်ရေးထိုးသည့် နေ့မှစ၍ ၁၄ ရက်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များကို တိကျသော အချိန်ဇယား သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မပြုလုပ်နိုင်ခဲ့ခြင်း၊ နှစ်ဖက်တပ်များအကြား ဦးစားပေး တွေ့ဆုံညှိနှိုင်း သဘောတူရမည့်ကဏ္ဍ ပျောက်ကွယ်နေခြင်း၊ JMC လုပ်ငန်းများ မြေပြင်ပေါ်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်သည့် နေရာ၌ နှစ်ဖက်တပ်များ ထိပ်တိုက်ပဋိပက္ခများ မဖြစ်စေရန် စောင့်ကြည့်ရမည့် အခင်းအကျင်းမရှိခြင်း၊ NCA အခန်း(၆)ပါ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ရှုပ်ထွေးပါဝင်လာခြင်းကြောင့် ပြစ်တင်ဝေဖန် ကန့်ကွက်မှုများသာ ဖြစ်ပေါ်လာခဲ့ကြောင်း ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက ပြောကြားသည်။

ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက “တစ်ချိန်တည်းမှာ KNU အကောင်အထည်ဖော်မှုဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများတွင်လည်း ညှိနှိုင်းရာတွင် တစ်ဆို့မှုများဖြစ်ပေါ်နေခြင်းကြောင့် KNU အဖွဲ့အစည်းနှင့် RCSS အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ ခေတ္တရပ်ဆိုင်းသည့်နည်းတူ JMC အစည်းအဝေးများကိုလည်း ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ထို့နောက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နိုင်ငံရေးဆွေးနွေးပွဲများကို ပြန်လည်ကျင်းပနိုင်ရန် တွေ့ဆုံညှိနှိုင်းပွဲများအား အလွတ်သဘော တွေ့ဆုံခြင်း၊ တရားဝင်တွေ့ဆုံခြင်း အကြိမ်များစွာ ပြုလုပ်ညှိနှိုင်းခဲ့ပါတယ်” ဟု ပြောကြားသည်။

NCA ပါ သဘောတူညီချက်များအရ နှစ်ဖက်ညှိနှိုင်းဆွေးနွေးရမည့်အချက်များကို သက်ဆိုင်သည့် NCA- SEAO အဖွဲ့များ အနေဖြင့် အစိုးရနှင့် တပ်မတော်ပူးပေါင်းပြီး ဦးစားလုပ်ငန်းစဉ်များချမှတ်၍ ဆွေးနွေးအကောင်အထည်ဖော်သွားရန် သဘောတူသည့် ဆုံးဖြတ်ချက်များကို ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ပတ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ဆွေးနွေးမည့် အကြောင်းအရာများနှင့် ဆွေးနွေးမှုပုံစံ သဘောတူညီချက်များ ရရှိခဲ့ခြင်းကြောင့် JMC အစည်းအဝေးအား ပြန်လည်တက်ရောက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် နှစ်ဖက်တပ်များတွေ့ဆုံသည့် ယန္တရားက တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားနိုင်ရန် တပ်နေရာချထားခြင်း ကိစ္စရပ်များ လုပ်ဆောင်နိုင်ရန် သဘောတူညီမှုရလဒ်များရရှိရေး လုပ်ကိုင်ရမည်ဖြစ်ပြီး ယင်းရလဒ်ကိုစောင့်ကြည့်ရန် ဒေသနှင့်ကိုက်ညီသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ စောင့်ကြည့်ကော်မတီများတွင် ပဋိပက္ခဒဏ်ခံစားရသော နယ်မြေခံလူထုများ ကိုယ်တိုင်ပါဝင်လာနိုင်ရေးသည် အရေးကြီးကြောင်း ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက ဆက်လက်ပြောကြားသည်။

“ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စိစစ်မှုလုပ်ဆောင်ရာတွင် လွတ်လပ်၍ ဘက်မလိုက်သည့်အဖွဲ့က တာဝန်ယူရမည်ဟု သိမြင်ထားပါတယ်။ သို့သော် JMC တွင် မိမိတို့ ပြည်တွင်းပဋိပက္ခများအတွင်းသို့ ပြင်ပလူများ ထည့်သွင်းရန် မလိုလားမှုများ ရှိနေခဲ့ပါတယ်။ ထို့ကြောင့် မြေပြင်တွင် အမှန်ဖြစ်ပွားပေါ် ပေါက်ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် လွတ်လပ်သည့်အမြင်ကို မည်ကဲ့သို့ရယူနိုင်မည်နည်းဆိုသည့် အချက်သည် အထူးထည့်သွင်း စဉ်းစားစရာဖြစ်ပါတယ်” ဟု JMC-U ဒုတိယ ဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက ပြောကြားသည်။

နှစ်ပေါင်း ၇၀ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက်ကြား ယုံကြည်မှုနည်းပါးခြင်း၊ ညှိနှိုင်းရာမှ ဖြစ်ပေါ်လာသည့် မပြေလည်မှုများကြောင့် ပြဿနာများကို ဖြေရှင်းရာတွင် အချိန်အနည်းငယ်အတွင်း ပြေလည်နိုင်မည်မဟုတ်ကြောင်း၊ ပြဿနာများကိုသာ ဖော်ထုတ်အငြင်းပွားနေမည့်အစား NCA ပါ သဘောတူညီချက်များအား အသိအမှတ်ပြုမှု၊ လေးစားမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆွေးနွေးသွားကြရန်လည်း ဗိုလ်ချုပ်စောအိုင်းဇတ်ဖိုးက တိုက်တွန်း ပြောကြားသည်။

 

Most Read

Most Recent