COVID-19 မဖြစ်ခင်ကထက် ငါးရာခိုင်နှုန်းခန့် ကျုံ့သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကသုံးသပ်ခဲ့တဲ့ မြန်မာ့စီးပွားရေး

COVID-19 မဖြစ်ခင်ကထက် ငါးရာခိုင်နှုန်းခန့် ကျုံ့သွားနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ကသုံးသပ်ခဲ့တဲ့ မြန်မာ့စီးပွားရေး
ရန်ကုန်မြို့ရှိ စားသောက်ကုန်များရောင်းချသော စျေးတန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ စားသောက်ကုန်များရောင်းချသော စျေးတန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 28 June 2020
နီလာ

(၁)

COVID-19 ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံ၏စီးပွားရေး အခြေအနေအပေါ် ပြင်းထန်သည့် ထိုးနှက်ချက်တစ်ရပ်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယေဘုယျခန့်မှန်းအခြေအနေအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေးနှုန်းသည် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

COVID-19 သည် ဆယ်စုနှစ်ရှစ်ခုအတွင်း ကမ္ဘာပေါ်တွင် အကြီးမားဆုံး စီးပွားရေးပျက်ကပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့စီးပွားရေးများ၏ ရာခိုင်နှုန်း ၉၀ ကို ယခုကပ်ဆိုးကြီးက သက်ရောက်ခဲ့သည်။ ယခုအခြေအနေမျိုးသည် မည်သည့်နိုင်ငံကိုမျှ ကောင်းမွန်သည့် အခြေအနေကိုပေးခဲ့ခြင်းမရှိပေ။

“ Supply Chain ကလည်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေက တော်တော်များများ ရိုက်ခတ်မှုရှိခဲ့ပါတယ်။ အများစုကိုလည်း တရုတ်ပြည်ကနေ ဝယ်နေရတဲ့ ကုန်ကြမ်းလမ်းကြောင်းကလည်း ရပ်ဆိုင်းသွားခဲ့ပါတယ်။နောက်ပြီးတော့ မြန်မာနိုင်ငံပြင်ပမှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေရဲ့ မြန်မာနိုင်ငံအတွင်းကိုပြန်ပြီး ငွေလွှဲမှုဟာလည်း တုံ့ဆိုင်းသွားခဲ့ပါတယ်။ ထိုကဲ့သို့ ငွေလွှဲမှုကလည်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိမ်ထောင်စုဝင်တွေရဲ့ ဝင်ငွေတွေရဲ့ ထက်ဝက်ကျော်ကျော်က ဆုံးရှုံးသွားတယ်လို့ ပြောလို့ရပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ Lead Economist, Hans Anand Beck က ပြောကြားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်မဖြစ်ခင်ကာလကထက် ငါးရာခိုင်နှုန်းခန့် ကျုံ့သွားမှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ကပ်ရောဂါထိန်းချုပ်နိုင်ရန် အသွားအလာ ကန့်သတ်မှုများ၊ ထိန်းချုပ်မှုများကလည်း လက်လီလက်ကား ရောင်းဝယ်ရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေသည်။

 

(၂)

အကယ်၍ COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေပါက စီးပွားရေးသည် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားနိုင်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှသာ ပြန်လည်နာလန်ထူလာမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း ထိခိုက်နိုင်ဖွယ်အန္တရာယ်များ ရှိနေသေးသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

“ အချို့သောစီးပွားရေးလုပ်ငန်းတွေက ဒီကာလအတွင်း ဖိအားများကို အများကြီးရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် ဝန်ဆောင်မှုကို ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းတွေက သီတင်းရှစ်ပတ်ကာလလောက် သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်လိုက်ရတဲ့အတွက် ရိုက်ခတ်မှုတွေရှိပါတယ်။ စီးပွားရေး ကဏ္ဍကိုပြန်ကြည့်မယ်ဆိုရင် လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍမှာ ရိုက်ခတ်မှုကလည်း နည်းခဲ့ပါတယ်။ အဲဒီမှာဆိုရင် အထူးသဖြင့် ငွေကြေးစီးဆင်းမှုက လျော့နည်းသွားတာတွေ့ရပါတယ်။ ၁၉ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေက မိမိတို့ရဲ့ သမားရိုးကျလုပ်နေတဲ့ လုပ်ငန်းစဉ်တွေကနေပြီးတော့ သူတို့တွေ ဒီထက်ပိုပြီးတော့ ခေတ်နဲ့အညီ လုပ်ဆောင်နိုင်တဲ့ပုံစံကို ကျင့်သုံးလိုက်တဲ့အခါ ဝင်ငွေတွေတိုးတက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက အမျိုးသမီးများ ဦးဆောင်တဲ့စီးပွားရေး လုပ်ငန်းတွေက အထူးသဖြင့် COVID-19 ကာလမှာ အင်မတန်မှ ရိုက်ခတ်မှုရှိပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ Lead Economist, Hans Anand Beck က ပြောကြားသည်။

COVID-19 ကြောင့် ပြင်ပ ရိုက်ခတ်မှုများမှ ပြည်တွင်း၌ ရိုက်ခတ်လာမှုကို လေ့လာကြည့်ပါက ငွေကြေးဖောင်းပွမှုတွင်လည်း ရိုတ်ခတ်မှုရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် မေလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့် ဧပြီလတွင်ဖြစ်ပေါ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ရာခိုင်နှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ၁၂ လဆက်တိုက် ရှစ်ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် မေတွင် တစ်နှစ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၈ ဒသမ ၃၅ ရာခိုင်နှုန်းဖြစ်ပြီး၂၀၂၀ ပြည့်နှစ် ဧပြီလ၏ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့်  နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီနှင့် မေတွင် ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

“ စားသုံးသူတွေကနေ ဖြစ်ပေါ်လာတဲ့ Food Inflation ဖြစ်ပါတယ်။ နောက်ပြီး အစားအသောက် မဟုတ်တဲ့ ကုန်စည်တွေ စျေးမြင့်သွားတာလည်း တွေ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဇူလိုင်လမှာ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနဲ့ ယခုနှစ်လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေလည်း ကွာခြားသွားတာ တွေ့ရပါတယ်။ Inflation ကို ပြန်ကြည့်ရင် စုစုပေါင်း ငါးရာခိုင်နှုန်းလောက် ကွာသွားတာ တွေ့ရပါတယ်။ အထူးသဖြင့် အိမ်ထောင်စုဝင်တွေမှာ ရိုက်ခတ်မှု ရှိခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ Lead Economist, Hans Anand Beck က ပြောကြားသည်။

ထို့ပြင် COVID-19 ၏ ရိုက်ခတ်မှုကြောင့် မြန်မာနိုင်ငံ၏ အခွန်ဝင်ငွေရရှိမှုကို သိသာစွာကျဆင်းစေသည်။ အထူးသဖြင့် ပြီးခဲ့သည့်နှစ်တွင် ပုံမှန်အခွန်ဝင်ငွေရရှိမှုများ ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ခြောက်ရာခိုင်နှုန်းခန့် အခွန်ရရှိမှု ကျဆင်းသွားသည်။

မြန်မာနိုင်ငံအတွင်း ကပ်ရောဂါထိန်းချုပ်ရန် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုများကြောင့်လည်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ရာခိုင်နှုန်း ၉၀ ခန့်က တိုးတက်မှု တုံ့ဆိုင်းသွားစေခြင်းဖြစ်သည်။

 

(၃)

COVID-19 သည် မြန်မာ့စီးပွားရေး တိုးတက်မှုကို မုချဧကန်အနှောင့်အယှက် ပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံသည် စီးပွားရေးကျဆင်းမှုအခြေအနေမှ လက်မတင်လေးလွတ်နိုင်ခြေလည်း ရှိခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

“ ပြန်လည်ပြီး စီးပွားရေးရုန်းထဖို့ဆိုရင် Risk တွေ ရှိနေပါသေးတယ်။ အဲဒါတွေကို ကြည့်မယ်ဆိုရင် ကုန်သွယ်ရောင်းဝယ်ရေးကဏ္ဍက Risk တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တစ်ချိန်တည်းမှာပဲ ဇန်နဝါရီလကနေ အခုအချိန်အထိ ၄ ဒသမ ၄ ရာခိုင်နှုန်းပဲ ကုန်သွယ်ရေးမျှခြေက အနည်းငယ် ကျဆင်းသွားတာကို ကျေးဇူးတင်ရမလိုတောင် ဖြစ်နေပါတယ်။ ပထမမျှော်မှန်းထားတဲ့ သဘာဝဓာတ်ငွေ့ရောင်းချမှုတွေ  ရေနံထုတ်လုပ်မှုတွေကလည်း ကမ္ဘာပေါ်မှာ ကျဆင်းသွားတယ်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်မှုကလည်း ကျဆင်းသွားတဲ့အတွက် မျှော်မှန်းထားတဲ့ ကုန်သွယ်ရေးလိုငွေပြမှုက ဒီထက်ပိုပြီးများမယ်လို့ တွက်ထားသော်လည်း မျှော်မှန်းထားတဲ့အတိုင်း အရမ်းကြီးဆိုးဆိုးရွားရွားကြီး ဖြစ်ခဲ့တာမရှိပါဘူး” ဟု ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူတစ်ဦး ပြောကြားသည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးတွင် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့သည်အတွက် အထူးသဖြင့် COVID-19 ကာလအတွင်း ရိုက်ခတ်မှုများစွာရှိလာသည်ကို တွေ့ရသည်။

၂၀၁၁ ခုနှစ်မှ စတင်ကာ အရပ်ဘက် အုပ်ချုပ်ရေးသို့ စတင်ကူးပြောင်းလာသည့် မြန်မာနိုင်ငံသည် သိသာထင်ရှားသည့် စီးပွားရေး တိုးတက်မှုများနှင့် တိုင်းတာဖော်ပြနိုင်သည့် လူနေမှုဘဝအခြေအနေသို့ တိုးတက်မှုများ ရှိလာခဲ့သည်။

၂၀၀၅ မှ ၂၀၁၇ ခုနှစ်အတွင် မြန်မာနိုင်ငံ၏ ဆင်ရဲနွမ်းပါးမှုနှုန်းသည် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၅ ရာခိုင်နှုန်းအထိ ထက်ဝက် နီးပါးကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

သို့သော် ထိုကာလအတွင်း ရရှိခဲ့သော တိုးတက်မှုများ၏ အသီးအပွင့်များ မခံစားနိုင်သည့် ပြည်သူအများအပြား ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေမည်ဆိုလျှင် မြန်မာနိုင်ငံအနေဖြင့် လတ်တလော အောင်မြင်မှုများ ရရှိလျက်ရှိသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဆိုင်ရာ တိုးတက်မှုများကို ထိခိုက်စေမည်ဖြစ်ပြီး ဆင်းရဲသော အိမ်ထောင်စုများအား ပိုမိုဆင်းရဲတွင်းနက်စေမည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်သည်ဟူသော ယေဘုယျခန့်မှန်းခြေ အခြေအနေအရ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမည်ဆိုပါက မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်လာနိုင်သည်။ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ရေတိုကာလတွင် မြင့်တက်လာနိုင်ပြိး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တိုင်သည်အထိ ကိုဗစ်မတိုင်ခင် ကာလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ဦးမည်မဟုတ်ပေ။ ဆိုးရွားသွားနိုင်သည့် ခန့်မှန်းအခြေအနေတွင် ဆင်းရဲနွမ်းပါးမှုနှုန်းသည် အနည်းဆုံး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တိုင်အောင်ကို ဗစ်မတိုင်ခင်ကာလက အဆင့်အထက်တွင် ဆက်လက်တည်ရှိနေနိုင်သည်။

 

(၄)

မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ယှဉ်မည်ဆိုပါက COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် လူ့အသက်ဆုံးရှုံးမှု မများသော်လည်း စီးပွားရေးအရ ထိခိုက်မှုတွင်မူ သိသိသာသာကြုံတွေ့နေရကြောင်း  UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

“ မြန်မာနိုင်ငံအနေနဲ့ အခြားနိုင်ငံများနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနဲ့ လူ့အသက်ဆုံးရှုံးမှုများက ထိခိုက်မှုမများဘဲနဲ့ စီးပွားရေးအရ ထိခိုက်မှုကတော့ သိသိသာသာလေး ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် ပြည်ပနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ အပိုင်းမှာတော့ ပြည်တွင်းမှာပါ စီးပွားရေးလုပ်ငန်းများ လည်ပတ်တဲ့ရာမှာ အကန့်အသတ်များရှိလာတဲ့အတွက် အခက်အခဲအခဲတွေ ရင်ဆိုင်နေရပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

COVID-19 ကာလအတွင်းနှင့် COVID-19 အလွန်ကာလတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရေးအတွက် ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် အကြံပြုအချို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တင်ပြခဲ့သည်။

ပထမအချက်အနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုတိုးတက်လာစေရန်နှင့် စီးပွားရေး လျင်လျင်မြန်မြန် ဦးမော့လာနိုင်ရန်အတွက် နိုင်ငံအတွက် အကျိုးပြုမည့်စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး အစိုးရမှ အထူးချေးငွေအစီအစဉ်များနှင့် နိုင်ငံတကာချေးငွေ အစီအစဉ်များအပေါ် အာမခံပေးရန်ဖြစ်ကြောင်း၊ ပြည်တွင်းရှိဘဏ်များနှင့် ပြည်တွင်း၌ လာရောက်ဖွင့်လှစ်သည့် ဘဏ်များမှ ငွေကြေး လွယ်လွယ်ကူကူချေးနိုင်ရန် Guarantor အဖြစ် ဆောင်ရွက်ပေးမည်ဆိုပါက ငွေကြေးအရင်းအနှီး ပိုမိုရရှိမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။

ဒုတိယအချက်အနေဖြင့် ကာလလတ်တွင် စီးပွားရေးပြန်လည် ဦးမော့လာရေးနှင့် ကာလရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ရေးဆွဲရာတွင် ပုဂ္ဂလိကကဏ္ဍများ၏ အကြံပြုတင်ပြချက်များကို ထည့်သွင်းစဉ်းစားပေးရန်ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် ပို့ကုန်တိုးမြှင့်ရေးဘုတ်အဖွဲ့ကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းပါဝင်ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ သို့မှသာ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို တွန်းအားပေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရန်နှင့် ပြည်တွင်းရှိ နိုင်ငံ၏စီးပွားရေးနှင့် လူမှုရေးပြန်လည် အားကောင်းလာစေရေး ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ဦးစားပေးမြှင့်တင်ရန်နှင့် မျှတသော ယှဉ်ပြိုင်မှုဝန်းကျင် ဖန်တီးပေးရန် လိုအပ်ကြောင်း၊ သို့မှသာ အခြားနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်၍ ထုတ်လုပ်ရောင်းချမည်ဆိုပါက စက်ရုံများ ပိုမို၍ဖွင့်နိုင်မည်ဖြစ်ကြောင်း အလုပ်အကိုင် များစွာပေးနိုင်မည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက တင်ပြခဲ့သည်။

နောက်ဆုံးအချက်အနေဖြင့် COVID-19 ကာလအတွင်း အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအကြား စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို စဉ်ဆက်မပြတ်ထိတွေ့ဆွေးနွေးနိုင်မည့် အစီအစဉ်ထားရှိရန်တို့ကိုပါ အကြံပြုတင်ပြခဲ့သည်။

 

(၅)

ယခုအကျပ်အတည်းသည် ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍအချင်းချင်းမူဝါဒ လုပ်ဆောင်ချက်များ ညှိနှိုင်းဆောင်ရွက်ရန် အပူတပြင်းလိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ဥပမာအားဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ဆောင်ရွက်ခဲ့သည့် COVID-19 စီးပွားရေးသက်ရောက်မှုများအား ကုစားရေးအစီအစဉ် (CERP) ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

CERP ၏ ရည်ရွယ်ချက်မှာ တိုင်းပြည် စီးပွားရေးတည်ငြိမ်မှု ရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းများ ပံ့ပိုးပေးရန်နှင့် ဆင်းရဲနွမ်းပါးသူများအား အကာအကွယ်ပေးရန်၊ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များအား ကာကွယ်နိုင်ရန်နှင့် ဖြေရှင်းဆောင်ရွက်နိုင်ရန် တိုင်းပြည်၏စွမ်းရည်ကို မြှင့်တင်နိုင်ရန် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးကျဆင်းလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းဟု ခန့်မှန်းထားရာမှ သုည ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

Baseline ယူဆချက်အရ လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်မှာ ၇ ဒသမ ၂ ရာခိုင်နှုန်းသို့ ပြန်လည်ဦးမော့လာမည်ဟု ခန့်မှန်းထားသည်။

အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှုကဏ္ဍတိုးချဲ့မှုများ၊ ပို့ကုန်တိုးတက်လာခြင်းနှင့် တစ်ဦးချင်း ဝယ်ယူစားသုံးမှု ပြန်လည်ခေါင်းထောင်လာခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုနှုန်းသည် ကပ်ရောဂါအကျပ်အတည်း မတိုင်ခင် လမ်းကြောင်းပေါ်ကို ပြန်ရောက်မည်ဟု ခန့်မှန်းထားသည်။

ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်အားကောင်းလာပါက ဆက်လက်အားကောင်းနေသည့် အွန်လိုင်းအခြေပြု စီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍများတွင် ဝန်ဆောင်မှုများ အရှိန်ရလာကာ တိုးတက်ဖွံ့ဖြိုးလာမည်ဟု ခန့်မှန်းထားသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် လာမည့်အလယ်အလတ်ကာလအတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းအတွင်း မြင့်မားနေမည်ဟု ခန့်မှန်းထားသည်။

သို့သော်လည်း ရှေ့ခရီးတွင် သတိထားရမည့် အန္တရာယ်စိန်ခေါ်မှုများလည်း ကြီးကြီးမားမားရှိနေသည်။

ကမ္ဘာ့စီးပွားရေးတုံ့နှေးမှု ပိုမိုဆိုးရွားလာမည့် အခြေအနေနှင့် ပြည်တွင်းကြွေးမြီ မတည်ငြိမ်မှုများ ရှိလာပါက မှန်းဆရခက်ခဲသည့် ကပ်ရောဂါအခြေအနေကလည်း စီးပွားရေးလုပ်ငန်းများ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန် သက်ရောက်မှုများရှိနိုင်သည်။

ရေရှည်တွင် COVID-19 သည် မြန်မာ့စီးပွားရေးတိုးတက်မှုနှင့် ကုန်ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှု ကြီးမားစေနိုင်သည်အတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အရေးကြီးလာလျက်ရှိသည်။

‘ အခုအချိန်မှာ မြန်မာ့စီးပွားရေး ကာလလတ်မျှော်မှန်းချက်များက အကောင်းဘက်ဦးတည်နေပေမဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့ ကပ်ရောဂါတစ်ကျော့ပြန် ဖြစ်ပွားလာနိုင်ခြေကြောင့် ကြီးမားတဲ့အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။ ခိုင်မာအားကောင်းသော မူဝါဒလုပ်ဆောင်မှုများ အရေးတကြီး လိုအပ်နေပါတယ်။ အစိုးရအနေနဲ့ ရည်မှန်းထားတဲ့အသုံးစရိတ် မျှော်မှန်းချက်တွေကို လိုအပ်သလို ပြောင်းလဲအသုံးပြုခြင်း၊ စီးပွားရေးလုပ်ငန်းငယ် အများအပြားသို့ တိုးချဲ့အထောက်အပံ့ပေးခြင်းနဲ့ နွမ်းပါးတဲ့အိမ်ထောင်စုတွေကို ထောက်ပံ့ပေးခြင်းအားဖြင့် CERP ကို ပိုမိုထိရောက်အောင် မြင်စေနိုင်ပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောသည်။

Most Read

Most Recent