ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်သေဆုံးနှုန်း မြင့်တက်နေဆဲဖြစ်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးကို အလွန်အန္တရာယ်ရှိ Very High အဆင့်အဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း သိရသည်။ ဇွန် ၂၅ ရက်အထိ တစ်ကမ္ဘာလုံးတွင် COVID-19 အတည်ပြုလူနာ ၉၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၄၇၀၀၀၀ ကျော်ရှိပြီ ဖြစ်သည်။
ဇွန် ၂၅ ရက်အထိ ရရှိထားသော စာရင်းများအရ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေအရ အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၄၇၀၀၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၂၀၀၀၀ ကျော်၊ ကာတာနိုင်ငံတွင် ၉၀၀၀၀ ကျော်၊ တရုတ်နိုင်ငံ၌ ၈၅၀၀၀ ကျော်၊ အင်ဒိုနီးရှားနိုင်ငံတွင် ၄၉၀၀၀ ကျော်၊ ယူအေအီးနိုင်ငံတွင် ၄၆၀၀၀ ကျော်၊ စင်ကာပူနိုင်ငံတွင် ၄၂၀၀၀ ကျော်၊ ဂျပန်နိုင်ငံတွင် ၁၈၀၀၀ ကျော်၊ ကိုရီးယားနိုင်ငံတွင် ၁၂၀၀၀ ကျော်၊ နီပေါနိုင်ငံတွင် ၁၀၀၀၀ ကျော်၊ မလေးရှားနိုင်ငံတွင် ၈၅၀၀ ကျော်၊ ထိုင်းနိုင်ငံတွင် ၃၁၀၀ ကျော်၊ သီရိလင်္ကာနိုင်ငံတွင် ၂၀၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၃၅၂ ဦး၊ မြန်မာနိုင်ငံတွင် ၂၉၃ ဦး၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၃၀၊ လာအိုနိုင်ငံတွင် ၁၉ ဦးနှင့် ဘူတန်နိုင်ငံတွင် ၇၀ ရှိကြောင်း သိရသည်။
သေဆုံးသူ ဦးရေစာရင်းအရ အိန္ဒိယနိုင်ငံတွင် ၁၄၈၉၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၁၅၈၂ ဦး၊ ကာတာနိုင်ငံတွင် ၁၀၄ ဦး၊ တရုတ်နိုင်ငံတွင် ၄၆၄၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၅၇၃ ဦး၊ ယူအေအီးနိုင်ငံတွင် ၃၀၇ ဦး၊ စင်ကာပူနိုင်ငံတွင် ၂၆ ဦး၊ ဂျပန်နိုင်ငံတွင် ၉၆၈ ဦး၊ ကိုရီးယားနိုင်ငံတွင် ၂၈၂ ဦး၊ နီပေါနိုင်ငံတွင် ၂၄ ဦး၊ မလေးရှားနိုင်ငံတွင် ၁၂၁ ဦး၊ ထိုင်းနိုင်ငံတွင် ၅၈ ဦး၊ သီရိလင်္ကာနိုင်ငံတွင် ၁၁ ဦး၊ မြန်မာနိုင်ငံတွင် ခြောက်ဦးနှင့် ကျန်နိုင်ငံများတွင် သေဆုံးသူမရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။
အိန္ဒိယတွင် ဇွန် ၂၆ ရက်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူသစ် ၁၇၂၉၆ ဦးရှိသဖြင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်းသည် သန်းဝက်နီးပါးအထိ မြင့်တက်လာခဲ့သောကြောင့် ပုံမှန်ရထားပြေးဆွဲမှုများ ပြန်လည်စတင်မှုကို တစ်လကျော်ကြာ ရွှေ့ဆိုင်းထားကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း အတည်ပြုလူနာ စုစုပေါင်း ၄၉၀၄၀၁ ဦး ရှိခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း ၄၀၇ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်း ၁၅၃၀၁ ဦးအထိ ရှိလာခဲ့ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ပြန်လည်သက်သာကောင်းမွန်မှုနှုန်း ဆက်လက်တိုးတက်ခဲ့ပြီး စုစုပေါင်း ၅၇ ဒသမ ၄၃ ရာခိုင်နှုန်းရှိနေကြောင်း၊ ထို့ပြင် အိန္ဒိယတွင် ဗိုင်းရပ်စ်ကြောင့် လူ ၁၀၀၀၀၀ လျှင် ၁ ဒသမ ၈၆ ဦး သေဆုံးခဲ့ရာ ကမ္ဘာ့ပျမ်းမျှနှုန်း လူ ၁၀၀၀၀၀ လျှင် ၆ ဒသမ၂၄ ဦး သေဆုံးမှုထက် နည်းပါးနေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။















