အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)၏ အဆိုအရ ၂၀၁၉ ခုနှစ် ဖော်ဖော်ဝါရီ (၁)ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ(၃၁)ရက်နေ့အထိ ပရီးမီးယားလိဂ်အသင်းများ အသုံးပြုခဲ့သည့် အေးဂျင့်ခမှာ ပေါင်(၂၆၃)သန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။
FA သည် ပရီးမီးယားလိဂ်အသင်းတစ်သင်းချင်းစီ၏ အေးဂျင့်အတွက် အသုံးပြုခဲ့ရသည့် ငွေကြေးများကိုလည်း ထုတ်ပြန်ကြေညာခဲ့ရာ လက်ရှိ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လီဗာပူးလ်အသင်းက အများဆုံးအသုံးပြုခဲ့သည်။
လီဗာပူးလ်အသင်းသည် ၂၀၁၇-၁၈ နှင့် ၂၀၁၈-၁၉ ခုနှစ်အတွက် ထုတ်ပြန်မှုများတွင်လည်း အေးဂျင့်ခ အများဆုံးအသုံးပြုခဲ့သည့်အသင်းအဖြစ် ရပ်တည်ခဲ့ရာ ယခုနှစ်သည် (၃)နှစ်ဆက်ဦးဆောင်ခဲ့သည့်အနေ အထားလည်းဖြစ်ခဲ့သည်။
လီဗာပူးလ်အသင်း ပြီးခဲ့သည့်နှစ်က ပေးချေခဲ့ရသည့် အေးဂျင့်ခမှာ ပေါင်(၄၄)သန်းရှိပြီး၊ ယခုနှစ်အတွက်မူ ပေါင်(၃၀.၃)သန်းသာရှိခဲ့ရာ ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင်မူ (၃)ပုံ၊ (၁)ပုံဝန်းကျင်အထိ လျှော့ချနိုင်ခဲ့သည်ဟုလည်း FA ကထုတ်ပြန်သည့် စာရင်းများအရ သိရှိခဲ့ရသည်။
FIFA ၏ စည်းမျဉ်းများအရ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သည် ပြီးခဲ့သည့်(၃)နှစ်ခန့်မှစပြီး တစ်နှစ်တာအတွင်း ကလပ်အသင်းများ၏ စုစုပေါင်းအေးဂျင့်ခအသုံးစရိတ်ကို တရားဝင်ထုတ်ပြန်ကြေညာပေးရပြီး ယင်းကဲ့သို့ ထုတ်ပြန်ပေးရသည့် အေးဂျင့်ခစာရင်းများကို ပရီးမီးယားလိဂ်၊ လိဂ်ချန်ပီယံရှစ်အပါအဝင် ထိပ်ဆုံးအတန်း (၅)တန်းအထိ ထုတ်ပြန်ပေးရခြင်းဖြစ်သည်။
ထို့ ပြင် အပြောင်းအရွှေ့တစ်ခုချင်းစီ၏ အေးဂျင့်ခအတိအကျနှင့်အတူ၊ ဝင်ရောက်ဆောင်ရွက်သည့် အေးဂျင့်၏ အမည်၊ အေးဂျင့်၏ ပါဝင်ပတ်သက်မှုများကိုပါ အတိအကျ တင်ပြပေးရသည်။
လီဗာပူးလ်အသင်း၏ တစ်နှစ်တာအေးဂျင့်အသုံးပြုခမှာ ပြီးခဲ့သည့် နှစ်ကထက်ကျဆင်းလာခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုလုံးအနေဖြင့်မူ ပေါင်(၂၆၁) သန်းမှ ပေါင်(၂၆၃)သန်းအထိ တိုးလာခဲ့ပြီး၊ တိုးလာသည့် အေးဂျင့်ခမှာ ပေါင်(၂)သန်းဖြစ်သည်။
အေးဂျင့်ခ အများဆုံးပေးချေခဲ့ရသည့် အခြားအသင်းများမှာ မန်စီးတီး (ပေါင် ၂၉ သန်း)၊ မန်ယူ (ပေါင် ၂၇.၆ သန်း)၊ ချယ်လ်ဆီး ပေါင် (၂၆.၂)သန်း၊ အဲဗာတန် (ပေါင် ၁၆.၉)သန်းတို့ဖြစ်ကြောင်း သိရှိရသည်။
လိဂ်ချန်ပီယံရှစ်ကလပ်အသင်းများ၏ စုစုပေါင်း အေးဂျင့်ခမှာ ပေါင် (၄၉.၃)သန်း၊ League One ၏ စုစုပေါင်းအေးဂျင့်ခမှာ ပေါင်(၃.၉)သန်း အသီးသီးရှိခဲ့ပြီး အတန်း(၅)တန်းပေါင်းမှာ ပေါင်(၃၁၈)သန်းရှိခဲ့သည်။















