ရှမ်းပြည်နယ်တွင် အစိုးရလေးနှစ်တာ ကာလအတွင်း ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့်မညီဘဲ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ(၇) ထုတ်ပေးခြင်း ကြောင့် အရေးယူခံရသောဝန်ထမ်းခြောက်ဦး ရှိပြီး အမှုတွဲ လေးမှုရှိကြောင်း သိရသည်။
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၉) ကြိမ်မြောက်ပုံမှန် အစည်းအဝေး စတုတ္ထနေ့ ဇွန် ၂၅ ရက် ကြာသပတေးနေ့တွင် ကလောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသန်းထိုက်က မေးခွန်းကို မေးမြန်းခဲ့ပြီး ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် လွှတ်တော်သို့ မြေယာပြဿနာမှုခင်းများ တိုင်ကြားမှု လျော့နည်းခဲ့သော်လည်း ပြန်လည်စွန့်လွှတ် မြေများကို မူလတောင်သူ မဟုတ်သည့် အခြားသူများမှ ပုံစံ(၇) ရယူထားမှုများ၊ လယ်ယာမြေလုပ်ကိုင်ခွင့် အငြင်းပွားမှုများ၊ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဆုံးဖြတ်ချက်များသည် ဘက်လိုက်မှုရှိခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ (၇) ထပ်နေခြင်း စသည့် မြေယာပြဿနာများကို သက်ဆိုင်ရာ လွှတ်တော်ရေးရာ ကော်မတီများသို့ ပြည်သူများမှ တိုင်ကြားလာပြီး မြေပြင်ကွင်းဆင်း စစ်ဆေးပေးရန် အမှုတွဲများ ပိုမိုများပြား လာသည်ကိုလည်း လက်ခံရရှိခဲ့ကြောင်း ဦးသန်းထိုက်က ပြောကြားသည်။
မေးခွန်းများမှာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ လေးနှစ်တာ ကာလအတွင်း (က) ပြည်နယ်အတွင်း လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ပိုင်ဆိုင်မှု အငြင်းပွားပြဿနာ မည်မျှရှိပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ (ခ) မြေယာပြဿနာ အများဆုံးဖြစ်သည့် မြို့နယ်၊ (ဂ) ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့် မညီဘဲ ပုံစံ(၇) မည်မျှ ပယ်ဖျက်ထားပါသနည်း၊ (ဃ) ပုံစံ(၇) လွဲမှားထုတ်ပေးမှုများကြောင့် အရေးယူခံထားရသော ဝန်ထမ်းမည်မျှ ရှိသနည်းတို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ရှမ်းပြည်နယ်အတွင်းမှာ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှု ဖြေရှင်းခြင်း အယူခံခြင်းနှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ မြို့နယ်အဖွဲ့ထံသို့ အယူခံမှု ၁၀၀ မှုရှိရာမှာ ဖြေရှင်းအမှုပေါင်း ၇၆ မှု ရှိပါတယ်။ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ခရိုင်အဖွဲ့ထံသို့ အယူခံမည့် အမှုပေါင်း ၆၇ မှုရှိရာ ဖြေရှင်းပြီး အမှုပေါင်း ၂၇ မှု ရှိပါတယ်။ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်၍ ပြည်နယ်အဖွဲ့ထံသို့ အယူခံမည့် အမှုပေါင်း ၅၆ မှုရှိရာ ဖြေရှင်းပြီး အမှုပေါင်း ၃၅ မှု ရှိပါတယ်။ ကျန်ရှိအမှုများကိုလည်း သက်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားပါတယ်။ လားရှိုးမြို့နယ်တွင် မြေယာပြဿနာ အများဆုံး ဖြစ်ပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များက ရှမ်းပြည်နယ်တွင် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေနှင့် မညီသည့် ပုံစံ(၇) များ ကို တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တွင် နှစ်ခု၊ ဖယ်ခုံမြို့နယ်တွင် ငါးခုနှင့် လွိုင်လင် မြို့နယ်တွင် ၁၃ ခု စုစုပေါင်း အခု ၂၀ ကို ပယ်ဖျက်ထားပြီး ဖြစ်ပါကြောင်း၊ တင်ပြပါတယ်။ ပုံစံ(၇) လွဲမှား ထုတ်ပေးမှုများကြောင့် အရေးယူခံထားရသော ဝန်ထမ်းများအနေ ဖြင့် တောင်ကြီးမြို့နယ်တွင် တစ်ဦးကို ဝန် ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ ရပ်စောက်မြို့နယ်တွင် ဒုဦးစီးမှူးတစ်ဦးအား လစာလျှော့ချခြင်းတစ်နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါကြောင်းနှင့် လက်ထောက်ဦးစီးမှူး တစ်ဦးအား ရာထူးတိုးမြှင့်ခြင်းကို နှစ်နှစ်ရပ်ဆိုင်း ပြစ်ဒဏ်ချမှတ်ခြင်း၊ ရပ်စောက်မြို့နယ် အင်တောကျေးရွာတွင်လည်း ဒုဦးစီးမှူး တစ်ဦးအား ရာထူးတိုးမြှင့်ခြင်း တစ်နှစ်ရပ်ဆိုင်းခြင်းပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ မိုးမိတ်မြို့နယ်တွင်လည်း လွဲမှားထုတ်ပေးခြင်းကြောင့် မြို့နယ်ဦးစီးမှူး တစ်ဦးနှင့် မြေတိုင်းအား ရာထူးလျှော့ချခြင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ အရေးယူခံရသော ဝန်ထမ်းခြောက်ဦးရှိပြီး အမှုတွဲလေးတွဲ ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်က ပြောကြားသည်။















