ဗာရာဏသီ သူဌေးသားများ၊ ကြွေးပူကြွေးဆုံးနှင့် ငွေကျပ်မှုချူဆီ

ဗာရာဏသီ သူဌေးသားများ၊ ကြွေးပူကြွေးဆုံးနှင့် ငွေကျပ်မှုချူဆီ
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဘဏ်ခွဲတစ်ခု၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Published 21 June 2020
သန်းစိုး (ဘောဂဗေဒ)  

ဘဏ်တွေဟာ စီးပွားရေးရဲ့ အင်ဂျင်လား၊ အပေါင်ဆိုင် အကြီးစားလား၊ စီးပွားရေးရဲ့ အဟန့်အတားလား ဆိုတာ မူဝါဒချမှတ်သူတွေ နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားသင့်နေပါပြီ။

COVID-19 ကြောင့် တစ်နိုင်ငံလုံး စီးပွားရေး သက်ရောက်မှုတွေ အလူးအလဲ ခံနေရချိန်မှာ ဘဏ်တွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ ဘဏ်တွေဟာ စီးပွားရေးရဲ့အင်ဂျင် ဖြစ်ရမှာပါ။

သူရဲ့တာဝန်က ငွေဖြစ်လွယ်မှုနဲ့ စီးပွားရေးလုပ်ငန်း အသစ်တွေအတွက် အားထားစရာဖြစ်ရမှာ ဖြစ်ပါတယ်။ ငွေစုတာနဲ့ ငွေသွင်းငွေထုတ် လုပ်တာ ဘဏ်ရဲ့ အဓိကအလုပ် မဟုတ်သလို ငွေဖြစ်လွယ်မှု အရှိန်သွက်နေဖို့၊ ချေးငွေဆိုင်ရာ ကန့်သတ်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေ၊  ချေးငွေထုတ်ကုန် အမျိုးမျိုးဖန်တီးပြီး စျေးကွက်ထဲ ငွေရွှင်နေဖို့ မြန်မြန် အကောင်အထည်ဖော်ကြဖို့ လိုအပ်နေပါပြီ။

အစိုးရအုပ်ချုပ်မှုစနစ်တွေနဲ့ ဘဏ်လုပ်ငန်းတွေရဲ့ Functions ဟာ COVID-19 မတိုင်မီ/ COVID-19 ဖြစ်ပြီးနောက် မူလပုံစံကနေ ဖောက်ထွက်ပြီး နည်းလမ်းသစ်တွေ ဆန်းသစ်တီထွင်မှု မရှိဘူးဆိုရင် စီးပွားရေး တစ်လှမ်း နောက်ကျသွားနိုင်ပါတယ်။

ဒီလိုပဲ ကျန်တဲ့ စီးပွားရေးလုပ်ငန်း အသီးသီးဟာ စီမံခန့်ခွဲမှု၊ ရောင်းဝယ်ရေး၊ ငွေပေးငွေယူစနစ် စတဲ့ လုပ်ငန်းစဉ်တွေဟာ အရင်အတိုင်း ထူးမခြားနား ဖြစ်နေမယ်ဆိုရင် ဘေးထွက်ထိုင်ရပါလိမ့်မယ်။

ဘဏ်တွေဟာ ယခင်ရှေးရိုးစွဲ လုပ်ငန်းစဉ်တွေမှာပဲ ရှင်သန်နေမယ်ဆိုရင် သက်ရောက်မှု နှစ်မျိုး ဖြစ်နိုင်ပါလိမ့်မယ်။ (၁) စီးပွားရေး တုံ့ဆိုင်းမှုနဲ့ ပြန်လည်နာလန်ထရေးမှာ စီးပွားရေး တိုးတက်မှုဟာ နှောင့်နှေး သွားနိုင်ပါလိမ့်မယ်။ (၂) နိုင်ငံခြားဘဏ်ရဲ့ လက်လီ ဘဏ်လုပ်ငန်းတွေ ဝင်ရောက်ခွင့် မရှိတဲ့အတွက် စျေးကွက်က ငွေကျပ်နေပါလိမ့်မယ်။

အများကြားသိနေရတဲ့အတိုင်း ယခင်ကြွေးဟောင်းတွေနဲ့ ချည်နှောင်ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကနေ ရုန်းမထွက်နိုင်တဲ့ အခြေအနေတစ်ရပ်မှာ ရှိနေတယ်လို့ သတင်းတွေမှာ ကြားနေရပါတယ်။ အရင်ကြွေးဟောင်းတွေနဲ့ ချည်နှောင်ထားတဲ့ အစိုင်အခဲဟာ ကြွေးသစ်ချပေးရေး အစီအစဉ်အတွက် အဟန့်အတား အကျပ်အတည်း ဖြစ်နေမှာပါ။

ပုဂ္ဂလိကဘဏ်များရဲ့ ဘဏ်ချေးငွေရာဇဝင်ကို ပြန်လည်ဆန်းစစ်ရမယ်ဆိုရင် အိမ်ခြံမြေ စျေးကွက်နဲ့ တိုက်ရိုက် ချိတ်ဆက်နေတဲ့ပမာဏက အများဆုံးဖြစ်နေပြီး ဝန်ဆောင်မှုလုပ်ငန်းများ၊  ကုန်သွယ်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်နေခဲ့တဲ့ ပမာဏဟာ အခုလို ကာလရောက်မှ များလာတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ချေးငွေကဏ္ဍ တိုးတက်မှု၊ အားနည်းမှုအချက်ဟာ အခု COVID-19 ကြောင့် စီးပွားရေးကဏ္ဍ တုံ့ဆိုင်းမှုအပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်စေမှာဖြစ်ပြီး ဘဏ်ရဲ့ ဖွ့ံဖြိုးတိုးတက်မှု အလားအလာကို စိန်ခေါ်မှုရှိနေတာကြောင့်  ကြိုတင်စီစဉ်ကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါကိုမှီငြမ်းနိုင်ဖို့ မြန်မာနိုင်ငံ ငွေကြေးနဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ အခြေအနေကို ပြီးခဲ့တဲ့ဗဟိုဘဏ် အစီရင်ခံစာကနေ မီးမောင်းထိုးပြနေတဲ့အချက်ကို မျက်ကွယ်မပြုသင့်ကြောင်း ကောင်းမွန်တဲ့ ရှုထောင့်ကနေ အကြံပြုလိုပါတယ်။

  လှည့်ပတ်သုံးစွဲ ငွေစာရင်း

၂၀၁၆  ခုနှစ် ဒီဇင်ဘာမှာ မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေတဲ့ ကျပ်ဘီလျံ ၁၁ ဒသမ ၆၈၇ ကျော် ရှိခဲ့တယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ကျပ်ဘီလျံ ၁၂ ဒသမ ၆၇၊ ၂၀၁၈ ဒီဇင်ဘာမှာ ကျပ်ဘီလျံ ၁၃ ဒသမ ၈၈ ရှိတဲ့အတွက် စျေးကွက်ထဲ လှည့်လည်သုံးစွဲနေတဲ့ ကျပ်ငွေစက္ကူ တဖြည်းဖြည်း မြင့်တက်လာပါတယ်။

စျေးကွက်ထဲ လည့်ပတ်သုံးစွဲငွေ တိုးတက်လာခြင်းဟာ ငွေစက္ကူရိုက်နှိပ် ထုတ်ဝေလို့လား။ ငွေလည်ပတ်မှု အရှိန်သွက်လာလို့လား ဆိုတဲ့အချက်ကတော့ ပထမ တွေးဆရမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တုန်းက ဗဟိုဘဏ်ကနေ ပေးဖို့တာဝန်ရှိတဲ့ စာရင်းအားလုံး ပေါင်းလိုက်ရင် ကျပ်ဘီလျံ ၁၈၉၈၄ ဒသမ ၆၂၄ ရှိပါတယ်။ အဲဒီအထဲမှာ ပုဂ္ဂလိက ဘဏ်တွေကနေ Deposit အပ်ငွေ တင်ထားတဲ့ ကျပ်ဘီလျံ ၃၀၆၆ (၃ ဒသမ ၆၆ ထရီလျံ) နဲ့ လှည့်ပတ် သုံးစွဲနေတဲ့ငွေစက္ကူ ကျပ်ဘီလျံ ၁၁၇၁ ဖြစ်ပါတယ်။ 

၂၀၁၈ ခုနှစ် ဒီဇင်ဘာစာရင်းများအရ  ဗဟိုဘဏ်ပေးရန်တာဝန်ရှိတဲ့ စာရင်းအားလုံး ပေါင်းလိုက်ရင် ကျပ်ဘီလျံ ၂၃၉၇၇ ဒသမ ၂၁၅  ဖြစ်လာပါတယ်။ ဒီအထဲမှာ ပုဂ္ဂလိက ဘဏ်အပ်ငွေ ကျပ်ဘီလျံ ၂၉၈၀ နဲ့ ပြည်တွင်း လှည့်ပတ်နေတဲ့ ကျပ်ဘီလျံ ၁၃ ဒသမ ၈၈၄ လည်း ပါဝင်ပါတယ်။ ပုဂ္ဂလိကဘဏ်အပ်ငွေ အချိုးဟာ ၃ ဒသမ ၆၆ ထရီလျံကနေ ၂ ဒသမ ၉၉ ထရီလျံ ဖြစ်တယ်ဆိုတော့ အပ်ငွေ ကျဆင်းလာတဲ့အချက်ဟာ ဒုတိယတွေးဆစရာ ဖြစ်ပါတယ်။

  ဘဏ်အပ်ငွေစာရင်း

အရေးကြီးတဲ့ အချက်ကတော့ ပြည်သူလက်ထဲက ဘဏ်တွေမှာ ငွေစုတဲ့ အပ်ငွေအပိုင်း ဖြစ်ပါတယ်။ ဘဏ်အပ်ငွေစာရင်းကို နှစ်အလိုက် ပြောရမယ်ဆိုရင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၂၅၈၈၂ ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလျံ ၃၂၁၁၇ ၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ကျပ်ဘီလျံ ၃၇၃၄၇၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ကျပ်ဘီလျံ ၄၂၄၄၉ ဖြစ်တာကြောင့် နှစ်အလိုက် တက်လာတဲ့ ထူးခြားတဲ့အချက်ကို တွေ့ရပါမယ်။

ဒီအထဲက ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံတဲ့ငွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာမှာ ကျပ်ဘီလျံ ၂၇၃၆၀ ဒသမ ၆၉၈၊  ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ အပ်နှံတဲ့ ငွေပမာဏဟာ ကျပ်ဘီလျံ ၃၁၈၀၇ ဒသမ ၅၁၂  ဖြစ်လာပါတယ်။ ပုဂ္ဂလိကဘဏ်တွေမှာ ပြည်သူတွေ အပ်နှံထားတဲ့ ငွေဟာလည်း ဒီပမာဏကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

အပ်နှံငွေများတာဟာ ကောင်းသလား၊ ဆိုးသလားဆိုတဲ့ အချက်ဟာ အဲဒီအပ်နှံငွေတွေရဲ့ အချိုးအစား ဘယ်လောက်အထိ ပြန်ချေးသလဲဆိုတဲ့ ကိန်းဂဏန်းနဲ့ နှိုင်းယှဉ်ရမှာ ဖြစ်ပါတယ်။ အပ်နှံငွေ များလာမယ်ဆိုရင် ဗဟိုဘဏ်ကို ပေးရမယ့် အရန်ငွေသား အချိုးဟာလည်း များလာရမှာဖြစ်တဲ့ဆိုတဲ့အချက်နဲ့ ချိန်ထိုးကြည့်ရင် ဒုတိယတွေးဆချက်နဲ့ ဆက်စပ်နိုင်ပါတယ်။

ဘဏ်အပ်ငွေစာရင်းဟာ နှစ်အလိုက် တဖြည်းဖြည်း များလာတာဟာ အားနည်းချက်၊ အားသာချက် နှစ်မျိုးစလုံး ဖြစ်ပေါ်စေပါတယ်။

ပထမအချက်ကတော့ လှည့်လည်သုံးစွဲငွေထက် ဘဏ်အပ်ငွေများရတဲ့ အချက်တွေ တွေးဆကြည့်ရင် အပြင်မှာ စီးပွားရေးလုပ်တာ မရေရာဘူး။ အပြင်မှာ စီးပွားရေးလုပ်ရတာ ပေါ်လစီမငြိမ်လို့ စိတ်မချတာမျိုး၊ အစိုးရရဲ့ စီမံခန့်ခွဲမှုတွေအပေါ် မယုံကြည်မှုတွေဖြစ်၊ စီးပွားရေးဆိုင်ရာ လူမှုဆက်ဆံရေးတွေ ပျက်ယွင်းစတဲ့ စျေးကွက်ဆိုင်ရာ ယုံကြည်မှု နည်းသွားတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

စီးပွားရေးအရ အသိသာဆုံးကတော့ နိုင်ငံရဲ့အတိုးနှုန်းကြောင့် ဘဏ်အပ်ငွေအပေါ် အတိုးထိုင်စားနေတဲ့ အချက်ပဲဖြစ်ပါတယ်။ ဘဏ်အတိုးနှုန်းဟာ စီးပွားရေး လုပ်ရတာထက် စွန့်စားရမှုနည်းမယ်ဆိုရင် ဘဏ်အပ်ငွေ ပိုများလာပါလိမ့်မယ်။ ဒါဆိုရင် အခု ဗဟိုဘဏ်အတိုးနှုန်းတွေ လျှော့ချလိုက်တဲ့ သက်ရောက်မှုအတွက် ဘဏ်အပ်ငွေထက် ချေးငွေပိုများလာရမယ့်အပိုင်းကို မကြာမီ မျှော်လင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပုဂ္ဂလိဘဏ်တွေအနေနဲ့ သူတို့ရဲ့ချေးငွေ ဆုံးရှုံးမှာ စိုးရိမ်လို့၊ စီးပွားရေးလုပ်ငန်းတွေကို စိတ်မချလို့၊ ဘဏ်တွေဆီက ချေးငွေပြန်မရတာတွေ၊ ချေးငွေ အတိုးမရတာတွေ စတဲ့ ဆုံးရှုံးမှုတွေများလို့ ထပ်ပြီး Risk မယူကြတော့တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီကတစ်ဆင့် စျေးကွက်ထဲ လှည့်လည်သုံးစွဲငွေ နည်းသွားလို့၊ စျေးကွက်ထဲ ငွေကျပ်မှု ဖြစ်ပေါ်လာပြီး ငွေကျုံ့မှု ဖြစ်လာလို့ စီးပွားရေးတိုးတက်မှုအပေါ် သက်ရောက်မှု ပိုကြီးတာမျိုး ဖြစ်တတ်ပါတယ်။

စျေးကွက်ထဲ ငွေရှားပြီး အလုပ်တွေ တိုးချဲ့လို့မရ၊ လုပ်ငန်းတွေ ရပ်ဆိုင်း၊ အလုပ်လက်မဲ့တွေ များလာ၊ ခိုးဆိုးလုယက်မှု လူမှုရေးဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်ပါတယ်။ အခုလို COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး သက်ရောက်မှုတွေနဲ့ အပေါ်ကဖော်ပြတဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်းတွေ ထပ်တူကျသွားတဲ့အခါ သက်ရောက်မှုက ပိုကြီးသွားမှာ ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်ပါလိမ့်မယ်။

 

  ဘဏ်အပ်ငွေနှင့် ချေးငွေအချိုး

ဘဏ်တွေမှာ ငွေစုတာ ကောင်းပါတယ်။ ဒါပေမဲ့ စုထားတဲ့ငွေတွေကို ဘဏ်တွေက အမြတ်ရအောင် ဘယ်လိုလုပ်သလဲဆိုတဲ့ အချက်က စျေးကွက်ထဲမှာ သူ့အနေနဲ့ ဘယ်လောက်ပြန်ချေးသလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာပါ့မယ်။ 

ဒါကို ငွေကြေးဆိုင်ရာ တွက်ချက်နည်းတွေမှာ အပ်ငွေနဲ့ ချေးငွေအချိုး (Loan to Deposit Ratio) ဖော်ပြကြပါတယ်။ အခု ၂၀၁၆-၂၀၁၇၊ ၂၀၁၇-၂၀၁၈ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဗဟိုဘဏ် အစီရင်ခံစာအုပ်များထဲက ဘဏ်အပ်ငွေနဲ့ ချေးငွေအချိုး (Loan to Deposit Ratio) ကို ဖော်ပြပါမယ်။

(၁) ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ်အပ်ငွေဟာ ကျပ်ဘီလျံ ၃၅၂၆၉ (၃၅ ဒသမ ၃ ထရီ လျံ) ဖြစ်ပါတယ်။ အဲဒီအပ်ငွေထဲကနေ စျေးကွက်က ပြန်ချေးတာဟာ ကျပ်ဘီလျံ ၁၉၉၄၂ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ ပြန်ချေးတဲ့ ငွေပမာဏက ကျပ် ၁၂ ဒသမ ၆၆၇ ထရီလျံ ဖြစ်ပါတယ်။ အပ်ငွေနဲ့ ချေးငွေအချိုးကို ကြည့်ရင် ကျပ် ၃၅ ဒသမ ၂၆၉ ထရီလျံမှာ ကျပ် ၁၉ ဒသမ ၉၄၂  ထရီလျံသာ စျေးကွက်ထဲ ပြန်ချေးပေးတာ ဖြစ်ပါတယ်။

(၂) ၂၀၁၇-၂၀၁၈ ခုနှစ်မှာ စုစုပေါင်း ဘဏ်အပ်ငွေ ကျပ်ဘီလျံ ၄၃၃၇၀ (၄၃ ဒသမ ၄ ထရီလျံ) ဖြစ်ပါတယ်။ စျေးကွက်ကို ပြန်ချေးတာက ကျပ်ဘီလျံ ၂၄၄၅၈ (၂၄ ဒသမ ၅ ထရီလျံ) ဖြစ်ပါတယ်။ ဆိုလိုတာက ကျပ် ၄၃ ဒသမ ၄ ထရီလျံ အပ်ငွေထဲက ကျပ်၂၄ ဒသမ ၅ ထရီလျံ ပြန်ချေးတဲ့ဘဘောပါ။

ပုဂ္ဂလိကဘဏ်တွေ ပြန်ချေးတဲ့ပမာဏ ကျပ်ဘီလျံ ၁၈၂၄၄ (၁၈ ဒသမ ၂၄၄ ထရီ လျံ) ဖြစ်ပါတယ်။ ဒါကြောင့် အပ်ငွေတွေ တဖြည်းဖြည်းများလာပေမဲ့  ချေးငွေနဲ့ အချိုးချလိုက်ရင် တဖြည်းဖြည်း နည်းသွားတာကို တွေ့ရပါလိမ့်မယ်။

အပ်ငွေ ကျပ် ၃၅ ဒသမ ၃ ထရီလျံမှာ ချေးငွေ ကျပ် ၁၉ ဒသမ ၉၄ ထရီလျံနဲ့ အပ်ငွေ ကျပ် ၄၃ ဒသမ ၄ ထရီလျံမှာ ချေးငွေ ကျပ်၂၄ ဒသမ ၅ ထရီလျံ ဖြစ်ပါတယ်။ အပ်ငွေ ရှစ်ဘီလျံကျော် တက်လာပေမဲ့ ချေးငွေဟာ ငါးဘီလျံသာ ဖြစ်နေတာကို တွေရပါလိမ့်မယ်။ ပုဂ္ဂလိကဘဏ်တွေ ပြန်ချေးတဲ့ပမာဏ ကျပ် ၁၂ ဒသမ ၆၆၇ ကနေ ၁၈ ဒသမ ၂၄၄ ထရီလျံ တက်လာတယ်ဆိုပေမဲ့ ဘဏ်အပ်ငွေပမာဏ အချိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နိမ့်ကျနေတာမျိုး တွေ့ရပါလိမ့်မယ်။ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုအနေနဲ့ ဘဏ်တွေမှာ အပ်ငွေများလာပြီး ပြန်မချေးပေးနိုင်တာဟာ ငွေအပ်တဲ့သူတွေအတွက် အာမခံချက်ရှိပေမဲ့ ငွေချေးတဲ့အပိုင်းမှာ အခက်အခဲတွေ ရှိနေလို့လား။

ဒီလိုစျေးကွက်မှာ ငွေကျပ်ရင် တစ်နည်း ငွေကျုံ့သွားရင် စီးပွားရေးဖရိုဖရဲဖြစ်မှု စိုးရိမ်ရတဲ့ အနေအထား ဘယ်လိုကိုင်တွယ်မလဲ။ ငွေဟာ လှည့်ပတ်နေမှ၊ လှည့်ပတ်မှု အရှိန်မြန်နေမှ ငွေတန်ဖိုးတက်တာ ဖြစ်ပါတယ်။ ငွေဟာ တစ်နေရာတည်းမှာပဲ အချိန်ကြာမြင့်စွာရပ်နေရင်  အဲဒါကိုငွေသေလို့ ခေါ်ပါတယ်။ အချိန်ကြာမြင်စွာ ငွေသေနေရင် အဲဒီငွေဟာ စက္ကူ၊ ကဏန်းအရေအတွက်သာ ဖြစ်သွားပြီး တိိုင်းပြည်ရဲ့ ငွေကြေးမှုဝါဒဆိုင်ရာ စိန်ခေါ်မှု ဖြစ်နေပါပြီ။

အခု ဗဟိုဘဏ် အတိုးနှုန်းချပြီးတဲ့နောက် ဘဏ်တွေရဲ့ ငွေဖြစ်လွယ်မှုအရှိန် ဒီထက်မက သွက်လာအောင် ဘယ်လို နည်းလမ်းရှာမလဲ၊ အစိုးရကိုယ်တိုင် Boost လုပ်မလား၊ နိုင်ငံခြားဘဏ်တွေရဲ့ ကူညီမှုကို ယူမလား စဉ်းစားရမယ့် မူဝါဒအပိုင်း ဖြစ်လာပါပြီ။

  အန္တရာယ်မျဉ်းမှတ်

မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ် အပါအဝင် ဘဏ်စကားလုံးနဲ့ ပြောရရင် ချေးငွေနဲ့ အပ်ငွေအချိုးဟာ ရာခိုင်နှုန်း ၆၀ သာသာ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ရာခိုင်နှုန်း ၇၀ ရှိပါတယ်။ ထိုင်းမှာ ရာခိုင်နှုန်း ၈၀ ရှိပါတယ်။ မလေးရှား၊ တရုတ်နိုင်ငံတွေဟာ ချေးငွေနဲ့ အပ်ငွေအချိုးဟာ ရာခိုင်နှုန်း ၈၀ အကျော်မှာ ရှိပါတယ်။

မြန်မာရဲ့ ချေးငွေနဲ့ အပ်ငွေအချိုးဟာ အင်မတန် နိမ့်ကျနေတာကို ကြည့်ရင် စီးပွားရေးလုပ်ငန်းများ ချေးငွေမရကြလို့ ငွေကျပ်နိုင်ခြေ ရှိတယ်။ တစ်နည်း ဘဏ်နဲ့ စီးပွားရေး လုပ်ငန်းများရဲ့ နှစ်ဖက်ဆက်ဆံရေးဟာ စီးပွားရေးတိုးတက်မှု အရှိန်ကို တွန်းတင်တာ မဟုတ်ဘူးဆိုတာကို တွေးဆကြဖို့ပါ။

ချေးငွေနဲ့ အပ်ငွေအချိုးကိုကြည့်ပြီး အဲဒီနိုင်ငံရဲ့ ငွေတန်ဖိုး၊ ငွေလည်ပတ် စီးဆင်းမှု၊ ငွေကျပ်မှု၊ စီးပွားရေးမှာ ဘဏ်တွေရဲ့ အခန်းကဏ္ဍ၊ အင်တာပရီနာ စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ထွန်းမှုစတဲ့ စီးပွားရေး အခြေအနေများကို ခန့်မှန်းနိုင်သလို ငွေကြေးမှုဝါဒ အားကောင်းမှု ဖြစ် မဖြစ်ကိုလည်း ချိန်ဆပြီး ရင်းနှီးမြှုပ်နှံမှု၊ ငွေစီးဆင်းမှုတွေကို စီမံခန့်ခွဲ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။ 

တခြား ငွေကြေးဆိုင်ရာ တွက်ချက်မှု ကိန်းဂဏန်း၊ အချိုးတွေကို ထပ်ကြည့်ရအောင်ပါ။ ငွေကြေးလွယ်ကူမှု အချိုးဟာလည်း ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ၅၃ ဒသမ ၅၁ ရာခိုင်နှုန်းကနေ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ၃၈ ဒသမ ၈၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ငွေသား ကိုင်ဆောင်ထားမှုနဲ့ ရရန်ပိုင်ခွင့်ဟာ ပုဂ္ဂလိက ဘဏ်တွေဘက်မှာ ၃၄ ဒသမ ၇၅ ရာခိုင်နှုန်းကနေ ၃၁ ဒသမ ၇၆ ရာခိုင်နှုန်း ဖြစ်လာပါတယ်။ ဘဏ်တွေရဲ့ အမြတ်ဟာ ၂၀၁၆-၂၀၁၇ မှာ ၂၆၆ ဒသမ ၃၀ ဘီလျံကနေ ၂၀၁၇-၂၀၁၈ ခုနှစ်မှာ ၁၉၈ ဒသမ ၆၃ ဘီလျံ ဆင်းသွားပါတယ်။ ငွေကြေးလွယ်ကူမှုအချိုး ကျဆင်းနေတာ၊ ငွေသား ကိုင်ဆောင်ထားမှုနဲ့ ရပိုင်ခွင့်အချိုး ကျဆင်းနေတာ၊ ဘဏ်တွေရဲ့အမြတ် ကျဆင်းနေတာဆိုတဲ့ ရည်ညွန်းကိန်းတွေဟာ ငွေကြေးမူဝါဒ အလုပ်ဖြစ် မဖြစ်ကို ညွန်းဆိုနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကဘဏ်များရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်ရချက် (Return of Equity) ဟာ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ၁၆ ဒသမ ၇၇ ရာခိုင်နှုန်းကနေ ၁၁ ဒသမ ၃၁ ရာခိုင် နှုန်း (၂၀၁၇-၂၀၁၈) ကျဆင်းသွားပါတယ်။ ရရန်ပိုင်ခွင့်အပေါ် ပြန်ရချက် (Return of Assets) ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တစ် ရာခိုင်နှုန်းကနေ သုည ဒသမ ၆၀ ရာခိုင်နှုန်း (၂၀၁၇-၂၀၁၈) ကျဆင်းသွားပါတယ်။

ကိန်းဂဏန်းမပါလို့ ရေးပြထားတဲ့ ဒီအချိုးများအရဆိုရင် ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးဆိုင်ရာစိုးရိမ်မှု ရှိ မရှိနဲ့ ငွေကြေးမူဝါဒ ကုစားရေးအစီအစဉ်ကိုလည်း COVID-19 ကာလမှာ ပစ်မထားသင့်ဘူးဆိုတာ အကြံပြုရခြင်း ဖြစ်ပါတယ်။ 

အကြွေးပြန်ရမယ့် ရာခိုင်နှုန်းမှာလည်း တစ် ရာခိုင်နှုန်းကနေ ကျသွားတာ၊ ရင်းနှီးမြှုပ်နှံမှုကနေ ပြန်ရတဲ့ရာခိုင်နှုန်း ကျသွားတာဟာ ပုဂ္ဂလိကဘဏ်တွေရဲ့ စိန်ခေါ်မှု ဖြစ်နေမလားဆိုတဲ့ အပိုင်းကို အားလုံးအဖြေရှာကြဖို့ပါ။

  အိမ်ခြံမြေမှ ထုတ်လုပ်မှုအပေါ် အခြေခံရေး

ဒီလိုဖော်ပြထားတဲ့ တွေ့ရှိချက်တွေဟာ ပြီးခဲ့တဲ့နှစ်တွေက ဘဏ်တွေရဲ့ ချေးငွေဆိုင်ရာ မူဝါဒတွေကြောင့်၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကျဆင်းလာလို့၊ စျေးကွက်ထဲ ငွေကျပ်လာလို့၊ လူတွေရဲ့ ဝင်ငွေထူးပြီး မတိုးတက်လာလို့၊ ကဏ္ဍအလိုက် စီးပွားရေး မတိုးလာလို့၊ စီးပွားရေးတစ်ခုလုံးအပေါ် သက်ရောက်မှု ဖြစ်နိုင်ခြေ ရှိပါတယ်။  တစ်ဖက်က အင်ဖလေးရှင်းကို ထိန်းချုပ်လိုက်ပေမဲ့ အရောင်းမဝယ် မသွက်တာ၊ လုပ်ငန်းမတိုးချဲ့နိုင်တာ၊ ချေးငွေအကျပ်အတည်း ဖြစ်နေတာ၊ ကဏ္ဍအလိုက် စီးပွားရေးတိုးချဲ့ဖို့ ပိတ်ဆို့သွားတဲ့ အချက်တွေဟာ အခုလို COVID-19 ကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေး သက်ရောက်မှုတွေအပေါ် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ပုဂ္ဂလိကဘဏ်တွေရဲ့ ခိုင်မာမှုအခြေအနေဟာ အိမ်ခြံမြေစျေးကွက်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့အတွက် အိမ်ခြံမြေစျေးကွက်ဟာ အရင်လိုအနေအထားမျိုး ပြန်ရနိုင်ဦးမလားဆိုတဲ့ မျှော်လင့်ချက်ဟာ အိပ်မက်ဖြစ်သွားပါပြီ။

အိမ်ခြံမြေ စျေးကွက်ဟာလည်း ငွေမည်းတွေ မဝင်လာတော့တဲ့ အခြေအနေ၊ တရုတ်ငွေဖြုန်းသူတွေရဲ့ အခြေအနေ၊ ပြည်တွင်း စီးပွားရေး အခြေအနေတွေကြောင့် ပြန်တက်လာနိုင်စရာ နည်းပါးပြီဆိုတဲ့ အချက်ကို အားလုံးလက်ခံကြဖို့ လိုအပ်ပါလိမ့်မယ်။ 

အမှန်တကယ်တော့လည်း အိမ်ခြံမြေစျေးကွက်ရဲ့ စျေးနှုန်းဟာ Real Price အပေါ်မှာ အခြေပြုခဲ့တာ မဟုတ်တဲ့အတွက် အိမ်ခြံမြေအပေါ် အပေါင်ထားပြီး ချေးငှားခဲ့တဲ့ ပုဂ္ဂလိကဘဏ်တွေရဲ့ ဘဏ်ချေးငွေ စျေးကွက်ဟာ အခုအချိန်မှ ထိလွယ် ရှလွယ် ဖြစ်နေပြီဆိုရင် ဘယ်လိုကုစားကြမလဲ ဆိုတဲ့အပိုင်းကိုပဲ ဝိုင်းဝန်းအဖြေရှာဖို့ လိုအပ်လာတာပါ။ ဘဏ်ချေးငွေ ရာဇဝင်ဟောင်းရဲ့ အကျိုးဆက်ကြောင့် အခုစျေးကွက်ထဲ ငွေကျပ်နေပြီဆိုရင် အခုအချိန်မှာ ငွေဖြစ်လွယ်မှုအပေါ် တိုက်ရိုက် သက်ရောက်မှု ဖြစ်နေပါပြီ။

မူဝါဒ ဆုံးဖြတ်ချက်ချသူ မဟုတ်တဲ့အတွက် မူဝါဒဆိုင်ရာ ငွေကြေးဆိုင်ရာ လက်နက်တွေရဲ့ တွေးဆမှုအပိုင်းကိုပဲ မှန်းဆကြည့်ရအောင်ပါ။

ကြွေးဟောင်းတွေကို ဆိုင်းငံ့ထားရမယ်။ ထုတ်လုပ်မှုကို တိုက်ရိုက်အခြေခံတဲ့ ချေးငွေ အသစ်တွေ ဖန်တီးပေးရပါမယ်။ ငွေဖြစ်လွယ်မှု၊ ငွေလွယ်ပတ်မှု အရှိန်သွက်နေဖို့ စျေးကွက်ထဲ အကြွေးဝယ်မှုစနစ်ကို ခပ်သွက်သွက် ဆောင်ရွက်ရပါမယ်။ 

အကြွေးဝယ်တဲ့စနစ်မျိုးစုံ ဖန်တီးပေးရမယ်။ ငွေပေးချေမှုစနစ် အမျိုးမျိုး ဖန်တီးပေးရပါလိမ့်မယ်။ COVID-19 သီးသန့် ချေးငွေများကို ကဏ္ဍအလိုက် ဖန်တီးရပါလိမ့်မယ်။ အရင်းအနှီးကြီးပြီး ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအားလုံးရဲ့ လက်လီစျေးကွက်ကို နိုင်ငံခြားဘဏ်တွေအတွက် ဖွင့်ပေးရပါလိမ့်မယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံတကာဘဏ်များအတွက် Long Term Investment Loan တွေအတွက် ပရောဂျက် အသစ် တီထွင်ပေးရပါလိမ့်မယ်။

ပြည်တွင်းစျေးကွက် ဖွံ့ဖြိုးလာဖို့ တစ်ခုတည်းသော နည်းလမ်းဟာ ချေးငွေနဲ့ အကြွေးစနစ်များကို ပုံစံမျိုးစုံနဲ့ ဆောင်ရွက်မှသာ စီးပွားရေး တက်လာနိုင်စရာ ရှိပါတယ်။ ဗဟိုဘဏ်အတိုးနှုန်း နည်းလမ်းတစ်ခုတည်းက မြန်မာနိုင်ငံရဲ့ ငွေကြေးဆိုင်ရာ အလုပ်ဖြစ် မဖြစ်၊ ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေကြေးတောင့်တင်းမှု အခြေအနေ၊ ချေးငွေဖန်တီးမှု၊ စီးပွားရေး ပတ်ဝန်းကျင်စတဲ့ အပိုင်းတွေကို ခြုံငုံပြီးတော့မှ  ငွေကြေးဆိုင်ရာ နည်းလမ်းတွေ အကောင်အထည်ဖော်ဖို့ အလျင်အမြန်လိုနေပြီလို့ အကြံပြုချင်တာပါ။

 

Most Read

Most Recent