အချောင်သမားတို့၏ နိုင်ငံရေး

အချောင်သမားတို့၏ နိုင်ငံရေး
Published 20 June 2020

စစ်မှန်သည့် နိုင်ငံရေးသမားတစ်ဦးသည် သူ၏ ပလက်ဖောင်းကို ခိုင်မာသော၊ အပြောင်းအလဲမရှိသော၊ အခြေခံကျသော အမှန်တရားများအပေါ်၌ တည်ဆောက်သည်။ ယင်းအမှန်တရားများသည် သူယုံကြည်ထားသည့် အရာများဖြစ်သည်။ ယင်းတို့သည် မုန်တိုင်းတို့၏ ပြင်းထန်စွာ ရိုက်ပုတ်ခြင်းခံရသော အိမ်တစ်လုံး၏ အခြေခံအုတ်မြစ် ကဲ့သို့ပင်ဖြစ်သည်။ အတိုက်အခံပြုမှုများနှင့် စိန်ခေါ်မှုများ ပေါ်ပေါက်၍ လာမည်ဖြစ်ပြီး အချိန်များသာ ပြောင်းလဲသွားသော်လည်း အခြေခံအုတ်မြစ်သည် မယိမ်းမယိုင်ဘဲ ကျန်ရစ်မြဲဖြစ်သည်။ စစ်မှန်သည့် နိုင်ငံရေးသမားတစ်ဦးသည် သူ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာဖြင့်သာ ဆုံးဖြတ်ချက်များကို ချမှတ်တတ်သူဖြစ်သည်။ သူသည် မီးစင်ကြည့်ကနေသူတစ်ဦး မဟုတ်ဘဲ လုံးဝမှန်ကန်သည့် အမှန်တရားများကိုသာ ယုံကြည်သူဖြစ်သောကြောင့် သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ အတိုင်းအတာသည် ဓမ္မနှင့် အဓမ္မတရားကို သိရှိခြင်းအပေါ်၌သာ အခြေပြုသည်။ တစ်စုံတစ်ရာသည် မှားယွင်းနေပါက သူသည် မှားယွင်းသည်ဟုသာ ရိုးရှင်းစွာဆိုပြီး သူအင်အားရှိသမျှ အရာရာဖြင့် အဓမ္မတရားကို ဆန့်ကျင်မည်ဖြစ်သည်။ တစ်စုံတစ်ရာသည် မှန်ကန်သည်ဟုဆိုပါက ယင်းဓမ္မတရားကို ထိန်းသိမ်းရေးနှင့် ဖြန့်ချိရေးတို့အတွက် အတိုက်အခံမှန်သမျှကို ကျော်လွှားရန် ဆန္ဒရှိသူဖြစ်သည်။

အချောင်သမားတို့၏ နိုင်ငံရေးသည်ကား သဘောတရားစည်းမျဉ်းမရှိသည့် နိုင်ငံရေးသာဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အချောင်သမားဝါဒသည် ကျင့်ဝတ်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ အခြေခံသဘောတရားများကို လိုက်နာခြင်းမပြုဘဲ မိမိကို နိုင်ငံရေးအရ ထောက်ခံအားပေးမှုအား ထိန်းထားရန် သို့မဟုတ် နိုင်ငံရေးသြဇာကြီးထွားလာရန်သာ ကြိုးပမ်းသည်။ အချောင်သမားများသည် သဘောတရားစည်းမျဉ်းများ သို့မဟုတ် ကတိပြုထားသော နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်များကို စွန့်ပယ်လိုက်ကြသည်။ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်အကြား မူရင်းဆက်နွှယ်မှုသည် ပျောက်ဆုံး၍သွားသည်။ လုပ်ဆောင်ချက်များသည် သူ့သဘောသူဆောင်ကာ သူ့ဘာသာဖြစ်သွားခြင်း သို့မဟုတ် မူလက ရည်မှန်းထားသော အရာများမှနေ၍ လုံးဝကွဲပြားခြားနားသွားခြင်းတို့ ဖြစ်လာသည်။ လီဆယ်ဖန်တီးလိုက်သည့် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်ကို မြှင့်တင်ရန်သက်သက်အတွက် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများသည် ရေရောခံလိုက်ရခြင်း၊ ပြန်လည်ဖွင့်ဆိုခံလိုက်ရခြင်း သို့မဟုတ် လျစ်လျူပြုခံလိုက်ရခြင်းတို့ ဖြစ်ပွားသည်။ အကျိုးဆက်အနေဖြင့် တူညီသောအဖွဲ့အစည်းတစ်ရပ်အတွင်း၌ရှိသည့် ရှေ့နောက်ညီညွတ်သော သဘောတရားတစ်ရပ်သည် တဖြည်းဖြည်းပျောက်ဆုံး၍ သွားတော့သည်။ ယင်းနောက် အဆိုပါအဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်းမှဖယ်ခွာသွားခြင်း သို့မဟုတ် ယင်းအဖွဲ့အစည်းသည် ကျရှုံးခြင်း၊ အဖွဲ့ကွဲသွားခြင်း သို့မဟုတ် အားနည်းယိုင်လဲသွားခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။

နိုင်ငံရေးတွင် တစ်ခါတစ်ရံ၌ ယုံကြည်ချက်များ သို့မဟုတ် သဘောတရားစည်းမျဉ်းများအရ ကွဲပြားခြားနားသူတို့အကြားတွင် နိုင်ငံရေးဆိုင်ရာ ညီညွတ်မှုတစ်ရပ်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုသော်လည်း တစ်ခါတစ်ရံ၌ မိမိ၏နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုသည်။ အချို့သောညှိနှိုင်းမှုများကိုမူ ပြုလုပ်ရလေ့ရှိသည်။ နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများကို အပြည့်အဝ လိုက်လျောမှုမရှိသော၊ ညှိနှိုင်း၍မရသော နည်းလမ်းတစ်ရပ်အတွင်း အခိုင်အမာ သတ်မှတ်ထားပါက ဖြစ်နိုင်ဖွယ်ရလဒ်မှာ ဂိုဏ်းဂနစွဲဝါဒ၊ အုပ်စုဖွဲ့ဝါဒ ဖြစ်နိုင်သည်။ အမှန်တကယ် ယုံကြည်သူများထက် ကျော်လွန်သည့် လူအနည်းငယ်မျှသာ ယင်းကဲ့သို့သော တင်းမာသည့် ရပ်တည်ချက်များအပေါ် အခြေခံသော နိုင်ငံရေးဆိုင်ရာ ကျင့်သုံးမှုတစ်ရပ်ကို ထောက်ခံနိုင်ဖွယ် ရှိသောကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် နိုင်ငံရေးဆိုင်ရာ သဘောတရားစည်းမျဉ်းများအား ရေးဆွဲထားပုံ၊ ဖွင့်ဆိုထားပုံနှင့် အမှန်တကယ်ကျင့်သုံးပုံတို့၌ အနည်းဆုံး လွတ်လပ်မှုအချို့ ရှိရမည်ဖြစ်သည်။ လူများအနေဖြင့် လိုက်နာကျင့်သုံးရန် စည်းမျဉ်းများနှင့် သဘောတရားများ များပြားလွန်းလျှင် ဖြစ်နိုင်ဖွယ်ရလဒ်မှာ ယင်းသဘောတရားစည်းမျဉ်းများကို လိုက်နာကျင့်သုံးနိုင်ဖွယ် မရှိခြင်းဖြစ်သည်။ ရှုပ်ထွေးသော စည်းမျဉ်းများသည်လည်း လုပ်ဆောင်ချက်ကို ဆက်လက်၍ လမ်းညွှန်ခြင်း မပြုနိုင်တော့ပေ။

မည်သို့ပင်ဆိုစေကာမူ မည်သည့်နိုင်ငံရေးမဆို၌ အထိုက်အလျောက် လွတ်လပ်ခွင့်ရှိရမည်ဖြစ်သော်လည်း သဘောတရားစည်းမျဉ်းမရှိသည့် နိုင်ငံရေးမှာမူ အချောင်သမားဝါဒသာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

 (ဇွန် ၂၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent