အဂတိလိုက်စားမှုနှင့် နိုင်ငံရေး

အဂတိလိုက်စားမှုနှင့် နိုင်ငံရေး
Published 19 June 2020

လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှု ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟူသည် တရားမဝင် ကိုယ်ပိုင်အကျိုးအမြတ်အတွက် အစိုးရအရာရှိများ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်း ဖြစ်သည်။ သို့သော် ယင်းလုပ်ရပ်သည် အစိုးရအရာရှိတာဝန်နှင့် တိုက်ရိုက်ပတ်သက်မှုရှိမှသာ အစိုးရအာဏာရှိသူတစ်ဦး၏ တရားမဝင် လုပ်ရပ်ကို နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုဟု ခေါ်ဆိုနိုင်သည်။ အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးတွင် လာဘ်စားခြင်း၊ အာဏာပြ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ခရိုနီဝါဒ၊ ဆွေမျိုးကောင်းစားရေးဝါဒ၊ သူကောင်းပြုခြင်း၊ အာဏာရှိသူနှင့် အကျိုးအမြတ် ရယူလိုသူတို့အကြား ပွဲစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ ပါဝင်သည်။

အဂတိလိုက်စားခြင်းသည် မူးယစ်ဆေးမှောင်ခိုလုပ်ငန်း၊ ငွေကြေးခဝါချခြင်းနှင့် လူကုန်ကူးမှုတို့ကဲ့သို့သော ပြစ်မှုကျူးလွန်မှုများကို ကြီးထွားစေသည်။ နိုင်ငံရေးအတိုက်အခံများ ကို ဖိနှိပ်ခြင်းနှင့် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကဲ့သို့သော အခြားရည်ရွယ်ချက်အ တွက် အစိုးရအာဏာကို တလွဲအသုံးပြုခြင်းများကိုလည်း နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုအဖြစ် ထည့်သွင်းလာကြသည်။ နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို မထိန်းချုပ်နိုင်သည့် အခြေအနေကို  Kleptocracy (သူခိုးများက အုပ်ချုပ်ခြင်း) ဟုခေါ်သည်။ အင်စတီကျူးရှင်းတစ်ခုတွင် ယင်း၏ ပင်မရည်ရွယ်ချက်နှင့် ဆန့်ကျင်သော အကျိုးအမြတ် ရှိ နေသူများထံမှ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ပေါ်တွင် မှီခိုနေခြင်းသည်လည်း အဂ တိလိုက်စားမှုပင်ဖြစ်သည်။

နိုင်ငံရေးတွင် အဂတိလိုက်စားမှုသည် ပုံမှန်လုပ်ငန်းစဉ်များကို ပျက်ပြားစေခြင်းဖြင့် ဒီမိုကရေစီနှင့် ကောင်းသောအုပ်ချုပ်ရေးကို ဖျက်ဆီးပစ်သည်။ ရွေးကောက်ပွဲများနှင့် ဥပဒေပြုမှုတို့၌ အဂတိလိုက်စားခြင်းသည် တာဝန်ခံမှုကို လျော့ကျစေပြီး မူဝါဒချမှတ်ရာတွင် ကိုယ်စားပြုမှုကို အချိုးပျက်စေသည်။ တရားရေးစနစ်၌ အဂတိလိုက်စားမှုသည် အပေးအယူလုပ်ခြင်းဖြင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည်။ အုပ်ချုပ်ရေး၌ အဂတိ လိုက်စားခြင်းသည် လုပ်ငန်းဌာနများ၏ လျာထားချက်များ မပြည့်မီခြင်း ရလဒ်များကို ထွက်ပေါ်လာစေသည်။

လုပ်ငန်းစဉ်များ အဆင်ပြေ ညီညွတ်မှုမရှိတော့ခြင်း၊ အရင်းအမြစ်များ လမ်းလွဲ ရောက်ရှိသွားခြင်းနှင့် အများပြည်သူနှင့်ဆိုင်သော ရုံးများ အရောင်းအဝယ် လုပ်နေခြင်းတို့ကြောင့် အဂတိလိုက်စားမှုသည် အစိုးရ၏ အင်စတီကျူးရှင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ပျက်စီးသွားစေသည်။ အဂတိလိုက်စားမှုသည် အစိုးရအဖွဲ့၏ တရားဝင်မှု၊ ယုံကြည်မှုနှင့် လက်သင့်ခံနိုင်မှုကဲ့သို့သော ဒီမိုကရေစီ စံတန်ဖိုးများကို ပျက်ပြားစေသည်။ အဂတိလိုက် စားမှုကြောင့် အင်စတီကျူးရှင်းများအပေါ် လူထု၏ ယုံကြည်မှု ပျက်ယွင်းသွားသည်။

အများပြည်သူနှင့်ဆိုင်သော ကဏ္ဍတွင် ပြည်သူ့ရင်းနှီးမြှုပ်နှံမှုများသည် လာဘ်ငွေနှင့် ဗုန်းငွေများ များပြားလှသော စီမံကိန်းကြီးများအဖြစ် လမ်းလွဲသွားခြင်းအားဖြင့် နိုင်ငံ၏ စီးပွားရေးကို အချိုးပျက်သွားစေသည်။ အပေးအယူများ ပြုလုပ်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တလွဲအသုံးပြုရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်တို့က စီမံကိန်းများကို ဖန်တီးကြသည်။ အဂတိလိုက်စားမှုသည် ဆောက်လုပ်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အခြားထိန်း ချုပ်ကွပ်ကဲရေးတို့အား လျော့လျဲသွားစေပြီး အစိုးရဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများ၏ အရည်အသွေးကို လျော့ကျသွားစေသည်။ အစိုးရအပေါ်သို့ ဘတ်ဂျက်ငွေဆိုင်ရာ ဖိအား ပိုမိုလာစေသည်။

နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို ကာကွယ်ရန် တာဝန်သိ ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများအား ၎င်းတို့လုပ်ရပ်များနှင့် ပတ်သက်၍ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိရေးအတွက် တောင်းဆိုရန် လိုအပ်သည်။ ပြည်သူများအနေဖြင့် နိုင်ငံရေးသမားများနှင့် အစိုးရအရာရှိများ မည်သည့်အရာများကို မည်သို့မည်ပုံ လုပ်ဆောင်နေကြောင်း သိရှိရခြင်းမရှိပါက ၎င်းတို့အား မည်ကဲ့သို့ ယုံကြည်နိုင်ပါမည်နည်း။ ထို့ကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အား ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်ရန် တောင်းဆိုရမည်ဖြစ်သည်။ အဂတိလိုက်စားမှုများကို ဖုံးကွယ်၍ မရနိုင်သော ပွင့်လင်း မြင်သာမှုမျိုးရှိမှသာ ပြည်သူများအနေဖြင့် ၎င်းတို့အား ယုံကြည်နိုင်မည်ဖြစ်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များလည်း တိုးတက်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပွင့်လင်းမြင်သာမှု မရှိခြင်းသည် နိုင်ငံရေးဆိုင်ရာ အဂတိလိုက်စားမှုကို အားပေးအားမြှောက်ပြုရာ ရောက်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

(ဇွန်  ၂၀ ရက်ထုတ် The Daily Eleven  သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent