ဂျပန်နှင့် ဗီယက်နမ်တို့က နှစ်နိုင်ငံအကြား စီးပွားရေး ပြန်ဖွင့်ရန်နှင့် ခရီးသွားလာမှု ခွင့်ပြုရန်အစီအစဉ်များအား ဆွေးနွေး

ဂျပန်နှင့် ဗီယက်နမ်တို့က နှစ်နိုင်ငံအကြား စီးပွားရေး ပြန်ဖွင့်ရန်နှင့် ခရီးသွားလာမှု ခွင့်ပြုရန်အစီအစဉ်များအား ဆွေးနွေး
ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်၊ Van Don လေဆိပ်သို့ ဝူဟန်မှ ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံသားများအား  တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၀ တွင် စစ်ဆေးနေစဉ် (Photo: AFP)
ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်၊ Van Don လေဆိပ်သို့ ဝူဟန်မှ ရောက်ရှိလာသော ဗီယက်နမ်နိုင်ငံသားများအား တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၀ တွင် စစ်ဆေးနေစဉ် (Photo: AFP)
Published 19 June 2020
Ref: Ap, Reuters

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား အများအားဖြင့် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော ဂျပန်နှင့် ဗီယက်နမ်တို့က ၎င်းတို့နှစ်နိုင်ငံ အကြား စီးပွားရေးကို ပြန်လည်ဖွင့်လှစ်ရန်၊ အပြန်အလှန်ဖလှယ်မှုအစီအစဉ်အရ ခရီးသွားလာမှု ပိတ်ပင်ခြင်းအား တစ်စိတ် တစ်ပိုင်း ရုပ်သိမ်းရန်နှင့် ကန့်သတ်မှုများအား တစ်ဆင့်ချင်း ဖြေလျှော့ပေးရန်အတွက် ဇွန် ၁၉ တွင် ဆွေးနွေးခဲ့ကြသည်။

အပြန်အလှန် ခရီးသွားလာမှုအား အဆင့် လိုက် ပြန်လည်စတင်ရန် ဂျပန်က ဆွေးနွေး နေသောနိုင်ငံလေးနိုင်ငံတွင် ဗီယက်နမ် ပါ ဝင်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီ မစ်ဆူမိုတီဂီက ဇွန် ၁၉ တွင် ပြောကြားခဲ့ပြီး ဂျပန်သည် ထိုင်း၊ သြစတြေးလျနှင့် နယူးဇီ လန်တို့နှင့် အလားတူ နှစ်နိုင်ငံသဘောတူညီ ချက်များ ရရှိရန် ကြိုးပမ်းနေသည်။

ဂျပန်နှင့် ဗီယက်နမ်တို့သည် ခရီးသွား လာမှု ပြန်လည်စတင်မည့်အချိန်ကဲ့သို့ နောက် ဆုံးအသေးစိတ်အချက်အလက်များကို ဆွေး နွေးနေကြောင်း မိုတီဂီက ပြောကြားခဲ့သည်။  ဂျပန်သည် ဗီယက်နမ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ရန်၊ စီးပွား ရေးနှင့် လူမှုဆိုင်ရာ အပြန်အလှန်ဖလှယ်မှု ကို မြှင့်တင်ရန်လည်း ကြိုးပမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ပျံ့နှံ့မှု ကာကွယ်ရေးဆိုင်ရာ စီမံချက်များနှင့် ချိန်ညှိလျက် စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေး ကြိုးပမ်းနေစဉ် နိုင်ငံတကာနှင့် အပြန်အလှန်ဖလှယ်မှုများ ကို တစ်စိတ်တစ်ပိုင်းနှင့် တဖြည်းဖြည်း ပြန် လည်လုပ်ဆောင်မှုသည် အရေးကြီးကြောင်း မိုတီဂီက ပြောကြားခဲ့သည်။

ဂျပန်တွင် ဗိုင်းရပ်စ်ကူးစက်အတည်ပြု လူနာ ၁၇၇၄၀ အနက် ၉၃၅ ဦး သေဆုံးခဲ့ သည်။ ဗီယက်နမ်တွင် ကူးစက်လူနာ ၃၄၂ ဦးသာ ရှိခဲ့ပြီး သေဆုံးသူ မရှိခဲ့ပေ။

ဂျပန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးရေးစီမံချက်များ၏တစ်စိတ်တစ်ပိုင်း အဖြစ် နိုင်ငံပေါင်း ၁၁၁ နိုင်ငံမှ နိုင်ငံသား များအား ပြည်ဝင်ခွင့်ပိတ်ပင်ထားသည်။

ဂျပန်သည် သီတင်းပတ်ခုနစ်ပတ်ကြာ မြင့်လာခဲ့သော ကပ်ရောဂါတားဆီးရေးဆိုင် ရာ အရေးပေါ်အခြေအနေထုတ်ပြန်ထားမှု ကို မေနှောင်းပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့ပြီး စီးပွားရေးထိခိုက်မှုအား လျှော့ချရန်အတွက် လူမှုနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ပြည်တွင်းကန့်သတ်ချက်အားလုံးကို ဂျပန်အစိုးရက ဇွန် ၁၉ တွင် ဖယ်ရှားပေးခဲ့ပြီး ပြည်သူများသည် လူအချင်းချင်း ခွာခွာ ကင်းကင်းနေရေးနှင့် အခြားကြိုတင် ကာ ကွယ်ရေးညွှန်ကြားချက်များအား လိုက်နာ လျက် နိုင်ငံထဲတွင် မည်သည့်နေရာကိုမဆို သွားလာနိုင်ပြီဖြစ်သည်။

ဗီယက်နမ်က ကပ်ရောဂါကာကွယ်ရေး အတွက် ပြည်ပခရီးသွားများ ဝင်ရောက်မှုများ ကို ပိတ်ပင်ခဲ့ပြီးနောက် ယခုအခါ ဂျပန်အပြင် တရုတ်၊ တောင်ကိုရီးယားတို့မှ ခရီးသွားများ အား နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုရေးအတွက် ဆွေးနွေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ပြောခွင့်ရပုဂ္ဂိုလ် လီသီသူဟန်က ဇွန် ၁၈ တွင် ပြောကြားခဲ့သည်။

ဗီယက်နမ်သည် ကနဦးတွင် နိုင်ငံထဲ သို့ စီးပွားရေးဆိုင်ရာ ခရီးသွားများနှင့် ကျွမ်း ကျင်မှုမြင့် အလုပ်သမားများ ဝင်ရောက်မှုကို  ဖြေလျှော့ပေးရန် ဆန္ဒရှိပြီး ဗီယက်နမ်နိုင်ငံ သားများသည်လည်း ထိုနိုင်ငံများသို့ သွား ရောက်၍ အလုပ်လုပ်ခွင့်ရရှိသင့်ကြောင်း ဟန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသား ၁၀၀၀ ခန့်သည် ဗီ ယက်နမ်အလယ်ပိုင်း Quang Ngai  ပြည် နယ်၏ စက်မှုဇုန်တစ်ခုတွင် အလုပ်လုပ်ရန် ယခုလအတွင်း ရထားဖြင့် လာရောက်မည် ဖြစ်ကြောင်း၊ ထိုအလုပ်သမားများသည် ဗီ ယက်နမ်တွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်၍ စောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ဟနွိုင်းရထားပို့ဆောင်ရေးကုမ္ပဏီ၏ အမှုဆောင်တစ်ဦးအား ကိုးကား၍ အွန်လိုင်း သတင်းစာ VnExpress က ဖော် ပြခဲ့သည်။                            

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော အာရှ၏ နိုင်ငံအများအပြားသည် ယခုအခါ ပြည်ဝင်ခွင့် ကန့်သတ်ချက်များအား ဖြေလျှော့ ပေးရန် သို့မဟုတ် ၎င်းတို့နိုင်ငံအချင်းချင်း အကြား ခရီးသွားလာမှုပြုလုပ်ရန် ချိန်ဆနေကြသည်။

Ref: Ap, Reuters

Most Read

Most Recent