တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်သည့် ဝှေ့ဖန်ဟီနှင့် လီရှန်ဖူတို့ နှစ်ဦးစလုံးသည် အဂတိလိုက်စားမှု စွပ်စွဲချက်များဖြင့် သေဒဏ်ချမှတ်ခံခဲ့ရပြီး အဆိုပါ သေဒဏ်ကို နှစ်နှစ်ကြာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ်သတ်မှတ်ခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက မေ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ယင်းသည် တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုများကို အကြီးအကျယ် သုတ်သင်ဖယ်ရှားနေသည့် ပြင်းထန်သောလှုပ်ရှားမှုကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
လီရှန်ဖူသည် လာဘ်ပေးလာဘ်ယူမှုများမှ များပြားသော ငွေကြေးပမာဏကို လက်ခံရရှိခဲ့သည်ဟု သံသယရှိရုံသာမက အခြားသူများကိုလည်း လာဘ်ထိုးခဲ့သည်ဟု ယခင်က ဆင်ဟွာသတင်းများတွင် ဖော်ပြထားသည်။
ထို့ပြင် စုံစမ်းစစ်ဆေးမှုများအရ လီသည် နိုင်ငံရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ကျေပွန်စွာ မထမ်းဆောင်ခဲ့ဘဲမိမိနှင့် အခြားသူများအတွက် ကိုယ်ကျိုးစီးပွားများကို ရှာဖွေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု ဆင်ဟွာက ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ဝှေ့အား စုံစမ်းစစ်ဆေးမှုများအရ ၎င်းသည် လာဘ်ပေးလာဘ်ယူမှုများမှတစ်ဆင့် ကြီးမားသော ငွေကြေးနှင့် တန်ဖိုးကြီးပစ္စည်းများကို လက်ခံခဲ့ကြောင်းနှင့် ရာထူးနေရာချထားမှုများတွင် အခြားသူများ မလျော်သြဇာဖြင့် အကျိုးအမြတ်ရရှိစေရန် ကူညီပေးခဲ့ကြောင်းတွေ့ရှိခဲ့ရသည်ဟု ဆင်ဟွာသတင်းဌာနက ၂၀၂၄ ခုနှစ်တွင် ဖော်ပြခဲ့သည်။
ဝှေ့၏ လုပ်ရပ်များသည် သဘောတရားအရ အလွန်တရာ ပြင်းထန်ပြီး အလွန်ဆိုးရွားသော ရိုက်ခတ်မှုနှင့် ကြီးမားသော ထိခိုက်နစ်နာမှုများ ဖြစ်စေခဲ့ကြောင်းလည်း ထပ်လောင်းဖော်ပြထားသည်။
တရုတ်နိုင်ငံတွင် ဆိုင်းငံ့သေဒဏ် (သေဒဏ်ချမှတ်ပြီး ဆိုင်းငံ့ထားခြင်း) ဆိုသည်မှာ ပြစ်ဒဏ်ကျခံရသူသည် ဆိုင်းငံ့ကာလအတွင်း နောက်ထပ်ပြစ်မှုတစ်စုံတစ်ရာ ထပ်မံကျူးလွန်ခြင်း မရှိပါက ပုံမှန်အားဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ ပြောင်းလဲသတ်မှတ်ပေးလေ့ရှိသည်။
ပြစ်ဒဏ်လျှော့ပေါ့ပေးပြီးနောက် ၎င်းတို့သည် နောက်ထပ် ပြစ်ဒဏ်လျှော့ပေါ့ခွင့် သို့မဟုတ် ခံဝန်ဖြင့် လွတ်မြောက်ခွင့်မရှိဘဲ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့နှစ်ဦးစလုံးသည် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ ရာသက်ပန် ရုပ်သိမ်းခံရမည်ဖြစ်ပြီး၊ ၎င်းတို့ပိုင်ဆိုင်သည့် ကိုယ်ပိုင်ပစ္စည်းအားလုံးကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။
၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒုံးပျံတပ်ဖွဲ့ ၏ တပ်မှူးဟောင်းဖြစ်သူ ဝှေ့သည် အဂတိလိုက်စားမှုစွဲချက်များဖြင့် ကာကွယ်ရေးဝန်ကြီးရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် ၂၀၂၃ ခုနှစ် မတ်လ၌ လီက နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် အစားထိုး တာဝန်ယူခဲ့ခြင်းဖြစ်သည်။
သမ္မတ ရှီကျင်းပင်၏ အယုံကြည်ရဆုံးသော ဗိုလ်ချုပ်ကြီးများထဲမှ တစ်ဦးဖြစ်သူ လီသည် လက်နက်ဒီဇိုင်းထုတ်လုပ်ရေးနှင့် ဝယ်ယူရေးကဏ္ဍများကို ကြီးကြပ်ခဲ့သူဖြစ်ပြီး ရှီ၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေး ရည်မှန်းချက်များကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
လီသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော အာကာသစီမံကိန်းတွင် ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်ကာ အာကာသဆိုင်ရာ တာဝန်ပေါင်းများစွာကို ကြီးကြပ်ကွပ်ကဲခဲ့သည်။
ဝှေ့နှင့် လီတို့နှစ်ဦးစလုံးသည် နိုင်ငံ၏ အမြင့်ဆုံးစစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်သည့်အဖွဲ့ဖြစ်သော ဗဟိုစစ်ကော်မရှင် (CMC) ၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။
၎င်းတို့အပေါ် ချမှတ်လိုက်သော ဆိုင်းငံ့သေဒဏ်များသည် ဆယ်စုနှစ်များစွာအတွင်း တရုတ်စစ်ဘက် အဆင့်မြင့်အရာရှိကြီးများအပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များထဲတွင် အပြင်းထန်ဆုံးဖြစ်သည်ဟု ယူဆရသည်။
Ref: CNA
Photos- AFP















