အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်သူစုစုပေါင်း ၃၇၀၀၀၀ နီးပါးနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကူးစက်သူ ၁၀၂၀၀၀ ကျော်လာ

အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်သူစုစုပေါင်း ၃၇၀၀၀၀ နီးပါးနှင့် ဘင်္ဂလားဒေ့ရှ်တွင် ကူးစက်သူ ၁၀၂၀၀၀ ကျော်လာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် COVID-19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများအား ဇွန် ၁၇ ၌ တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် COVID-19 စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများအား ဇွန် ၁၇ ၌ တွေ့ရစဉ်
Published 18 June 2020
          Ref: AP

အိန္ဒိယတွင် ဇွန် ၁၈ ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၁၂၉၃ ဦး ရှိသောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၃၆၈၅၅၇ ဦးအထိ ရှိလာခဲ့ကြောင်း၊ လူ ၁၂ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၂၂၇၄ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဇွန် ၁၇ ၌မူ နေ့စဉ်ကူးစက်သူ ၁၃၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် အလွန်အမင်း မြင့်တက်လာခြင်းကြောင့် Lockdown စီမံချက်များ ပြန်လည်ပြဋ္ဌာန်းရန် တောင်းဆိုမှုများကို ပယ်ချလျက် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက လက်ရှိချမှတ်ထားသော Lockdown များကို ထပ်မံဖြေလျှော့ရန်နှင့် ပြည်သူများအား ထိခိုက်မှု ဖြစ်နိုင်ခြေများကို လျှော့ချရမည်ဟု ပြောကြားခဲ့သည်။

မတ် ၂၅ တွင် နိုင်ငံတစ်ဝန်း Lockdown စီမံချက်များ ချမှတ်ခဲ့မှုကြောင့် မြို့ကြီးများ၌ အလုပ်လက်မဲ့ဖြစ်သွားသော ရွှေ့ပြောင်းလုပ်သား သန်းနှင့်ချီ သောင်တင်သွားခဲ့ကြပြီး အလွန်အမင်းဝေးကွာသော ၎င်းတို့၏နေရပ် ကျေးရွာများသို့ ပြန်သွားချိန်တွင် လမ်းခရီး တစ်လျှောက် စားစရာငတ်မွတ်မှုနှင့် ဗိုင်းရပ်စ်ကူးစက်မှု ထပ်မံဖြစ်ပွားနိုင်သည့်အန္တရာယ်တို့ကို ကြုံခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်တွင်လည်း ဇွန် ၁၈ ၌ ကူးစက်သူသစ် ၃၈၀၃ ဦး ရှိသောကြောင့် အတည်ပြုလူနာစုစုပေါင်း ၁၀၂၂၉၂ ဦး အထိနှင့် လူ ၃၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း ၁၃၄၃ ဦး ရှိလာခဲ့ကြောင်း Directorate General of Health Services (DGHS) က ထုတ်ပြန်ခဲ့သည်။

ထိုနေ့တွင် လူနာ ၁၉၇၅ ဦး ပြန်လည်သက်သာသွားသဖြင့် ပြန်လည်ကောင်းမွန်သွားသူ စုစုပေါင်း ၄၀၁၆၄ ဦးရှိကြောင်း DGHS က ထုတ်ပြန်ခဲ့သည်။ 

ပါကစ္စတန်တွင် ဇွန် ၁၈ ၌ ဗိုင်းရပ်စ်ကူး စက်သူသစ် ၅၃၅၈ ဦး ရှိခဲ့သောကြောင့် နိုင်ငံတစ်ဝန်း ကူးစက်သူစုစုပေါင်း ၁၆၀၁၁၈ ဦး အထိ ရှိလာခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် လူ ၁၁၈ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၃၀၉၃ ဦးအထိ မြင့်တက်လာခဲ့သည်။ ပြန်လည်သက်သာကောင်းမွန်သွား သူစုစုပေါင်းမှာ ၅၉၂၁၅ ဦး ရှိခဲ့သည်။

ကူးစက်သူနှင့် သေဆုံးသူအရေအတွက် မြင့်တက်လာမှုကြောင့် နိုင်ငံတစ်ဝန်း Lockdown စီမံချက်များ ချမှတ်ရန် တောင်းဆိုမှုကို ဝန်ကြီးချုပ် အီမရန်ခန်းက တင်းခံခဲ့ပြီး ပါကစ္စတန်သည် ထိုထိန်းချုပ်ကန့်သတ်မှု၏ဒဏ်ကို တောင့်ခံနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

ဇူလိုင်မတိုင်မီ ပါကစ္စတန်တွင် ဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းကျော်အထိ ရောက်ရှိသွားနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးခဲ့ကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း Lockdown စီမံချက်များ ပြန်လည်ချမှတ်ရန် တောင်းဆိုမှုကို ခန်း၏အစိုးရက ငြင်းဆန်ခဲ့သည်။

တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းတွင်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုသစ်အား ထိန်းချုပ်နိုင်ရေးအတွက် တင်းကျပ်သောစီမံချက်များကို ချမှတ်လုပ်ဆောင်နေစဉ် ဇွန် ၁၈ တွင် မြို့တော်၌ ဗိုင်းရပ်စ်ကူးစက်သူသစ် အရေအတွက် ကျဆင်းခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်တွင် Xinfad လက်ကားစျေးကြီး၌ ကူးစက်မှုသစ်များကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်ပိုင်း လူစုစုပေါင်း ၁၆၀ နီးပါး ကူးစက်ခံထားရသည်ဟု တွေ့ရှိ ခဲ့ကြောင်း ပေကျင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဟူဟေကျန်းက ဇွန် ၁၈ တွင် ပြောကြားခဲ့သည်။ ရောဂါစစ်ဆေးရေး၊ အခြားကြိုတင် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစီမံချက်များ တိုးမြှင့်နေစဉ် ရောဂါရှိသူနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့သူများအား အမြန်ဆုံးခြေရာခံ ဖော်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပေကျင်းတွင် ဇွန် ၁၇ ၌ ဗိုင်းရပ်စ်ကူး စက်သူသစ် ၃၁ ဦး ရှိခဲ့ပြီး ဇွန် ၁၈ တွင်၂၁ ဦးသာ ရှိခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဇွန် ၁၈ ၌ ကူးစက်သူသစ်စုစုပေါင်း ၂၈ ဦးရှိခဲ့ပြီး ပြည်ပမှ ပြန်လာသူလေးဦး၊ ပေကျင်းနှင့် ထိစပ်နေသော တျန်ကျန်းမြို့နှင့် ဟူပေပြည်နယ်တို့မှ သုံးဦးတို့ ပါဝင်ခဲ့သည်။

မေ ၃၀ နောက်ပိုင်း ထိုစျေးကြီးအနီး ရောက်ရှိခဲ့သူများ၊ ကူးစက်သူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများသည် နေအိမ်တွင် ၁၄ ရက်ကြာ အသွားအလာကန့်သတ်၍ စောင့်ကြည့်ခံရမည်ဖြစ်ပြီး ရောဂါစစ်ဆေးမှု နှစ်ကြိမ် ခံယူရမည်ဖြစ်ကြောင်း ပေကျင်းအစိုးရ တာဝန်ရှိသူ ကျန်းကီက ပြောကြားခဲ့သည်။

ဇွန် ၁၈ တွင် သေဆုံးသူသစ်လည်း မရှိခဲ့သောကြောင့် ပြီးခဲ့သောနှစ်တွင် ဝူဟန်မြို့၌ ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ် ပွားခဲ့ပြီးနောက်ပိုင်း တရုတ်တွင် ဇွန် ၁၈ အထိ အတည်ပြု လူနာပေါင်း ၈၃၂၉၃ ဦးအနက် သေဆုံးသူ စုစုပေါင်း ၄၆၃၄ ဦး ရှိခဲ့သည်။

ဇွန် ၁၇ တွင် ဟာဝိုင်ယီ၌ တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းသံတမန် ယန်ကျဲချီနှင့် တွေ့ဆုံစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက တရုတ်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ သိရှိထားမှု အားလုံးကို ထုတ်ပြန်ရန် တိုက်တွန်းခဲ့သည်။

                    

Most Read

Most Recent