အစိုးရတစ်ရပ်နှင့် တာဝန်ယူမှု တာဝန်ခံမှု

အစိုးရတစ်ရပ်နှင့် တာဝန်ယူမှု တာဝန်ခံမှု
Published 18 June 2020

အစိုးရတစ်ရပ်ဖြစ်စေ၊ အင်စတီကျူရှင်းတစ်ရပ်ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုဖြစ်စေ ယင်းတို့၏စွမ်းဆောင်မှုကို အကဲဖြတ်ရာ၌ တာဝန်ယူတာဝန်ခံမှု ရှိခြင်း မရှိခြင်းဆိုသည့် မေးခွန်းသည် အရေးကြီးသည်။ အစိုးရတစ်ရပ်နေဖြင့်ပြောလျှင် ၎င်းအစိုးရ၏ တာဝန်ယူ တာဝန်ခံတတ်မှုကို ကြည့်၍ ပြည်သူလူထုက အကောင်း အဆိုး ဆုံးဖြတ်တတ်ကြသည်။  မိမိတို့၏ အားနည်းချက်များကို တာဝန်ယူတာဝန်ခံမှုမရှိသော အစိုးရတစ်ရပ်နှင့် အဖွဲ့အစည်းတစ်ခုသည် ရေရှည်တွင် အောင်မြင်မှုမရနိုင်သကဲ့သို့ သမိုင်း၌ နာမည်ပျက်ဖြင့် ကြုံရနိုင်ပါတယ်။ ၂၀၁၀ နောက်ပိုင်းတွင် စစ်တစ်ပိုင်းအစိုးရဟု အများက ဝေဖန်ခဲ့ကြသော သမ္မတဦးသိန်းစိန်လက်ထက်တွင် အစိုးရအကြီးအကဲများ လုပ်ခဲ့ကြသောမှားယွင်းမှုများအတွက် ဦးသိန်းစိန်တွင် တာဝန်ရှိသည်ဟု ဝေဖန်နေကြသည်။ အကယ်၍ ယခင်အစိုးရ၏ လွဲချော်မှုများ၊ အမှားအယွင်းများနှင့် ပြည်သူလက်မခံနိုင်သော ကိစ္စရပ်များဖြစ်ခဲ့ရှိခဲ့လျှင် ယင်းအစိုးရအဖွဲ့ဝင်များနှင့် အကြီးဆုံး ရာထူးတာဝန်ရယူခဲ့သူသည် အဓိကတာဝန်ခံရ၍ ဝေဖန်ခံရတတ်သည်။ ထိုကဲ့သို့ပင် လက်ရှိအစိုးရအနေဖြင့်လည်း ၎င်းတို့တာဝန်ဆောင်ရွက်နေသည့် ကာလတစ်လျှောက်ဖြစ်ပေါ်ခဲ့သော အမှားအယွင်းများ၊ လွဲချော်မှုများ၊ ပြည်သူလက်မခံသောကိစ္စရပ်များ ရှိခဲ့ပါလျှင်လည်း ၎င်းတို့အနေဖြင့် တာဝန်ယူ တာဝန်ခံကြရပေလိမ့်မည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် အစိုးရတစ်ရပ်တွင်လည်း ထိုသဘောတရားတိုင်းပင်ဖြစ်သည်။

 

ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ပင်​ဖြစ်သည်ဟု အားလုံးလက်ခံထား​​ကြသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်း ရှိခြင်းနှင့် အများကျေနပ်မှုရ​စေ​​သော အမှန်တရားအတွက် အာမခံချက်​ပေးနိုင်ခြင်းတို့ ပါဝင်သည်။ တာဝန်ခံမှုရှိခြင်းသည် ထမ်းဆောင်မည့် အစိုးရအရာရှိများ သို့မဟုတ် အစိုးရအဖွဲ့များအား ၎င်းတို့အနေဖြင့် အများပြည်သူဝန်ဆောင်မှုများနှင့် ပတ်သက်သော အစီအစဉ်များ၌ ငွေကြေးနှင့်ပတ်သက်၍ တန်ဖိုးရှိစွာအသုံးပြုလျက်၊ အစိုးရအဖွဲ့၌ ယုံကြည်ရမှုရှိစွာ ပါဝင်လျက်၊ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအပေါ် ကောင်းစွာတာဝန်ယူလျက် စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရေးသေချာအောင် အကဲဖြတ်ရာ၌ အရေးကြီးသည်။

မိမိအနေဖြင့် တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးလိုပါက မိမိကိုယ်တိုင်နှင့် စတင်ရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်း၌ မိမိမြင်လိုသော အမူအကျင့်များကို ပုံစံချမှတ်ရန် လိုအပ်သည်။ မိမိအနေဖြင့် အခြားသူများအား ပေးထားသည့်ကတိများကို တည်စေလိုပါက မိမိကိုယ်တိုင် ယင်းကဲ့သို့ လိုက်နာရမည်ဖြစ်သည်။ တာဝန်ခံမှုလမ်းကြောင်း၌ မိမိကိုယ်တိုင်ရှေ့မှ ဦးဆောင်လျှောက်ပြရမည်ဖြစ်ပြီး တာဝန်ခံမှုရှိရန် ပါးစပ်မှတတွတ်တွတ် ပြောနေခြင်းကား အလုပ်မဖြစ်ပေ။ မိမိအဖွဲ့အစည်း၏ အောင်မြင်မှုများကို ခံစားသကဲ့သို့ပင် မိမိအဖွဲ့အစည်း၏ ကျရှုံးမှုများအတွက် မိမိကိုယ်တိုင် တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ခံမှုသည် မည်သည့်အလုပ်မဆို၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီးသားဖြစ်နေရာ ရှောင်လွှဲရန်ကြိုးပမ်းပါက အဖွဲ့အစည်း၏ နဂိုရှိနှင့်ပြီးသား တာဝန်ခံမှုအဆင့်အတန်းကိုပါ ကျဆင်းစေလိမ့်မည်ဖြစ်သည်။

 

တာဝန်ခံမှုဟူသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား အဆုံးအဖြတ်ပေးသော အရာဖြစ်သည်ကို နားလည်သဘောပေါက် စေရမည်ဖြစ်သည်။ မိမိအနေဖြင့် လူများကို တာဝန်ခံကြရန် ပြောနေရုံသက်သက်ဖြင့် မရပါ။ ၎င်းတို့အား ပြန်လည်စစ်ဆေးသုံးသပ်မှုများ အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၌ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းထားပေးနိုင်ရန် လိုအပ်သည်။

 

မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်ဖြစ်စေ အဖွဲ့အစည်းတစ်ရပ်၌ဖြစ်စေ တာဝန်ခံမှုရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာအောင် တည်ဆောက်ခြင်းက ယင်းအစိုးရနှင့်အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် စကားပြောပေလိမ့်မည်။ သို့​​ဖြစ်ရာ ကောင်းသောအုပ်ချုပ်ရေးအတွက် တာဝန်ခံမှုရှိခြင်းသည် အရေးအကြီးဆုံးသော အချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

■ (ဇွန် ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent