မြောက်ကိုရီးယား၏ ကြောင်းကျိုးမညီညွတ်သော အပြုအမူကို လက်သင့်ခံတော့မည်မဟုတ်ကြောင်း တောင်ကိုရီးယားထုတ်ပြန်

မြောက်ကိုရီးယား၏ ကြောင်းကျိုးမညီညွတ်သော အပြုအမူကို လက်သင့်ခံတော့မည်မဟုတ်ကြောင်း တောင်ကိုရီးယားထုတ်ပြန်
 မြောက်ကိုရီးယားနှင့် နယ်စပ်အနီး ယွန်ပြောင်ကျွန်း၏ ခြံစည်းရိုးတစ်လျှောက်တွင် ဇွန် ၁၆ က ကင်းလှည့်နေသော တောင်ကိုရီးယားမရိန်းများ
မြောက်ကိုရီးယားနှင့် နယ်စပ်အနီး ယွန်ပြောင်ကျွန်း၏ ခြံစည်းရိုးတစ်လျှောက်တွင် ဇွန် ၁၆ က ကင်းလှည့်နေသော တောင်ကိုရီးယားမရိန်းများ
Published 17 June 2020
Ref: CNA

တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းအပေါ် မြောက်ကိုရီးယား၏ဝေဖန်မှုသည် အသိတရားကင်းမဲ့နေပြီး မြောက်ကိုရီးယား၏ ကြောင်းကျိုးမညီညွတ်သော အပြုအမူကို လုံးဝလက်သင့်ခံတော့မည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတရုံး အိမ်ပြာတော်က ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနယ်နိမိတ်ဘက်ခြမ်းတွင်ရှိသော တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ ပူးတွဲဆက်ဆံရေးရုံးကို ဇွန် ၁၆ ရက် တွင် မြောက်ကိုရီးယားက ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် တစ်ရက်အကြာတွင် တောင်ကိုရီးယားသမ္မတရုံး၏ ထုတ်ပြန်ချက်ထွက်ရှိ လာခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားကို ဝေဖန်ထားသော KCNA ၏သတင်းဆောင်ပါးများနှင့်အတူ အာဏာရအလုပ်သမားပါတီ၏ တရားဝင်သတင်းစာဖြစ်သော ရိုဒေါင်ရှင်မွန်သတင်းစာတွင် နှစ်နိုင်ငံပူးတွဲဆက်ဆံရေးရုံးကို ဖောက်ခွဲမဖျက်ဆီးမီပုံနှင့် ဖောက်ခွဲဖျက်ဆီး ပြီးပုံများကို ဖော်ပြခဲ့သည်။

သမ္မတမွန်းအား မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျောင်၏ဝေဖန်မှုများသည် ကြမ်းတမ်းရိုင်းပျပြီး အသိတရားကင်းမဲ့နေကာ နှစ်နိုင်ငံခေါင်းဆောင်များ တည်ဆောက်ထားသော ယုံကြည်မှုကို လုံးဝပျက်စီးစေသည်ဟု အိမ်ပြာတော်ပြောခွင့်ရပုဂ္ဂိုလ် ယွန်ဒိုဟန်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံရင်ကြားစေ့ရေး ကြိုးပမ်းမှုများရပ်တန့်နေခြင်း၊ မြောက်ကိုရီးယား ပြည်ပြေးများ၏လုပ်ရပ်ကြောင့် နှစ်နိုင်ငံတင်းမာ မှုမြင့်တက်လာခြင်းကို ဖြေလျှော့သက်သာစေရန်အတွက် သမ္မတမွန်းသည် ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေး ချောင်အီယွန်နှင့် ထောက်လှမ်းရေးအကြီးအကဲ ဆူဟွန်းတို့ကို အထူးသံတမန်များအဖြစ် မြောက်ကိုရီးယားသို့ စေလွှတ်ရန် ဇွန် ၁၅ ရက်တွင် ကမ်းလှမ်းခဲ့သည်။

အဆိုပါကမ်းလှမ်းချက်ကို ပါးနပ်မှုမရှိသော၊ အန္တရာယ်ပြုမည့် အသွင်ရှိသော ကမ်းလှမ်းချက်အဖြစ် ရည်ညွှန်းလျက် ကင်ယိုဂျောင်က ထိုကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီ KCNA က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားအာဏာပိုင်များ၏ အရည်အချင်းမပြည့်ဝမှုနှင့် တာဝန်ယူ တာဝန်ခံမှုမရှိခြင်းကြောင့် ဖြစ်ပွားလာသော တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအကြား ပဋိပက္ခကို ပြေလည်အောင် ဖြေရှင်းရန်မှာ မဖြစ်နိုင်ကြောင်း၊ ထိုက်တန်သော တန်ဖိုးကို ပေးဆပ်မှသာ ယင်းပြဿနာကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း KCNA ထုတ်ပြန်ခဲ့သည်။

KCNA ၏ နောက်ထပ်ထုတ်ပြန်ချက်တစ်ခုအတွင်းတွင်လည်း ကင်ယိုဂျောင်က သမ္မတမွန်းဂျေအင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ သမ္မတမွန်းသည် ၂၀၁၈ သဘောတူစာချုပ်ပါ အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပြီး မွန်းသည် ၎င်း၏လည်ပင်းကို အမေရိကန်လိုလားသော ကပ်ပါးရပ်ပါးများ၏ ကြိုးကွင်းအတွင်းသို့ ဝင်စွပ်နေသည်ဟု ကင်ယိုဂျောင်က ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ဆွေးနွေးပွဲများဖြစ်လာစေရန် သမ္မတမွန်းက ခေါင်းဆောင်များအကြား ကြားဝင်ညှိနှိုင်းသူတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် ထိုဆွေးနွေးပွဲများသည် မြောက်ကိုရီးယားနျူကလီးယား လက်နက်များ ဖျက်သိမ်းသွားစေရန် ရည်ရွယ်ချက် ပြည့်မီစေရန် စွမ်းဆောင်နိုင်ခြင်းမရှိခဲ့ပေ။

ပထမဆုံးအကြိမ် တောင်-မြောက်ကို ရီးယားနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲကျင်းပမှု နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ဇွန် ၁၅ ရက်တွင် မိန့်ခွန်းပြောကြားမှုအတွင်း သမ္မတမွန်းက တောင်-မြောက်ကိုရီးယားနိုင်ငံအကြား ဆက်ဆံရေးနှင့် မြောက်ကိုရီးယား-အမေရိကန်အကြား ဆက်ဆံရေးတို့မှာ မျှော်လင့်ထားသလို တိုးတက်မှုမရှိခဲ့သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော ငြိမ်းချမ်းရေးသဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ပြန်လည်တက်လှမ်းရန် သမ္မတမွန်းက မြောက်ကိုရီးယားအစိုးရအဖွဲ့ကို တိုက်တွန်းခဲ့သည်။

 

Most Read

Most Recent