အိန္ဒိယတွင် ဇွန် ၁၇ ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၀၀၀ ‌ကျော် စံချိန်တင်သေဆုံးပြီး သေဆုံးသူစုစုပေါင်း ၁၂၀၀၀ နီးပါး ရှိလာ

အိန္ဒိယတွင် ဇွန် ၁၇ ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၀၀၀ ‌ကျော် စံချိန်တင်သေဆုံးပြီး သေဆုံးသူစုစုပေါင်း ၁၂၀၀၀ နီးပါး ရှိလာ
 ဇွန် ၁၆ က နယူးဒေလီမြို့စွန်ရှိ Noida တွင် အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန်အတွက် သွေး၊ သလိပ်ယူနမူနာယူရန် ပြင်ဆင်နေစဉ်
ဇွန် ၁၆ က နယူးဒေလီမြို့စွန်ရှိ Noida တွင် အမျိုးသမီးတစ်ဦးအား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန်အတွက် သွေး၊ သလိပ်ယူနမူနာယူရန် ပြင်ဆင်နေစဉ်
Published 17 June 2020
Ref: AFP, Reuters

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇွန် ၁၇ ၌ သေဆုံးသူ ၂၀၀၀ ကျော် စံချိန်တင် ခုန်တက်ခဲ့ရာ သေဆုံးသူစုစုပေါင်း ၁၁၉၀၃ ဦးအထိရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကျန်းမာရေးဆိုင်ရာ စွန့်စားရမှုများ မြင့်တက်လာနေသောကြောင့် အိန္ဒိယရောက် ဂျာမနီနိုင်ငံသားများသည် နိုင်ငံထဲမှထွက်ခွာရန် စဉ်းစားသင့်ကြောင်း ဂျာမနီအစိုးရက အကြံပြုခဲ့သည်။

မွမ်ဘိုင်းတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစာရင်းပြုစုမှု၌ အထူးပြုမဖော်ပြသော ကွာဟချက်များ ရှိနေသောကြောင့် သေဆုံးသူ ၈၆၂ ဦးကို ထပ်တိုး၍ သေဆုံးသူစုစုပေါင်း ၃၁၆၅ ဦး ရှိသည်ဟု ပြန်လည်ပြင်ဆင်ခဲ့သည်။

နယူးဒေလီတွင် သေဆုံးသူ ၄၀၀ ကျော်အထိ စံချိန်တင် ခုန်တက်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၈၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ သို့သော် ပြီးခဲ့သော ၂၄ နာရီအတွင်း သေဆုံးသူ မည်မျှအထိရှိခဲ့ပြီး စာရင်းပြင်ဆင်မှုများမှ သေဆုံးသူအရေအတွက် မည်မျှပါဝင်ကြောင်းတို့ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကပ်ရောဂါသည် အိန္ဒိယ၏ လူဦးရေအလွန်အမင်းထူထပ်သောမြို့ကြီးများအား အလွန်အမင်းထိခိုက်စေခဲ့ပြီး ချန်နိုင်းမြို့တွင်လည်း ကူးစက်အတည်ပြုလူနာအရေအတွက် အလွန်အမင်းမြင့်တက်လာမှုကြောင့် ဇွန် ၁၉ တွင် Lockdown စီမံချက်များကို ပြန်လည်ချမှတ်သွားမည်ဖြစ်သည်။

Lockdown စီမံချက်များ‌က စီးပွားရေးကို အလွန်အမင်းထိခိုက်စေခဲ့သဖြင့် နေရာအများအပြားတွင် ထိုကန့်သတ်ချက်များအား တဖြည်းဖြည်း ပြန်လည်ဖြေလျှော့ပေးနေသည်။

ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အရေအတွက်၌ စတုတ္ထမြောက်အများဆုံးဖြစ်သော အိန္ဒိယ၌ ဇွန် ၁၇ အထိ ကူးစက်သူ စုစုပေါင်း ၃၅၄၀၆၅ ဦးအထိရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၏မြို့အများအပြားရှိ ဆေးရုံများတွင် ဗိုင်းရပ်စ်ကူးစက်အတည်ပြုလူနာအရေအတွက် မြင့်မားလာမှုကို နိုင်နင်းရန်အတွက် ရုန်းကန်နေရစဉ် ဂျာမနီသည် ၎င်း၏ နိုင်ငံသားများအား အိန္ဒိယမှထွက်ခွာရန် ပထမဆုံး အကြံပြုသည့် နိုင်ငံဖြစ်လာခဲ့သည်။

အိန္ဒိယရောက် ဂျာမနီနိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများသည် နေရပ်သို့ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်သော အခြားတစ်နိုင်ငံသို့ ယာယီပြန်လာရန်အတွက် အလေးအနက်ထား စဉ်းစားသင့်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယရှိ ၎င်း၏ နိုင်ငံသားများထံ အကြံပြုသည့် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဒေလီပြည်နယ်အစိုးရ၏ ကျန်းမာရေးဝန်ကြီးသည်လည်း အပြင်းဖျားမှုကြောင့် ဇွန် ၁၆ တွင် ဆေးရုံတက်ခဲ့ပြီး  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိကို စစ်ဆေးခဲ့သည်ဟု ၎င်းကိုယ်တိုင် Twitter တွင် ကြေညာခဲ့သည်။

ဒေလီတွင် အခြေစိုက်သော ဘဏ္ဍာရေး၊ နိုင်ငံခြားရေးနှင့် ဖက်ဒရယ်ပြည်ထဲရေး ဝန်ကြီးဌာနများ၏ အကြီးတန်းတာဝန်ရှိသူ အများအပြားသည်လည်း ပြီးခဲ့သောသီတင်းပတ်အနည်းငယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုခံခဲ့ရသည်။ ထိုကူးစက်ခံရသူအများစုသည် ကပ်ရောဂါအကျပ်အတည်း စတင်ချိန်မှစတင်၍ ၎င်းတို့၏ရုံးခန်းများတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

ဒေလီအစိုးရ၏ ကျန်းမာရေးဝန်ကြီး ဆက်ယန်ဒါဂျိတ်က ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီး အာမက်ရှား၊ ဒေလီပြည်နယ်ဝန်ကြီးချုပ် အာဗင်ကီဂ်ျရီဝါးနှင့်အတူ ဇွန် ၁၅ တွင် အစည်းအဝေးတက်ရောက်ခဲ့သည်။

ဝန်ကြီးချုပ် နရင်ဒရာမိုဒီပြီးလျှင် အစိုးရအဖွဲ့တွင် သြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရှုမြင်ခံရသောရှားသည်  ကိုရိုနာဗိုင်းရပ်စ်အတွက် စစ်ဆေးမှု လုပ်၊ မလုပ်ကို မသိရသေးပေ။ ကီဂ်ျရီဝါအား ယခုလအစောပိုင်းတွင် ရောဂါစစ်ဆေးမှုပြုလုပ်ခဲ့ပြီး Negative အဖြေထွက်ထားသည်။

 

Most Read

Most Recent