ဟောင်ကောင်သို့ရောက်ရှိနေသည့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-ဟောင်ကောင် Relief Flight ခရီးစဉ်ကို ဇွန် ၂၉ ရက်တွင်ပျံသန်းမည်

ဟောင်ကောင်သို့ရောက်ရှိနေသည့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-ဟောင်ကောင် Relief Flight ခရီးစဉ်ကို ဇွန် ၂၉ ရက်တွင်ပျံသန်းမည်
 မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းကို တွေ့ရစဉ်
Published 17 June 2020

ဟောင်ကောင်သို့ရောက်ရှိနေသည့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်-ဟောင်ကောင် Relief Flight ခရီးစဉ်အား ဇွန် ၂၉ ရက်တွင် ပျံသန်းမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ရုံးချုပ်နှင့် ညှိနှိုင်း၍ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၉ ရက်တွင် နေရပ်သို့ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ် ပျံသန်းမည်ဖြစ်သည်။ Relief Flight ခရီးစဉ်တွင် ရန်ကုန်-ဟောင်ကောင်၊ ဟောင်ကောင်-ရန်ကုန် ခရီးစဉ်အတွက် လက်မှတ်ရောင်းချပေးသွားမည်ဖြစ်ပြီး ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ထုတ်ပြန်ထားသော အမည်စာရင်းတွင် ပါဝင်သော ခရီးသည်များအနေဖြင့် ရန်ကုန်-ဟောင်ကောင် ခရီးစဉ်လက်မှတ်အား မြန်မာအမျိုးသားလေကြောင်းလိုင်းသို့ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် ကီလိုအပိုဝယ်ယူခြင်း၊ တင်ဆောင်ခြင်းပြုလုပ်၍ ရနိုင်မည်မဟုတ်ကြောင်း လေကြောင်းလိုင်းက အသိပေးချက် ထုတ်ပြန်ထားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်ပခရီးစဉ် ပျံသန်းမှုများကို ဇွန် ၃၀ ရက်အထိ တိုးမြှင့်ရပ်ဆိုင်းထားကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် ကယ်ဆယ်ရေးခရီးစဉ်နှင့် ကုန်တင်လေယာဉ်ခရီးစဉ်များသာ ပျံသန်းနေခြင်းဖြစ်သည်။

“လက်ရှိမှာတော့ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်တွေနဲ့ ကုန်တင်လေယာဉ် ခရီးစဉ်တွေကိုပဲ ပျံသန်းနေပါတယ်။ ပြည်ပခရီးစဉ် ပျံသန်းမှုကို ဇွန် ၃၀ ရက်နေ့အထိ တိုးမြှင့်ရပ်ဆိုင်းထားပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတွင်းလူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့် လူသုံးကုန်ပစ္စည်းများ တင်ပို့နိုင်ရေးအတွက် Cargo ခရီးစဉ်များအား နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပျံသန်းနေခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသည်တင်လေယာဉ်များ ဆင်းသက်ခွင့် ရပ်ဆိုင်းထားသည့် အချိန်ကာလတွင် ပျံသန်းမည့်အဆိုပါ Cargo စင်းလုံးငှား ခရီးစဉ်များတွင် ကုန်စည်များသာ တင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Asian Region တွင် Cargo စင်းလုံးငှားခရီးစဉ်များကို သက်သာသောနှုန်းထားဖြင့် ပျံသန်းပေးနေကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်း စင်ကာပူနိုင်ငံသို့ ပျံသန်းသည့် ခုနစ်ကြိမ်မြောက် ကယ်ဆယ်ရေးခရီးစဉ်တွင် စင်ကာပူရောက်မြန်မာ ၁၃၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၄၉ ဦး လိုက်ပါလာခဲ့ပြီး လက်ရှိချိန်ထိ ပြည်ပရောက်မြန်မာ ၃၅၃၄ ဦးအား  ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုဖြင့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေရှ့်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ယူအေအီး၊ ကာတာနိုင်ငံ၊ အီတလီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၃၅၃၄ ဦးအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတကာမှ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့်ကာလအား ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သတင်းရရှိသည်။

ရွှန်းလဲ့ဝင်း

Most Read

Most Recent