ဥရောပတွင် Lockdown စီမံချက်များ ရုပ်သိမ်းခဲ့ပြီးနောက် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်

ဥရောပတွင် Lockdown စီမံချက်များ ရုပ်သိမ်းခဲ့ပြီးနောက် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်
မတ်လနောက်ပိုင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်ခဲ့သော ဘာမင်ဂမ်ရှိ Primark စတိုးဆိုင်ရှေ့တွင် ဇွန် ၁၅  က တန်းစီနေကြသူများ (Photo:AP)
မတ်လနောက်ပိုင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်ခဲ့သော ဘာမင်ဂမ်ရှိ Primark စတိုးဆိုင်ရှေ့တွင် ဇွန် ၁၅  က တန်းစီနေကြသူများ (Photo:AP)
Published 15 June 2020
Ref: Reuters, AFP

ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ထားသည့် Lockdown စီမံချက်များကို ရုပ်သိမ်းခဲ့ပြီးနောက် နယ်စပ်အချို့တွင် ကန့်သတ်ထိန်းချုပ်မှုများကို ဇွန် ၁၅ ရက်တွင် ဖြေလျှော့ပေးခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၂ နိုင်ငံအပြင် အိုက်စ်လန်၊ Liechtenstein ၊ နော်ဝေနှင့် ဆွစ်ဇာလန်တို့ပါဝင်သည့် ရှန်ဂန်ဒေသသည် နယ်စပ်စစ်ဆေးမှုမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်သည့် ဒေသဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ပြီးနောက် ကုန်စည်ကူးသန်းမှုနှင့် အရေးပါသည့်ဝန်ထမ်းများမှလွဲပြီး သွားလာမှုများ ပိတ်ပင်ထားသည်မှာ သုံးလကြာပြီဖြစ်သည်။

ဥရောပပြည်ထဲရေးရာ အထူးတာဝန်ပေးအပ်ခံရသူ Ylva Johansson က ရှန်ဂန်အဖွဲ့ဝင်နိုင်ငံများကို ပြည်တွင်း နယ်စပ်ထိန်းချုပ်ကန့်သတ်မှုများကို ဇွန် ၁၅ ရက်တွင် ရုပ်သိမ်းရန်နှင့် ဇူလိုင်မှစပြီး အခြားနိုင်ငံများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ပေးရန် ပြီးခဲ့သည့်သီတင်းပတ်က တိုက်တွန်းခဲ့သည်။ နိုင်ငံအများစုက ထိန်းချုပ်ကန့်သတ်ချက်များကို ယင်းနေ့မတိုင်မီ ဖြေလျှော့ရန် စီစဉ်ထားသည်။

နယ်စပ်ဒေသများပြန်လည်ဖွင့်လှစ်ပေးမှုသည် ဥရောပ၏အထိနာသည့် ခရီးသွားလာမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် နွေရာသီကာလတွင် ကယ်တင်ရန် အထောက်အကူပြုနိုင်သည်။ အပန်းဖြေမှုနှင့် ယဉ်ကျေးမှုတို့နှင့်အတူ ခရီးသွားကဏ္ဍသည် ဥရောပသမဂ္ဂစီးပွားရေး၏ ၁၀ ရာခိုင်နှုန်းနီးပါးကို  ဖြည်းတင်းပေးခဲ့သည်။

အိုက်စ်လန်မှသည် ဂရိနိုင်ငံအထိ ဥရောပသမဂ္ဂနှင့် ရှင်ဂန်ခရီးသွားများအတွက် ကန့်သတ်ချက်များကို ဇွန် ၁၅ ရက်မှစပြီး ဖြေလျှော့ပေးမည်ဖြစ်သော်လည်း လူ သန်း ၄၂၀ နေထိုင်သည့် ရှန်ဂန်ဒေသကို လွတ်လွတ်လပ်လပ် ခရီးသွားလာမှုများ ရရှိဦးမည်မဟုတ်ပေ။

စပိန်နိုင်ငံသည် ဇွန် ၂၁ ရက်မှသာ ခရီးသွားကန့်သတ်ချက်များကို ရုပ်သိမ်းပြီး ဥရောပသမဂ္ဂနိုင်ငံများနှင့် လွတ်လပ်စွာခရီးသွားလာခွင့်များကို ပြန်လည်စတင်မည်ဖြစ်သော်လည်း ပေါ်တူဂီနှင့် ထိစပ်နေသည့် နယ်စပ်ဒေသကို ဇူလိုင် ၁ ရက်အထိ ပိတ်ပင်ထားဦးမည်ဖြစ်သည်။ သို့သော်အရေးပါသည့် ခရီးသွားကဏ္ဍ ပြန်လည်ဖော်ထုတ်ရန် စမ်းသပ်စီမံကိန်းတစ်ခုအဖြစ် စပိန်ရှိ Balearic ကျွန်းစုတွင် ဇွန် ၁၅ ရက်မှစပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားသားခရီးသွားများကို လက်ခံသွားမည်ဖြစ်သည်။

ဂရိတွင် ဥရောပသမဂ္ဂ ရှစ်နိုင်ငံရှိ လေဆိပ်များမှ ရောက်ရှိလာသူများကို ရောဂါခြေချုပ် ထားရှိမည်ဖြစ်သည်။ ချက်သမ္မတနိုင်ငံသည် အချက်ပြမီးစနစ်တစ်ခုထားရှိခဲ့ပြီး ပေါ်တူဂီနှင့် ဆွီဒင်ကဲ့သို့သော အဝါရောင် (သို့မဟုတ်) အနီရောင်အဆင့်ရှိသည့် နိုင်ငံများမှ ခရီးသွားများဝင်ရောက်မှုကို ပိတ်ပင်ထားသည်။

ဒိန်းမတ်နိုင်ငံသည် အိုက်စ်လန်၊ ဂျာမနီနှင့် နော်ဝေနိုင်ငံတို့မှ ခရီးသွားများကို လက်ခံမည်ဖြစ်ပြီး လက်ရှိအခြေအနေအရ အနည်းဆုံး ခြောက်ညနေထိုင်ရန် ကြိုတင်စာရင်းပေးရမည်ဖြစ်သည်။

ဗြိတိန်တွင် ခရီးသွားများကို ရောဂါခြေချုပ် သီတင်းနှစ်ပတ်ကြာ ထားရှိမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသားများသည်လည်း ပြင်သစ်နိုင်ငံတွင် အလားတူကန့်သတ်ချက်နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းမဖြစ်မီ ဥရောပသမဂ္ဂနယ်စပ်အတွင်း နေ့စဉ် ဖြတ်ကျော်သွားလာနေသူ ပျမ်းမျှ ၃.၅ သန်းခန့်ရှိပြီး ၁.၇ သန်းခန့်သည် အလုပ်အတွက် သွားလာနေသူများဖြစ်ကြောင်း ဥရောပပါလီမန်က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ကန့်သတ်ချက်များ ဆက်လက်ထားရှိခြင်းနှင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများသည် ခရီးသွားကဏ္ဍနှင့် စီးပွားရေးဆိုင်ရာခရီးသွားလာမှုများကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ခန့်မှန်းထားသည်။ 

ဘရပ်ဆဲလ်လေဆိပ်တွင် ပြန်လည်ဖွင်လှစ်သည့် ပထမနေ့တွင် လေယာဉ်ခရီးစဉ် ၆၀ ခန့် လည်ပတ်မည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ပုံမှန်ခရီးစဉ် ၆၀၀ ၏ ၁၀ ရာခိုင်နှုန်းသာ လည်ပတ်ဦးမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံးကြုံတွေ့သည့် နိုင်ငံများထဲတွင် ပါဝင်သည့် အီတလီနိုင်ငံသည် နယ်စပ်များကို ဇွန် ၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဥရောပအတွင်းမှ ခရီးသွားများအတွက် ကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးခဲ့သည်။

ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ လက်ဗီးယား၊ အက်စ်တိုးနီးယား၊ ဆလိုဗက်ကီးယားနှင့် ဆလိုဗီနီးယားနိုင်ငံတို့သည်လည်း နိုင်ငံခြားသားများအတွက် ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့သည်။  သို့သော် ဆွီဒင်နှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံများမှ နိုင်ငံသားများသည် ဖြေလျှော့ပေးမှုတွင် မပါဝင်ခဲ့ပေ။ ပိုလန်နိုင်ငံသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံးအတွက် နယ်စပ်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။

Most Read

Most Recent