နိုင်ငံတော်သီချင်းသီဆိုစဉ် မတ်တတ်မရပ်ဘဲ ဒူးတစ်ဖက်ထောက်ပါက NFL နှင့် ဘောလုံးပွဲများကိုကြည့်ရှုတော့မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတိပေး

နိုင်ငံတော်သီချင်းသီဆိုစဉ် မတ်တတ်မရပ်ဘဲ ဒူးတစ်ဖက်ထောက်ပါက NFL နှင့် ဘောလုံးပွဲများကိုကြည့်ရှုတော့မည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သတိပေး
Published 15 June 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုင်ငံတော်သီချင်းသီဆိုစဉ် မတ်တတ်မရပ်ဘဲ ဒူးတစ်ဖက်ထောက်၍ ဆန္ဒထုတ်ဖော်မှုပြုလုပ်ပါက NFL နှင့် ဘောလုံးပွဲများကို ကြည့်ရှု တော့မည်မဟုတ်ကြောင်း သတိပေးပြောကြားသည်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ် (USSF) က နိုင်ငံတစ်ဝန်းနှင့် နိုင်ငံအများအပြားတွင် ပြုလုပ်နေသည့် Black Lives Matter  လှုပ်ရှားမှုကို ထောက်ခံသည့်အနေဖြင့် နိုင်ငံတော်သီချင်းသီဆိုစဉ် ဒူးမထောက်ရန် တားမြစ်ချက်ကိုပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ကြေညာခဲ့သည်။ ဖလော်ရီဒါရှိ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် မတ်ဂေးဇ်က USSF ၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ''နိုင်ငံတော်သီချင်းသီဆိုတဲ့အချိန် မတ်တတ်မရပ်ဘူးဆိုရင် အမေရိကန်အတွက် ဘောလုံးအသင်းရှိတာထက် မရှိတာက ပိုကောင်းဦးမယ်။ မတ်တတ်မရပ်ဘူးဆိုရင် ငါတို့ရဲ့ လက်ရွေးစင်အသင်း အလံအောက်မှာ ကစားခွင့်မရသင့်ဘူး''ဟု ဝေဖန်ရေးသားမှုကို ဒေါ်နယ်ထရန့်က ပြန်လည်မျှဝေ၍ သတိပေးခဲ့ခြင်းဖြစ်သည်။

''ပွဲတွေကို ထပ်ပြီးကြည့်တော့မှာမဟုတ်ဘူး။ ပြီးတော့ NFL ကလည်း ဒီပုံစံအတိုင်း ဦးတည်နေပုံပဲ။ ဒါပေမဲ့ ဆက်ကြည့်နေမှာ မဟုတ်ဘူး''ဟု ဒေါ်နယ်ထရန့်က ဇွန် ၁၃ ရက်တွင် Twitter မှတစ်ဆင့် ပြောကြားသည်။ထို့ပြင် ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် ရက်ပိုင်းကလည်း NFL ကော်မရှင်နာ ရော်ဂျာဂွတ်ဒဲလ်၏ ကြေညာချက်နှင့်ပတ်သက်၍လည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။ ရော်ဂျာဂွတ်ဒဲလ်က လူမျိုးရေးတန်းတူညီမျှမှုအတွက် ကစားသမားများ၏ ထုတ်ဖော်ပြောကြားမှုနှင့် မေ ၂၈ ရက်က မင်နီယာပိုလစ်တွင် သေဆုံးခဲ့သည့် လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်အတွက် ဆန္ဒထုတ်ဖော်ခြင်းကို အားပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သီချင်းသီဆိုစဉ် ဒူးထောက်သည့်ကစားသမားများအား အပြစ်ပေးသည့်စည်းမျဉ်းကိုလည်း ဖျက်သိမ်းမည်ဖြစ်ကြောင်း ဗီဒီယိုမက်ဆေ့ချ်မှတစ်ဆင့် ပြောကြားမှုကို ဒေါ်နယ်ထရန့်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။ NFL ကလပ် ၀ါရှင်တန်ရက် စကင်၊ ကလိဗ်လန်းဘရောင်း၊ ဟူစတန်တက်ဆန်အသင်းတို့မှ ကစားသမားနှင့် နည်းပြများကလည်း ယခုရာသီပွဲစဉ်များတွင် ဒူးတစ်ဖက်ထောက်သည့်လှုပ်ရှားမှု ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြောကြားထားသည်။

ရှော်လ်ကေးအသင်း၏ အမေရိကန်လက်ရွေးစင်ကွင်းလယ်လူ မက်ကန်နီးကမူ ဒေါ်နယ်ထရန့်မှာ လူမျိုးရေးခွဲခြားသူတစ်ဦးဖြစ်ကြောင်း မကြာသေးမီက ဝေဖန်ပြောကြားခဲ့သည်။ ''ကျွန်တော့်အမြင်ပြောရရင် သူ့ကို လူမျိုးရေးခွဲခြားသူလို့ ခေါ်နိုင်တယ်။ ထရန့်က သမ္မတဖြစ်သင့်တဲ့လူလို့ ကျွန်တော် မထင်ပါဘူး။ သူ့အနေနဲ့ တစ်နိုင်ငံလုံးအတွက် တာဝန် ရှိတယ်ဆိုတာကို သိတယ်လို့လည်း မထင်ပါဘူး။ ကျွန်တော်ကတော့ သူ့ကို တစ်ခါမှ မထောက်ခံဖူးပါဘူး''ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent