သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးနှင့် လွဲနေဆဲ ဆုံမှတ်များ

သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးနှင့် လွဲနေဆဲ ဆုံမှတ်များ
ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တွေ့ရစဉ်
Published 14 June 2020
ဆန်းမိုးထွန်း

မြန်မာနိုင်ငံတွင် “မုန့်လုံးစက္ကူကပ်၊ ဂျာအေး သူ့အမေရိုက်”ဆိုသည့် စကားရှိ သည်။ အဓိပ္ပာယ်မှာ ကိစ္စတစ်ခုကို လုပ်ဆောင်ရာတွင် ရှေ့မရောက်ဘဲ လုံးလည်ချာလည်လိုက်နေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူပြည်သားအားလုံး လိုလားတောင့်တလျက်ရှိသည့် တစ်ခုတည်းသောကိစ္စမှာ နှစ်ပေါင်း ၇၀ နီးပါး ရှည်ကြာနေပြီဖြစ်သည့် ပြည်တွင်းစစ်ရပ်တန့်ရေးပင်ဖြစ်သည်။

ထိုသို့ အားလုံးက လိုလားတောင့်တလျက်ရှိကြသော်လည်း လက်ရှိတွင် မြန်မာပြည်၏ ပြည်တွင်းစစ်ရပ်စဲရေးသည် ကမ်းမမြင် လမ်းမမြင် လမ်းပျောက်နေသကဲ့သို့ တစ်ဖက်နှင့် တစ်ဖက် “မုန့်လုံးစက္ကူကပ်၊ ဂျာအေးသူ့အမေရိုက်” နေကြသည့်အတွက် ရွာလည်နေဆဲဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပြောရမည်ဆိုလျှင် တစ်ဖက်နှင့် တစ်ဖက် နီးလျက်နှင့်ဝေးနေပြီး တွေ့လျက် နှင့် မဆုံကြခြင်းဟု ဆိုရမည်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်နှင့် လက်ရှိ  NLD အစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိခဲ့ သော်လည်း မြန်မာပြည်တွင် လက်နက်ကိုင် ပဋိပက္ခ မငြိမ်းချမ်းသေးသည့် ပြည်နယ်များ ရှိနေသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ လက်နက် ကိုင်ပဋိပက္ခများက နေ့စဉ်ရက်ဆက်မြင့်တက်နေပြီး ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်ဖြစ်ခဲ့သည့် စစ်ပွဲများမှာလည်း ကိုးနှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ထို့အတူ ရှမ်းမြောက်ဒေသတွင်လည်း လက်နက်ကိုင်ပဋိပက္ခများက ကြုံသလိုဖြစ်ပွားနေဆဲပင်။

အဆိုပါပြည်နယ်များတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ရခိုင်လက်နက် ကိုင်အဖွဲ့ (AA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့(MNDAA) တို့ ဖြစ်သည်။ ယင်းတိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များကို မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဟူ၍လည်း လူသိများသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့နှင့် အစိုးရအကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုး နိုင်ရေးနှင့်ပတ်သက်၍  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း ယနေ့အချိန်အထိ ရေးထိုးနိုင်ခြင်း မရှိသေးသည့်အပြင် ယင်းဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ များကလည်း ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။

 

■ မူဆယ်တွေ့ဆုံပွဲ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် KIO (ကချင်ပြည်လွတ်မြောက် ရေးအဖွဲ့)၊MNTJP (မြန်မာနိုင်ငံအမှန်တရား နှင့် တရားမျှတသောအမျိုးသားပါတီ)၊ PSLF (ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ချုပ်) တို့ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က မူဆယ်မြို့ရှိ မူ ဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန် သည်များအသင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ သည်။

ယင်းအစည်းအဝေးတွင်  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(Bilateral Ceasefire Agreement) မူကြမ်းအဆိုပြုချက်များကို ယခုကျင်းပသည့် အစည်းအဝေးတွင်မှ ပေးပို့လာသည့်အတွက် နှစ်ဖက် စလုံးအနေဖြင့် အသေးစိတ်ဆွေးနွေး၍ မရ ကြောင်း၊ သို့သော်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) တွင်ပါဝင်သည့် NCA စာချုပ် လက်မှတ်ရေးထိုးရန် ကတိကဝတ်၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စ ရပ်များ၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွား မည့် ကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွားစေရန် ဆောင်ရွက်မည့်နည်းလမ်းများ အပါအဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် အဆိုပြုမူကြမ်းတွင် တိတိကျကျ ထည့် သွင်းရန် လိုအပ်သည့်အချက်များ စသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်ကိစ္စရပ်များ ကို အပြန်အလှန်ဆွေးနွေးခဲ့သည်။

 

■ မိုင်းလားတွေ့ဆုံပွဲ

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (Nationwide Ceasefire Agreement-NCA) ရေးထိုးခြင်း မပြုရသေးသည့် KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့)၊ MNTJP (မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ)၊ PSLF (ပလောင် ပြည်နယ်လွတ်မြောက် ရေးတပ်ဦး) နှင့် ULA (ရခိုင်အမျိုးသားအဖွဲ့ ချုပ်) တို့ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားရှိ Orient Hotel တွင် တွေ့ဆုံခဲ့သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO၊ MNTJP ၊ PSLF၊ ULA တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် အစိုးရ၏အပစ်အခတ်ရပ်စဲရေး Bilateral မူကြမ်းနှင့် ပတ်သက်သည့် အဆိုပြုချက်များကို တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း လေးဖွဲ့ထံပေးအပ်ခဲ့ပြီး ဇူလိုင် ဒုတိယပတ် (သို့မဟုတ်)တတိယပတ် တွင် ပြန်လည်တွေ့ဆုံရန် ကမ်းလှမ်းခဲ့သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့တွေ့ဆုံမှုနှင့်ပတ်သက်၍ ဦးလှမောင်ရွှေက “ဒီနေ့တွေ့ဆုံမှုမှာတော့ ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့က ဒုတိယမူ ကြမ်းလို့ပြောလို့ရတဲ့ အစိုးရရဲ့အပစ်အခတ် ရပ်စဲရေး Bilateral မူကြမ်းနဲ့ပတ်သက်တဲ့ အဆိုပြုချက်တွေ ပေးအပ်ခဲ့တာရှိပါတယ်။ သက်ဆိုင်ရာ လေးဖွဲ့ကလည်း သူတို့ပြောကြား လိုတဲ့ကိစ္စတွေကို ပြောကြားခဲ့တာ ရှိပါတယ်” ဟု ပြောကြားသည်။

ထို့နောက် MNTJP ၊ ULA နှင့်  PSLF တို့က အဆိုပြုချက်များကို ပေးအပ်ခဲ့ကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အနေဖြင့် ပေးပို့ လာသည့် အဆိုပြုမူကြမ်းများအပေါ် ပြင်ဆင် အဆိုပြုချက်များ ပြန်လည်ပေးပို့၍ နှစ်ဖက် ဆက်လက်ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊  နှစ် ဖက်အဆိုပြုချက်များရရှိပါက မေလအတွင်း ပြန်လည်တွေ့ဆုံ၍ အသေးစိတ်ဆွေးနွေးကြ မည်ဖြစ်ကြောင်း၊ တွေ့ဆုံမည်နေ့ရက်နှင့် နေ ရာတို့ကို နှစ်ဖက်ပြန် လည်ညှိနှိုင်းကြမည်ဖြစ် ကြောင်း သဘောတူညီခဲ့ကြသည်။

 

■ ပထမအကြိမ် ကျိုင်းတုံတွေ့ဆုံပွဲ

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် မြောက် ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကိုယ်စား လှယ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ကိုယ်စားလှယ်များအနေဖြင့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်များနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် မူဆယ်မြို့နှင့် ဇွန် ၃၀ ရက်တွင် မိုင်းလားမြို့တို့ ၌တွေ့ဆုံခဲ့ကြပြီး ယခုတွေ့ဆုံမှုသည် သုံး ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

ယင်းဆွေးနွေးပွဲ၌ အစိုးရကိုယ်စားလှယ် များဘက်က လက်ရှိတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေးကို ဆွေးနွေးရာတွင် ပြည်ထောင်စုလမ်းမကြီး ကို ပိတ်ဆို့ရန်ကြိုးပမ်းနေမှုများ၊ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် အရပ်ဘက်ပစ် မှတ်များကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများ၊ လမ်း-တံတားများကို ဖျက်ဆီးတိုက်ခိုက်နေမှုများကြောင့် ပြည်သူများ၏ စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကြုံနေရခြင်းတို့ကို အမြန် ဆုံးရပ်တန့်နိုင်ရန်အတွက် ဆွေးနွေးခဲ့သည်။

ထို့ပြင် နှစ်ဖက်ကိုယ်စားလှယ်များ ဆက် လက်ဆွေးနွေးရာတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA)  လက်မှတ်ရေးထိုးရန်အတွက် ကျန်ရှိနေသေး သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါဝင်လာနိုင်ရေးကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) အဆိုပြုချက်များတွင်ပါဝင်သည့် တပ်နေရာ ချထားရေး ကိစ္စရပ်များနှင့် တိုက်ပွဲများထပ်မံ မဖြစ်ပွားစေရေး ကိစ္စရပ်များ၊ နေရပ်စွန့်ခွာရသူ IDP များအရေးကိစ္စရပ်များ၊ (Bilateral Ceasefire Agreement-BCA) လက်မှတ် ရေးထိုးရေးကိစ္စ၊ လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်မည့် အဆင့်များနှင့် အထွေထွေကိစ္စရပ်များ ပါဝင်ခဲ့သည်။

ယင်းတွေ့ဆုံဆွေးနွေးမှုများနှင့်ပတ် သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက  “နှစ်ဖက် ဘယ်လိုဆက်သွားမလဲ။ ပထမဆုံး ကတော့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်နိုင်ရေး ဆွေးနွေးပါတယ်။ နံပါတ် (၂) အနေနဲ့ ပြည်သူတွေ အခုလို ဒုက္ခရောက်နေတဲ့ အနေအထားမှာ ခိုင်မာတဲ့ သဘောတူညီချက်ရဖို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာ ဆွေးနွေးပါတယ်။ မိုင်းလားဆွေးနွေးပွဲ မှာ အစိုးရရဲ့အဆိုပြုချက်ကို ကျွန်တော်တို့ ပေးခဲ့သလို ဒီနေ့မှာ မြောက်ပိုင်းလေးဖွဲ့ ရဲ့ အဆိုပြုချက်တွေ ကျွန်တော်တို့ကို ပြန်ပေးပါ တယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့က အစိုးရ ရဲ့သဘောထားကို တစ်ချက်ချင်း ပြန်လည် ဆွေးနွေးပါတယ်။ ယေဘုယျအားဖြင့် တော် တော်များများလက်ခံပြီး ကျန်တဲ့အပိုင်းတွေကို အသေးစိတ်ဆက်ပြီး ဆွေးနွေးဖို့ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုအပြီးတွင် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး အချက် ခြောက်ချက် ပါရှိခဲ့သည်။ ယင်းအချက်ခြောက် ချက်တွင် ထူးခြားသည့် အချက်အဖြစ် တပ်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ၊ တိုက်ပွဲ များမဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆို သည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ တပ် မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် ဆွေးနွေးရန် သဘောတူညီခဲ့သည့်အချက် လည်း ပါဝင်ခဲ့သည်။

“တပ်ကိုယ်စားလှယ်ကတော့ ကျွန် တော်တို့ အခုဆွေးနွေးမယ့်အပိုင်းမှာသဘော တူထားတယ်။ နောက်ဆွေးနွေးတဲ့အခါ တပ် နေရာချထားရေး ကိစ္စရပ်တွေ၊ တိုက်ပွဲမဖြစ် ပွားရေးကိစ္စရပ်တွေအတွက် ဘယ်လိုစည်း မျဉ်း စည်းကမ်းတွေထားမယ်ဆိုတာ ပါပါ တယ်”ဟု ဦးဇော်ဋ္ဌေးက ရှင်းလင်းပြောကြား သည်။

 

■ ဒုတိယအကြိမ် ကျိုင်းတုံတွေ့ဆုံပွဲ

NRPC ကိုယ်စားလှယ်အဖွဲ့နှင့် မြောက် ပိုင်းမဟာမိတ်လေးဖွဲ့တို့သည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီ ချက် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးနှင့်ပတ်သက်၍ အစည်းအဝေး ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံမှုတွင် ထူးခြားချက်အဖြစ် NRPC ကိုယ်စားလှယ်အဖွဲ့အပြင် တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်၍ မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် နှစ်ဖက် အဆိုပြုထားသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် စာချုပ်မူကြမ်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးဆွေးမှုအပြီးတွင် အချက်ခုနစ်ချက်ပါသည့် အစည်းအဝေးမှတ်တမ်းကို နှစ်ဖက်ကိုယ်စားလှယ်ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

“ဒီကနေ့ ဆွေးနွေးပွဲမှာ ကျွန်တော်တို့ သဘောတူညီချက် ခုနစ်ချက် ရပါတယ်။ အဲဒီ ခုနစ်ချက်ကတော့ အကြမ်းဖျင်းပေါ့နော်။ အသေးစိတ်တော့ ကျွန်တော်တို့ ပြောဖို့မရှိပါ ဘူး။ အကြမ်းဖျင်းကတော့ Bilateral Ceasefire Agreement)လက်မှတ်ရေးထိုးဖို့၊ နောက်တစ်ခုကတော့ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အနေအထားတွေ အဲဒါတွေကို လုံးဝချုပ်ငြိမ်းသွားအောင် ကျွန်တော်တို့ ဘယ်လိုသွားမလဲဆိုတာတွေ ကျွန်တော်တို့ ဆွေးနွေးတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ IDP ပေါ့နော်။ နေရပ်စွန့်ခွာ သူတွေကိစ္စ။ အဲဒါတွေကို ကျွန်တော်တို့ ဘယ် လိုပုံစံနဲ့ ဆွေးနွေးမလဲဆိုတာကို ကျွန်တော် တို့ သဘောတူညီချက်ရတယ်။ နောက်တစ်ခု ကတော့ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စ ရပ်တွေ၊ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားဖို့ ဘယ် လိုဆောင်ရွက်မလဲဆိုတဲ့ နှစ်ဖက်လိုက်နာ ရမယ့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် တွေနဲ့ပတ်သက်ပြီးတော့ တပ်မတော်ကိုယ် စားလှယ်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးမယ်ဆို တာကို သူတို့သဘောတူပါတယ်”ဟု ဦးဇော် ဌေးက ပြောကြားသည်။

ထို့ပြင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေ ရေးအတွက် ထိန်းသိမ်းရန်၊ လိုအပ်သော လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက် သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထားရှိ ရေးကိစ္စကို နှစ်ဖက်သဘောတူညီခဲ့သကဲ့သို့ ယုံကြည်မှုတည်ဆောက်ရေးအတွက် နှစ်ဖက် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် အရေးယူခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍လည်း နှစ်ဖက်သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

သို့သော် ယခုတွေ့ဆုံဆွေးနွေးပွဲရလဒ် သည် သြဂုတ် ၃၁ ရက်က ပြုလုပ်ခဲ့သည့်ဆွေး နွေးပွဲရလဒ်နှင့် သိပ်မကွာကြောင်း တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော် က ပြောကြားသည်။

AA လက်နက်ကိုင်အဖွဲ့ ဒုတိယစစ်ဦးစီး ချုပ် ဒေါက်တာညိုထွန်းအောင်က “နားလည် မှုလွဲတဲ့အပိုင်းမှာကတော့ ဥပမာ ကျွန်တော် တို့ လေးဖွဲ့အနေနဲ့ဆိုရင် ဒီ Bilateral ကို လေးဖွဲ့စလုံး တစ်ပြိုင်နက်တည်း တစ်နေရာ တည်းမှာ စာရွက်တစ်ရွက်ပေါ်မှာ ထိုးမယ်။ ပြီးရင် အဲဒီနောက်ပိုင်းမှာ ဆွေးနွေးတဲ့အချိန် ကျလို့ရှိရင်လည်း လေးဖွဲ့အနေနဲ့ ဆွေးနွေး မယ်။ ဒီမြန်မာ့တပ်မတော်ဘက်ကကျတော့ သူတို့ရဲ့သဘောထားက တစ်ဖွဲ့ချင်းအနေနဲ့ ဆွေးနွေးမယ်။ ကျွန်တော်တို့ကျတော့ တစ်ဖွဲ့ ချင်းဆွေးနွေးတာကျတော့ တပ်မတော်နဲ့ AA ဆွေးနွေးမယ်။ ကိုးကန့်နဲ့ တပ်မတော် ဆွေးနွေးမယ်။ ပြီးရင် တစ်ခါတစ်ခါလိုအပ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့လေးဖွဲ့နဲ့ တပ် မတော်နဲ့ ဆွေးနွေးမယ်။ NRPC နဲ့ ဆွေး နွေးမယ်။ အဲဒီလိုမျိုး ဆွေးနွေးဖို့ဘက်မှာ ဘယ်သူတွေပါမလဲဆိုတဲ့ ဟာမျိုးတွေမှာ နည်းနည်းလေးနားလည်မှုလွဲကြတာပါ”ဟု ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုး ရန် အတိအကျအဖြေမရသေးဘဲ အောက်တို ဘာလအတွင်း ပြန်လည်တွေ့ဆုံဆွေးနွေး မည်ဖြစ်သည်။

 

■ နေရာအခက်အခဲ

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့တို့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော  တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း နှစ်ဖက် အကြား တွေ့ဆုံဆွေးနွေးပွဲများမှာ ရပ်တန့်ခဲ့ သည်။

ထိုသို့ရပ်တန့်ရခြင်း၏ အဓိကအကြောင်း ခြင်းရာထဲတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံရန် နေရာကို အဆိုပြုရာ၌ သဘောထားကွဲလွဲမှု များရှိခဲ့သည့် အကြောင်းအရာကလည်း ပါ ဝင်သည်။

ကျိုင်းတုံမြို့နှင့် မြစ်ကြီးနားမြို့တွင် တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ရန် အစိုးရဘက်က အဆို ပြုထားသော်လည်း မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့(KIA)၊ ကိုး ကန့်အဖွဲ့ (MNDAA) ၊ တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့(AA) တို့က တရုတ် နိုင်ငံတွင် ပြုလုပ်လိုသည့်အတွက် တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရန် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက မတ်လတွင် ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့တို့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့ တွေ့ဆုံဆွေး နွေးရာတွင် နောက်တစ်ကြိမ် တွေ့ဆုံပွဲကို တရုတ်နိုင်ငံတွင်ပြုလုပ်ရန် နှစ်ဖက်သဘော တူထားခြင်းဖြစ်သည်ဟု တွေ့ဆုံပွဲဖြစ်မြောက် ရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေသည့် PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ကူမင်းမြို့တွင်ပြုလုပ်ခဲ့သော အလွတ် သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ သဘောတူညီမှုရခဲ့သော်လည်း နှစ်ဖက်တွေ့ ဆုံပွဲ ပြန်လည်ပြုလုပ်ရန်စီစဉ်ရာတွင် တရုတ် နှစ်သစ်ကူးကာလနှင့် တိုက်ဆိုင်နေသဖြင့် တွေ့ဆုံပွဲအား ယာယီရွှေ့ဆိုင်းခဲ့သကဲ့သို့ နောက်ပိုင်းတွင်လည်း တရုတ်နိုင်ငံအတွင်း COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် တွေ့ ဆုံပွဲအား ပြန်လည်ရွှေ့ဆိုင်းခဲ့ရသည်။

“မြောက်ပိုင်းလေးဖွဲ့ကတော့ တရုတ် ပြည်မှာပဲ ပြန်လုပ်ဖို့ အဆိုပြုတာရှိတယ်။ အစိုးရဘက်ကတော့ ဒီမြို့ပေါ်မှာလုပ်မယ် ဆိုပြီး ပြောတဲ့အပေါ်မှာ အခုအချိန်ထိတော့ ဘယ်မှာလုပ်မယ်ဆိုတာ တိတိကျကျ မသိရ သေးဘူး။ ညှိနှိုင်းဆဲပဲ ရှိသေးတယ်” ဟု ဦးလ မိုင်ဂွန်ဂျာက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ် တော်တွင် ယခုနှစ် မတ် ၁၃ ရက်က သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ တို့၏ တွေ့ဆုံဆွေးနွေးပွဲအား ကျိုင်းတုံနှင့် မြစ်ကြီးနားတွင်ပြုလုပ်ရန် အဆိုပြုထား ကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့လည်း ဒီဘက်မှာ ညှိနှိုင်း နေတာတော့ရှိတယ်။ ဒါ သူတို့ အစိုးရ NRPC ကနေပြီးတော့ မြစ်ကြီးနား၊ ကျိုင်းတုံမှာလုပ်ဖို့ အတွက်ဆိုပြီးမှ သူတို့ ကမ်းလှမ်းထားတာ၊ သူတို့ ညှိနှိုင်းထားတာ ရှိတယ်။ အဲဒီအပေါ် မှာကိုပဲ မြောက်ပိုင်းအဖွဲ့ကို ပြန်ဆွေးနွေးတဲ့ အခါမှာ သူတို့ကလည်း အခုအချိန်မှာ လတ် တလောအခြေအနေအရပေါ့လေ။ လုံခြုံရေး အခြေအနေအရသော်လည်းကောင်း၊ ကျန်း မာရေး အခုဆို ဝူဟန်ကိစ္စကလည်းရှိတော့ ဒီဘက်မှာလာလို့ကတော့ သိပ်အဆင်မပြေ နိုင်ဘူးဆိုပြီး ပြန်ပြောထားတာ ရှိတယ်” ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် (Bilateral Ceasefire Agreement) လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငါးကြိမ် တိုင် တွေ့ဆုံဆွေးနွေးထားသော်လည်း ပြေ လည်မှုမရှိသေးသည့်အတွက် ဆက်လက် ညှိနှိုင်းနေရဆဲဖြစ်သည်။

တွေ့ဆုံဆွေးနွေးမှုအပိုင်းတွင် ရပ်တန့် ခဲ့သည့်အပြင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခများက ပိုမိုကျယ်လောင်လာသည့် အတွက်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) သည် ရွှေပြည်တော်မျှော်တိုင်း ဝေးခဲ့သည်။

ယင်းအချိန်ကာလအပိုင်းအခြားအ တွင်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နှင့် တပ်မ တော် အကြား လက်နက်ကိုင်ပဋိပက္ခထိတွေ့မှု တိတ်ဆိတ်ခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA) အကြား လက် နက်ကိုင်ပဋိပက္ခကြီးမားခဲ့ပြီး တိုက်ပွဲဧရိယာ မှာလည်း ကျယ်ပြန့်လာသည်။ ထို့ပြင် ရှမ်း ပြည်မြောက်ပိုင်းတွင်လည်း တပ်မတော်နှင့် တအာင်းလက်နက်ကိုင်အဖွဲ့ကြား လက်နက် ကိုင်ပဋိပက္ခများက ဆက်လက်ဖြစ်ပွားခဲ့ သည်။

 

■ ဘာကြောင့် ရွှေ့ဆိုင်းနေတာလဲ

အစိုးရနှင့် တပ်မတော်က မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းသော်လည်း တုံ့ပြန်မှုမရှိဘဲ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ယခုနှစ် မေ ၁၆ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့ အစိုးရရယ်၊ တပ်မတော် ရယ်က Bilateral Ceasefire Agreement ကို လိုလိုလားလားဖြစ်လို့မို့လို့ နောက်ဆုံး ကျွန်တော်တို့ အစိုးရဘက်ကဆိုရင် ရှေ့ နေ ချုပ်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင် အတွင်း ရေးမှူး ကိုယ်တိုင်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ပါတယ်။ အဲဒီလောက်အထိ အစိုးရ နဲ့ တပ်မတော်ဘက်က လမ်းဖွင့်ပေးခဲ့တာပါ။ ကျိုင်းတုံမှာပဲ ထိုးမယ်။ ဘယ်နှရက်စောင့်ရ မလဲ။ သုံးရက်စောင့်ရမလား။ လေးရက်စောင့် ရမလား။ ဒါပေမဲ့ ဟိုဘက်လာတာက No  လို့ လာတာ။ ဟုတ်ပြီ။ အဲဒီအပိုင်းမှာ ကျွန်တော် တို့ မလျှော့သေးဘူး။ တရားဝင်အစည်းအဝေး တွေ သွားလို့မရသေးဘူး။ ဒီအတိုင်းဆိုရင် တော့ အဲဒါဆိုရင် အလွတ်သဘောဆွေးနွေး ပြီးမှ Ceasefire ကို လုပ်အောင်လုပ်မှရမယ် ဆိုပြီးတော့ တရုတ်နိုင်ငံမှာ ညှိတယ်။ ညှိပြီး တော့ အမြန်ဆုံးပြန်တွေ့မယ်ဆိုပြီးတော့ သဘောတူခဲ့တယ်။ ကံမကောင်း၊ အကြောင်း မလှစွာနဲ့ COVID-19 တရုတ်မှာ ဖြစ်တယ်။ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ မြောက်ပိုင်း လေးဖွဲ့ကို ဘာပြောလဲဆိုတော့ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ WHO ကလည်း Global Pandemic မကြေညာရသေးဘူးဆိုတော့ ကျွန်တော်တို့ အစိုးရ အဆိုပြုတာ ကျိုင်းတုံ၊ မြစ်ကြီးနား အဆိုပြုတယ်။ ဆွေးနွေးမယ်။ မြစ်ကြီးနားဆိုရင် လိုင်ဇာကနေ နေ့ချင်းပြန် လာလို့ရတယ်။ အဲဒီလေးဖွဲ့ မြစ်ကြီးနားမှာ တွေ့မယ်။ ဟိုဘက်က ကျိုင်းတုံဆိုရင် သူတို့ လာရတာ အခက်အခဲရှိတယ်ဆိုရင် KIA ဌာနချုပ်ကနေ နေ့ချင်းပြန်ဆင်း နေ့ချင်းပြန် တက်လို့ရတယ်။ မြစ်ကြီးနားကို ဖိတ်ခေါ် တယ်။ မြစ်ကြီးနားမှာ မတွေ့ချင်ဘူးဆိုရင် မူလတွေ့နေကျ ကျိုင်းတုံမှာတွေ့မယ်ဆိုပြီး ကမ်းလှမ်းတယ်။ ဒါပေမဲ့ အဆင်မပြေဘူး ဆိုပြီး ပြန်လာတယ်” ဟု ဦးဇော်ဌေးက ပြော ကြားသည်။

ထို့နောက် မြောက်ပိုင်းလေးဖွဲ့အား မည်သည့်နေရာတွင် တွေ့ဆုံလိုကြောင်း မေး မြန်းရာတွင် ကိုရိုနာဗိုင်းရပ်ဖြစ်ပွား၍ မည် သူမျှ သွားလာမရသည့် တရုတ်နိုင်ငံ၏ တစ် နေရာကို ဖိတ်ခေါ်ခြင်းက စဉ်းစားရမည့်ကိစ္စ ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“ဘယ်မှာတွေ့ချင်လဲ မေးတယ်။ ဘယ် မှာတွေ့ချင်လဲဆိုတော့ တရုတ်နိုင်ငံထဲက တစ်နေရာတဲ့။ တရုတ်နိုင်ငံမှာ အဲဒီအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီ။ ဘယ်သူမှလည်း သွားလို့မရတော့ဘူး။ အဲဒီအချိန်မှာ သွားလို့ မရတဲ့နေရာကို ဖိတ်ခေါ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ ဆိုလိုတာက အစိုးရနဲ့ တပ်မ တော်က ဒီလောက်အထိ ကမ်းလှမ်းတယ်။ တောက်လျှောက်လည်း ပြည်တွင်းမှာ Social Distancing နဲ့ တွေ့ကြရအောင် ပြောတယ်။ ကျိုင်းတုံမှာ တွေ့မလား။ မြစ်ကြီးနားမှာ တွေ့ မလား။ လေးဖွဲ့လုံးကို ပြောနေတာဖြစ်တယ်။ သို့သော် No Respond ဖြစ်တယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးရာတွင် တစ်ဖက်တည်းက ပြောဆို၍မရကြောင်း၊ ငြိမ်းချမ်းရေး မလိုလားဘဲ အကြောင်းအမျိုးမျိုးပြ၍ ရွှေ့ဆိုင်းနေသည့် အနေအထားဖြစ်နေကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခနဲ့ ကြုံတွေ့လာတာ များပြီ။ အဲဒီ ကာလမှာလည်း နှစ်ဖက်လုံးလက်ခံတဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးဆိုတာ ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရေး ပြဿနာက နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ ငြိမ်းချမ်းရေး တံခါးကတော့ ဆက်ပြီးတော့ ဆွေးနွေးနေရ ဦးမယ်။ ငြိမ်းချမ်းရေးပြဿနာကိုတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားနေရဦးမယ်လို့ ကျွန်တော်တို့က လမ်းဖွင့်ထားတယ်။ သို့ သော်လည်း တစ်ဖက်က ဆန္ဒရှိမှရမယ်။ ငြိမ်း ချမ်းရေးဆွေးနွေးတယ်ဆိုတာ တစ်ဖက်တည်း က ပြောနေလို့မရဘူး။ လိုလားနေလို့မရဘူး။ တစ်ဖက်က ဘာမှမလိုလားဘဲနဲ့ တွေ့ဆုံဆွေး နွေးဖို့တောင် အကြောင်းအမျိုးမျိုးပြပြီးတော့ ရွှေ့ဆိုင်းနေတဲ့ အနေအထား။ အစိုးရနဲ့ တပ်မတော်က မြစ်ကြီးနားအထိ လာဖို့ကမ်း လှမ်းတဲ့အပေါ်မှာ မလာဘူးဆိုတဲ့သဘောက ငြိမ်းချမ်းရေးတကယ်လိုလားမှပဲ ဒီပြဿနာ တွေ ပြေလည်မယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ် ကာလအတွင်း မြောက်ပိုင်းလေးဖွဲ့အား အွန် လိုင်းဖြင့် ဆွေးနွေးမှုကို ကမ်းလှမ်းသော်လည်း မည်သည့်အကြောင်းပြန်ချက်မျှ လက်ခံရရှိ ခြင်းမရှိကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

“နိုင်ငံတကာကလည်း နားလည်ဖို့လိုတယ်။ အစိုးရနဲ့ တပ်မတော်ဘက်က တောက် လျှောက်တွေ့ဖို့ ဆက်သွယ်တယ်။ နောက်ဆုံး ဒီကာလမှာတွေ့ဖို့ ဘယ်လောက်အထိ ကျွန်တော်တို့ စဉ်းစားလဲဆိုတော့ အခုလိုမျိုး အွန်လိုင်းနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေလုပ် ဖို့ ဆွေးနွေးနေတယ်။ သို့သော်လည်းပဲ ဘာမှ Reply မလာဘူးဖြစ်နေတယ်။ အဲဒီကျတော့ ငြိမ်းချမ်းရေးကို ဘယ်လောက်အထိလိုလား သလဲဆိုတာ ဒီအပေါ်မှာ လက်နက်ကိုင်ပြီး တောင်းဆိုတဲ့ အနေအထားမှာ သူတို့ရဲ့ရည် မှန်းချက်တွေက တခြားတိုင်းရင်းသား အခွင့် အရေးအပြင် ဘာတွေရှိနေဆိုတာ စဉ်းစား ဖြစ်လာတာပေါ့နော်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

 

■ တပ်မတော် ယုံကြည်မှု

မြန်မာနိုင်ငံတွင် COVID-19  ရော ဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်း အတိုင်း နိုင်ငံတော်က အကြမ်းဖက်ဟု သတ် မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့ အစည်းများရှိသည့် နေရာများမှအပ ကျန် နယ်မြေများ၌ မေ ၁၀ ရက်မှ သြဂုတ် ၃၁ ရက်အထိ သုံးလ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက မေ ၉ ရက်တွင် ကြေညာခဲ့သည်။

တပ်မတော်က ကြေညာချက်ထုတ်ပြီး မကြာမီ ဇွန် ၁ ရက်တွင် နှစ်ဦးနှစ်ဖက် အပစ် အခတ်ရပ်စဲရန် တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က ကြေညာချက်ထုတ်ပြန်၍ တပ် မတော်ကို ကမ်းလှမ်းခဲ့ပြီး ယင်းထုတ်ပြန်ချက် အပေါ် တပ်မတော်အနေဖြင့် ယုံကြည်ရန်ခဲ ယဉ်းကြောင်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ တစ်ဖက် သတ်အပစ်အခတ်ရပ်စဲခြင်းအား ခြောက် ကြိမ်မြောက်အဖြစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက် အထိ သုံးလတာ ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဇွန် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန် ချက်တွင် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရန် တပ်မတော်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ညီနောင်မဟာမိတ်သုံးဖွဲ့ အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာချက်များ မကြာခဏထုတ် ပြန်နေသော်လည်း လက်တွေ့လုပ်ဆောင် ချက် တခြားစီသာဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မကြာသေးမီကာလကပင် TNLA အဖွဲ့ အနေဖြင့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တပ်မတော်အုပ်ချုပ်မှုယာဉ်တန်းအား တိုက် ခိုက်ခဲ့ပြီး AA အဖွဲ့ကလည်း ရသေ့တောင်မြို့ နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းကို ဝင် ရောက်တိုက်ခိုက်ခဲ့သည်။

“သူတို့အနေနဲ့ကတော့ ဒီဟာတွေသည် ပြောရမယ်ဆိုရင် ခွေးမြီးကောက် ကျည် တောက်စွပ်ပါပဲ။ ဒီအတိုင်းပဲ လုပ်နေတာပါပဲ။ ဒီအတိုင်းပဲ လုပ်နေတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့က ယုံကြည်ဖို့ တော်တော် ခဲယဉ်းတယ်လို့ပဲ ပြောချင်တယ်” ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော ရသေ့တောင်မြို့ နယ်အတွင်းရှိ သဇင်မြိုင်ရဲကင်းစခန်းသည် ၂၀၁၅ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း၌ ဘင်္ဂါလီ ပြဿနာများကြောင့် အသစ်ဖွင့်လှစ်ခဲ့သည့် ရဲကင်းစခန်းဖြစ်ပြီး ယင်းဒေသရှိ တိုင်းရင်း သားများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ ရေးအတွက် ဒေသခံများ၏ တောင်းဆိုမှုအရ ခွင့်ပြုပေးခဲ့သော ရဲကင်းစခန်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်အနေဖြင့်လည်း ညီနောင် မဟာမိတ်သုံးဖွဲ့နည်းတူ တစ်ဖက်သတ် အပစ် အခတ်ရပ်စဲခြင်းကို အကြိမ်ကြိမ် ကြေညာ နေသော်လည်း နှစ်ဖက်တိုက်ပွဲများမှာ မရပ် တန့်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေကာ ထိုသို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းသည် တပ်မတော်အနေဖြင့် ရခိုင်ဒေသအား ချန် လှပ်၍ AA အဖွဲ့အား ထိုးစစ်ဆင်နေသော ကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထား သည်။

ရခိုင်ဒေသအား အပစ်အခတ်မရပ်စဲ ခြင်းသည် အဆိုပါဒေသတွင် အကြမ်းဖက် အဖွဲ့အစည်းများ ရှိနေသောကြောင့်ဖြစ်ပြီး ယင်းကိစ္စသည် နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်းဖြစ်သည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောကြားသည်။

“နိုင်ငံတကာမှာလည်း မည်သည့်အကြမ်း ဖက်အဖွဲ့အစည်းကိုမှ ဒါအပစ်အခတ် ရပ်စဲ တာမျိုး မရှိဘူး။ နိုင်ငံတကာရဲ့ စံချိန်စံညွှန်း အတိုင်းပဲ ဖြစ်တယ်။ ကုလသမဂ္ဂအနေနဲ့ COVID-19 ကာလမှာ ဒီလက်နက်ကိုင် ပဋိပက္ခတွေ မဖြစ်ဖို့၊ ရပ်ဖို့ ပြောတယ်။ သို့ သော် အဲဒီအထဲမှာ ကျွန်တော်တို့ သိသ လောက်တော့ အမေရိကန်တွေက ISIS  နဲ့ သူတို့အကြမ်းဖက်ပြောထားတဲ့ တာလီဘန် တွေမပါဘူး။ လွန်ခဲ့တဲ့ တစ်ပတ်နှစ်ပတ် လောက်ကပဲ အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို အမေရိကန်က နှိမ်နင်းလိုက်တယ် ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့တာမျိုး ရှိတယ်။ ဒီအကြမ်းဖက်အဖြစ် မြန်မာနိုင်ငံမှာ သတ်မှတ်ထားတာ နှစ်ဖွဲ့ရှိတယ်။ ARSA ရယ်၊ AA ရယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ၌ ပါရှိသည့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အနေဖြင့် ရဲကင်းစခန်းများအား တိုက်ခိုက်ခြင်း၊ ရေယာဉ်များကိုတိုက်ခိုက်ခြင်း၊ ဝန်ကြီးချုပ်ယာဉ်တန်းကို တိုက်ခိုက်ခြင်း၊ အရပ်သားများအားဖမ်းဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းကြောင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သမ္မတရုံးက ကြေညာထားသည်။

 

■ လွဲနေဆဲ ဆုံမှတ်များ

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေး ဖွဲ့တို့ ဆွေးနွေးပွဲ ပြန်လည်စတင်ရန် အကြောင်းကြားထားသော်လည်း မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဘက်မှတုံ့ပြန်မှုမှာ အားရဖွယ်မရှိကြောင်း မေ ၃၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင် ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။  

အစိုးရအနေဖြင့်           Online Video Conferencing စနစ်ဖြင့် ဆွေးနွေးရန် PCG မှ တစ်ဆင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ထံ အဆိုပြုထားသော်လည်း မြောက်ပိုင်းမဟာ မိတ်လေးဖွဲ့ဘက်က မည်သည့်တုံ့ပြန်မှုမျှ မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့(PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးဖို့ အခြေအနေ မပေး သေးတဲ့အချိန်မှာ အွန်လိုင်းကပဲ ပြောကြ၊ ဆို ကြရင်တော့ ကောင်းမယ်လို့ ကျွန်တော်တို့က ဒီလိုပဲ မြင်ပါတယ်”ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်း တုံမြို့တွင် နောက်ဆုံးအကြိမ် တရားဝင်တွေ့ ဆုံဆွေးနွေးပွဲပြုလုပ်ထားပြီး ယင်းတွေ့ဆုံ မှုတွင် ဖေဖော်ဝါရီအတွင်း ထပ်မံတွေ့ဆုံရန် ညှိနှိုင်းထားသော်လည်း COVID-19 ရောဂါကြောင့် တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်နိုင်ဘဲ အခြေအနေအား စောင့်ကြည့်နေရသည့် သဘောရှိသည်ဟု ၎င်းက ဆိုသည်။

 “အခုလောလောဆယ်ကတော့ ဘာမှ တိတိကျကျပြောလာတာ မရှိသေးပါဘူး။ သူကတော့ ကျွန်တော်တို့ကို ပြောတာရှိပါတယ်။ ကျိုင်းတုံနဲ့ မြစ်ကြီးနားဆိုတာမျိုး။ ကျွန်တော် တို့လည်း ဟိုဘက်ကိုတော့ တင်ပြထားတယ်။ တင်ပြထားတဲ့အပေါ်မှာ သူတို့ဘက်က ဘာမှ တုံ့ပြန်လာတာ မရှိသေးဘူး။ အွန်လိုင်းကနေ ဆွေးနွေးတာလည်း ပြောထားတယ်။ သူတို့ ဘက်က ဘာမှပြန်မပြောသေးတာ” ဟု ဦးလ မိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေး ဖွဲ့အကြားတွင် တွေ့ဆုံဆွေးနွေးမှုသည် ၂၀၁၉ နှစ်ကုန်ပိုင်းအပြီးတွင် ရပ်တန့်ခဲ့သည်။

အစိုးရ၏ သတင်းစာရှင်းလင်းပွဲများ တွင် တရားဝင်ပြောကြားချက်များအရ တွေ့ ဆုံဆွေးနွေးရန် အစိုးရနှင့် တပ်မတော်ဘက် က မြောက်ပိုင်မဟာမိတ်လေးဖွဲ့ထံ တရားဝင် ကမ်းလှမ်းမှုများရှိခဲ့သော်လည်း မြောက်ပိုင်း မဟာမိတ်လေးဖွဲ့ဘက်မှ ပြန်လည်တုံ့ပြန်မှု များမရှိခဲ့သလို အကြောင်းပြန်ရာတွင် တရုတ် နိုင်ငံတွင်သာ တွေ့ဆုံလိုခြင်းက နှစ်ဖက်ညှိ မရနိုင်သည့် အဖုအထစ်အဖြစ် ရှိနေသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) က ရဲကင်းစခန်းများအား တိုက်ခိုက်ခြင်း၊ ရေ ယာဉ်များကို တိုက်ခိုက်ခြင်း၊ ဝန်ကြီးချုပ် ယာဉ်တန်းကို တိုက်ခိုက်ခြင်း၊ အရပ်သား များအား ဖမ်းဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေခြင်းကြောင့် တပ် မတော်နှင့် AA အဖွဲ့အကြား လက်နက်ကိုင် ပဋိပက္ခမှာ ပိုမိုကြီးထွားလာပြီး စစ်ရေးနယ် ပယ်မှာလည်း ကျယ်ပြန့်လာခဲ့သည်။

တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) အနေဖြင့်လည်း ရှမ်းပြည်နယ်တွင် တပ် မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် အတွက် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ ငြိမ်းချမ်းရေးသည် နီးလျက် ဝေးနေဆဲ အခြေ အနေတွင် ဖြစ်တည်လျက်ရှိသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန် ၆ ရက်နှင့် ၇ ရက်က ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ နယ်နှင့် ကွတ်ခိုင်မြို့နယ်အစပ်တွင် တပ်မ တော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

“လွန်ခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ကနဲ့ ၇ ရက် နေ့အထိ ကျွန်တော်တို့ KIA တပ်မဟာ(၆) လက်အောက်ခံဖြစ်တဲ့ တပ်ရင်း(၉) နယ်မြေ မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မြို့နယ်နဲ့ ပြောရ မယ်ဆိုရင်တော့ မူဆယ်မြို့နယ်ရဲ့ အရှေ့ ဘက်အစွန်းလောက်ကျမှာပါ။ ကွတ်ခိုင်နဲ့ မူ  ဆယ်မြို့အစပ်လောက် ကျမှာပေါ့။ အဲဒီနေ ရာက ကျွန်တော်တို့ KIA ရဲ့ တပ်ရင်း (၉) နယ်မြေ ဖြစ်ပါတယ်”ဟု KIA ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြား သည်။

အဆိုပါနယ်မြေသို့ တပ်မတော်စစ် ကြောင်းက တိုးဝင်လာသည့်အတွက် တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း ၎င်းင်းက ဆိုသည်။

နမ့်ဖတ်ကာရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာတွင် ဇွန် ၇ ရက်က တပ်မတော်စစ်ကြောင်းနှင့် KIA တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် နံနက်ပိုင်း၌ KIA အင်အား ၁၅ ဦးခန့်နှင့်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မွန်းလွဲပိုင်းတွင် အင်အား ၆၀ ခန့်နှင့်  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဓိကဖြစ်ပွားရတဲ့ အကြောင်းရင်းက တော့ ဒီရှမ်းမြောက်ဘက်မှာ နယ်မြေကျော် လွန်လာတဲ့အတွက် ဖြစ်ပွားရခြင်းဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း အဲဒီဘက်မှာ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ တာ ရှိတယ်။ အဲဒီဘက်မှာဖြစ်ခဲ့တာ ဖြစ် တယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြော ကြားသည်။

နှစ်ရက်ဆက်ဖြစ်ပွားခဲ့သော တိုက်ပွဲ တွင် ဇွန် ၆ ရက်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ပြင်းထန်မှုသိပ်မရှိဘဲ ဇွန် ၇ ရက်၌ ဖြစ်ပွား ခဲ့သော တိုက်ပွဲတွင်မူ အနည်းငယ်ပြင်းထန်ခဲ့ ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောကြား သည်။

၁၉၉၃၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်တို့တွင် တပ်မတော်နှင့် KIA အကြား ဆွေးနွေး သဘောတူညီထားမှုများရှိခဲ့ပြီး ယင်းသဘော တူညီချက်များတွင် နယ်မြေသတ်မှတ်ချက် များလည်းပါဝင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဆိုသည်။

“ကျွန်တော်တို့ ပြောချင်တာကတော့ သဘောတူညီချက်တွေရှိတယ်။ အဲဒီ သဘော တူညီချက်တွေအတိုင်း လိုက်နာဖို့လိုတယ်။ သဘောတူညီချက်တွေနဲ့ မဆိုင်တဲ့နယ်မြေမှာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်ရခြင်းလို့ပဲ ပြောချင်ပါတယ်”ဟု ၎င်းင်းက ပြောကြားသည်။

၂၀၁၉ ခုနှစ်တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲဖြစ်ပွားမှု ကြီးကြီးမားမား မရှိခဲ့ဘဲ ယခုဖြစ်စဉ်သည် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ထိတွေ့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့အခြေအနေ၊ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အခြေအ နေကို ကြည့်မည်ဆိုပါက ငြိမ်းချမ်းရေးဖြစ် စဉ်သည် တစ်ဖက်နှင့်တစ်ဖက် လွဲချော်နေဆဲ ပင် ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေး စားပွဲ၌ တွေ့ဆုံဆွေးနွေးရန် အစိုးရနှင့် တပ်မတော်က ကမ်းလှမ်းမှုများ ပြုလုပ်ထားသော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ သဘောထားမှာ တုံ့ပြန်မှုအားနည်းသည့်အတွက် ၎င်းအဖွဲ့များနှင့်သက်ဆိုင်ရာ နယ်မြေများတွင် စစ်ရေးပဋိပက္ခများက ပိုမိုပြင်းထန်လာခဲ့သည်။

ယင်းအခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ တွေ့ဆုံဆွေး နွေးညှိနှိုင်းမှုများသည် လေထဲတွင် တိုက်အိမ် ဆောက်သကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး ပြည်သူအားလုံးက မျှော်လင့်တောင်းတနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေး မျှော်လင့်ချက် မှာလည်း ရေထဲ အရုပ်ရေးနေသကဲ့သို့ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ပြည်သူအား လုံးက မျှော်လင့်တောင့်တနေကြသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးတွင် အဓိက တာဝန်ရှိသူ အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား မည်မျှအထိ တည့်မတ်အောင် ဆောင်ရွက်ပေးနိုင်မည်ကို ဆက်လက်စောင့် ကြည့်ရမည်ဖြစ်သည်။

ဆန်းမိုးထွန်း

 

 

Most Read

Most Recent